SJ WorldNews - шаблон joomla Авто

ပြိုင်တူကျတဲ့မျက်ရည် အခြေချင်းတော့မတူပါလေ

Tuesday, 05 June 2018 08:27 font size decrease font size decrease font size increase font size increase font size

ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနသည် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် အောင်စာရင်းများအား ဇွန် ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း အောင်မြင်ကြောင်း  သိရသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ စာစစ်ဌာနပေါင်း ၁၇၂၇ ခုတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၈၉၈၄၅ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြပြီး ၂၅၉၁၉၁ ဦး အောင်မြင်ခဲ့သူများမှ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူပေါင်း ၇၅၇၅၆ ဦးရှိသည်။ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများမှ ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ ၇၁၆ ဦး၊ ငါးဘာသာ ဂုဏ်ထူးရရှိသူ  ၁၉၈၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိသူ ၃၈၉ဝ ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ ၆၇၉၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ ၁၂ဝ၅၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ၅ဝ၃၁၈ ဦး အသီးသီးရှိကြသည်။

တစ်ပြည်လုံးတွင် ဘာသာတွဲအလိုက် ပထမရရှိကြသူများမှာ သိပ္ပံဘာသာတွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ မသင်းမြနွေးက စုစုပေါင်းရမှတ် ၅၅၃ မှတ်၊ဝိပ္ပံဘာသာတွဲတွင်  ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ကျော်လင်းပိုင်က စုစုပေါင်းရမှတ် ၅၁၄ မှတ်၊ ဝိဇ္ဇာဘာသာတွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ငပိဆိပ်)မှ မောင်စိုးသက်က စုစုပေါင်းရမှတ် ၄၉၂ မှတ်ဖြင့်အသီးသီးရရှိကြသည်။ တစ်ပြည်လုံးတွင် စုစုပေါင်း ရမှတ်အများဆုံး ရရှိသူများမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ မသင်းမြနွေးက စုစုပေါင်းရမှတ် ၅၅၃ မှတ်၊ မစုရည်ဝင်းက စုစုပေါင်းရမှတ် ၅၅၂ မှတ်၊ မစုနေခြည်မိုးက စုစုပေါင်းရမှတ် ၅၅၁ မှတ် အသီးသီး ရရှိကြသဖြင့် ပထမ၊ ဒုတိယ၊ တတိယ အမှတ်အများဆုံး ရရှိသူများဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်းကို ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ်အလိုက်နှိုင်းယှဉ်ကြည့်ပါက ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ၃ဝ ရာခိုင်နှုန်းကျော် အသီးသီးရှိကြရာ ၂ဝ၁၅ ခုနှစ် တွင် ၃၇ ဒသမ ၆ဝ ရာခိုင်နှုန်းဖြင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းသို့ နိမ့်ကျသွားကြောင်း တွေ့ရသည်။ ၂ဝ၁၇ ခုနှစ် အောင်ချက် ရာခိုင်နှုန်းမှာ ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းသို့ တိုးတက်လာရာမှ ၂ဝ၁၈ ခုနှစ်တွင် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းသို့ နိမ့်ကျသွားသည်။ အခြေခံပညာကျောင်း သင်ရိုးညွှန်းတမ်းများကို အလွတ်ကျက်ပညာရေးစနစ်မှ အတွေးအခေါ် ပညာရေးစနစ်သို့ ကူးပြောင်းမည့်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် သင်ကြားပေးသူနှင့် သင်ယူသူတို့ ဟန်ချက်ညီကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ရာ နှစ်အလိုက် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်း အနိမ့်၊ အမြင့်ကို အလေးထားရန် လိုမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသူများတွင် ကျောင်းတွင်းပညာရေးဖြင့် ဝင်ရောက်ဖြေဆိုကြသူများ၊ ကျောင်းပြင်ပပညာရေးဖြင့် ဝင်ရောက်ဖြေဆိုကြသူများဟူ၍ နှစ်မျိုးနှစ်စားရှိကြသည်။ စာမေးပွဲ ဝင်ရောက်ဖြေဆိုကြရာတွင် မည်သည့်ပညာရေးဖြင့် ဝင်ရောက်ဖြေဆိုကြသည်ဖြစ်စေ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီးလျှင် ရှေ့ဆက် သင်ယူကြမည့် ရည်ရွယ်ချက်နှင့် ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်စေရန် ဟူသော ရည်ရွယ်ချက်တို့ မတူညီကြသဖြင့် ပြင်ဆင်မှုအပိုင်းမှာလည်း ကွာခြားကြသည်။

မိမိတို့ရည်ရွယ်ချက် အသီးသီးသို့ ပေါက်မြောက်ရန် တတ်နိုင်သည့် ဓနအင်အား၊ ဖြစ်နိုင်သည့် အခြေအနေတို့အပေါ် မူတည်၍သာ ကြိုးစားအားထုတ်ကြရခြင်း တို့သည် ရလဒ်ခြင်း မတူညီသည့် အကြောင်းတရားများ ဖြစ်သည်ဟု ဆိုနိုင်သည်။

ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက် ဖြေဆိုကြသူများမှ ရလဒ်ကောင်းသူတို့ ပျော်ရွှင်ကြသော်လည်း ရလဒ်မကောင်းသူတို့ ပျော်ရွှင်ကြမည် မဟုတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် စာမေးပွဲအောင်သူများက သင့်လျော်ရာ အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူကြရန် ခြေလှမ်းအစသာ ရှိသေးသကဲ့သို့ စာမေးပွဲမအောင်မြင်သူများကလည်း ပညာလိုလားသော စိတ်အား ထက်သန်မှုဖြင့် နောက်တစ်ကြိမ် ပြန်လည်ဖြေဆိုရန် ယခင်နှစ်ကထက်ပိုသော လုံ့လ၊ ဝီရိယ စိုက်ထုတ်ကြရန်ဖြစ်သည်။ မြန်မာတို့ ဆိုရိုးစကားတွင် ''တစ်နေ့တစ်လံပုဂံဘယ်ရွေ့''ဟု ဆိုထားသည်။ ရည်ရွယ်ချက်ဖြင့် ရုန်းကန် လှုပ်ရှားနေရသော လူတို့ဘဝတွင် ရောက်သည့်နေရာရပ်နေခြင်းဖြင့် မတိုးတက်နိုင်သည်ကို အမြဲသတိရှိကြရမည် ဖြစ်သည်။ အင်္ဂလိပ်စကားပုံတွင် အသက်မရှိသော ငါးသည်သာ ရေစုန်မျော လိုက်ပါသွားတတ်သည် (Only death fish swim with the stream)ဟု ဆိုထားသည်။

သို့ဖြစ်၍ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ ဝမ်းသာလွန်း၍ မျက်ရည်လည်ကြသည်။ မအောင်မြင်သူများ ဝမ်းနည်း၍ မျက်ရည်မဆည်နိုင်ဖြစ်ကြရသည်။ အောင်သူရောရှုံးသူပါ ပြိုင်တူကျသည့် မျက်ရည်တို့သည်  အခြေအနေချင်း မတူညီကြစေကာမူ  သက်ရှိလူသားတို့ စိတ်နှလုံးဝယ် မိမိသည်  ရှေ့မရောက် နောက်မဆုတ်  တုပ်တုပ်မျှမလှုပ်သော ကျောက်ရုပ်မဟုတ်ကြောင်းကိုကား အလေးအနက် ထားကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 369 times Last modified on Tuesday, 05 June 2018 08:28