SJ WorldNews - шаблон joomla Авто

ဝမ်းစာရေးအတွက် သကာရှာ တမာတွေ့သည်သို့

Monday, 04 June 2018 09:17 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော လုပ်ငန်းဖြင့် မိမိတို့ဘဝ ရှင်သန်ရေးကို ကြိုးစားရုန်းကန်၍ ကျေးလက်ဒေသများ၌ အခြေချနေထိုင်ကြရာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီလုံး မနေမနား လှုပ်ရှားကြရသည်။ လောကလူသားတို့သည် လောကီရေးရာ ဓနဥစ္စာပိုင်ဆိုင်မှု မရှိကြစေကာမူ မကောင်းမှုကိုရှောင်၍   ကောင်းမှုကိုဆောင်သော ဓမ္မဥစ္စာကိုကား ပိုင်ဆိုင်အောင် ကြိုးစားကြရပေမည်။

ဓမ္မဥစ္စာဟူသည် သဒ္ဓါ၊ ဟီရိ၊ သြတပ္ပ၊ ဝီရိယ၊ ပညာတို့ဖြစ်ကြောင်း ဆက္ကနိပါတ်၊ ဓမ္မိကဝဂ်၊ ဣဏသုတ်၌ မြတ်ဗုဒ္ဓဟောကြား ဆုံးမထားသည်။ တစ်စုံတစ်ယောက်သော သူသည် မှန်ကန်ကောင်းမွန်သော ကျင့်ဝတ်လမ်းစဉ်၌ ယုံကြည်မှုသဒ္ဓါရှိခြင်း၊ မကောင်းသောပြုလုပ်မှု၌ ရှက်ကြောက်ခြင်း၊ အပြစ်မရှိ ကောင်းမြတ်စင်ကြယ်သည့် လုပ်ဆောင်ဖွယ်ရာတို့၌ အားထုတ်ကြိုးစား မှုဟူသော ဝီရိယရှိခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့် အမှားအမှန်တို့ကို  ဆင်ခြင်သိတတ်မှုဟူသော ပညာရှိခြင်းတို့နှင့်ပြည့်စုံသူ  ဓမ္မဥစ္စာရှိသူဖြစ်သည်။  ဓမ္မဥစ္စာနှင့် မပြည့်စုံသူသည် မကောင်းမှုဒုစရိုက်တို့ကို ကျူးလွန်သူပေတည်းဟူ၍ မြတ်ဗုဒ္ဓဟောကြား ဆုံးမတော်မူထားသည်။

ကမ္ဘာ့ပြည်သူတို့သည် ကိုးကွယ်ယုံကြည်မှု ကွဲပြားကြသော်လည်း ဘာသာတရား အားလုံး၏ အဆုံးအမ၌ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ကြရန် ဆုံးမထားသည့် အချက်တူညီကြသည်။

မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံ ဝင်ရောက်လာချိန်မှစ၍ ကောင်းသော လယ်လုပ်ခြင်းဖြင့် အသက်မွေးကြသူများ  လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်နေကြပြီဖြစ်သည်။  အချို့ဒေသ၌ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် အကြမ်းဖက်သောင်းကျန်းသူတို့၏ ပယောဂကြောင့် ဒုက္ခရောက်ရသူများ ရှိကြောင်း သတင်းမီဒီယာများမှ တစ်ဆင့် ကြားသိရသည်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးတို့သည် မေ ၃၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် မိုင်းနောင်ကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်တောအနီး၌ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းစဉ် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ခင်ပွန်းဖြစ်သူက နင်းမိသဖြင့် ပေါက်ကွဲရာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိသွားသည်။ အဆိုပါ မိုင်းထိလူနာအား နန့်မွန်းကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ထို့အတူ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာနေ လူငယ်နှစ်ဦးသည် မေ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ငါးရှာရန်ထွက်ခွာလာစဉ် ကျေးရွာ၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ ဒေသအခေါ် ဘန်ဂျယ်ချောင်းသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခြင်းကြောင့် မိုင်းစထိမှန် ဒဏ်ရာရရှိသဖြင့် တစ်ဦးအခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားသည်။ မိုင်းစထိမှန် ဒဏ်ရာရသူအား နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်

ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ မိုးကောင်းပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးကြသည်။ ဖားကန့်မြို့နယ် ဆည်ဇင်းကျေးရွာ ပင်းယံခရပ်ကွက်နေ အမျိုးသားနှစ်ဦးသည် မေ ၂၂ ရက် နံနက် ၇ နာရီခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဒေသအခေါ်ကညင်ပြန့်သို့ မျောတိုင်များ သွားရောက်ခုတ်ယူစဉ် ကျေးရွာမှ လေးမိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ တစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိသွားသည်။

အဆိုပါမိုင်းထိလူနာအား နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဖားကန့်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၉ ရက် ည ၁၂ နာရီခန့်တွင် ရေပူကျေးရွာရှိ နေအိမ်နှစ်လုံးအား သတင်းအရ ဝင်ရောက်ရှာဖွေကြရာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးတာဝန်ခံ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ နှစ်ဦးနှင့်အတူ ပွိုင့်-၅ ကျည်ထိပ်ဖူးခြောက်တောင့်၊ တူမီးသေနတ်နှစ်လက်၊ WY  စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ(ခန့်မှန်း တန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်)၊ SSA (ဝမ်ဟိုင်း)အဖွဲ့၏ ၁၉၉၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ လုပ်ငန်း ဆောင်ရွက်ချက်

မှတ်တမ်းစာအုပ် တစ်အုပ်၊ ၎င်းအဖွဲ့၏ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဖြန့်ဝေထားသော မဂ္ဂဇင်းစာအုပ် တစ်အုပ်၊ ရှမ်းဘာသာဖြင့် ရေးသားထားသော ဆက်ကြေးကောက်ခံသည့် စာရွက်လေးရွက်၊ ဆက်ကြေးကောက်ခံသော မှတ်တမ်းစာအုပ်တစ်အုပ်၊ ဖုန်းမှတ်တမ်း စာအုပ်တစ်အုပ်နှင့် ဆက်သွယ်ရေး အသုံးအနှုန်း စာအုပ်တစ်အုပ်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာ၌ လာရောက် အလုပ်လုပ်ကိုင်နေသည့် ကာလိုင်ကျေးရွာနေ အမျိုးသားတစ်ဦးသည် မေ ၃၁ ရက် နံနက် ၈ နာရီခန့်တွင် ပျားဖွပ်ရန်သွားရောက်စဉ် ကျေးရွာ၏အရှေ့ဘက် မီတာ ၂ဝဝဝ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိသဖြင့် ကွတ်ခိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ စံပြကျေးရွာမှ အမျိုးသားနှစ်ဦးသည် မေ ၃ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ငါးရှာရန် ထွက်ခွာလာစဉ် ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး တစ်ဦးတွင် ဒဏ်ရာရရှိသွားသည်။

မိုင်းထိလူနာအား ကျေးရွာသို့ ပြန်လည်ခေါ်ဆောင်လာစဉ် လမ်းခရီး၌ သေဆုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ ဝမ်းစာရေးအတွက် စိုက်ပျိုးမြေပြင်ဆင်သူများ၊ ငါးရှာ၊ ဖားရှာ၊ ပျားရှာသူများအတွက် လုံခြုံစိတ်ချရမှု မရှိသည့် အခြေအနေနှင့် စွန့်စားရှာဖွေရရှိထားသော ချွေးနှဲစာကိုပင် အကြောက်တရားဖြင့် ဆက်ကြေးပေးနေရသော တိုင်းရင်းသား ပြည်သူတို့ဘဝမှာ  သကာရှာ တမာတွေ့နေကြရသည်ဖြစ်ရာ သက်ဆိုင်သူများက လူသားဆန်သော ဆင်ခြင်သိတတ်မှု ပညာဖြင့် ပြည့်စုံကြရန် လိုအပ်လှပေသည်။     

Read 336 times Last modified on Monday, 04 June 2018 09:18