SJ WorldNews - шаблон joomla Авто

ရပ်ရွာငြိမ်းအေး ရည်မျှော်တွေး ဆွေးနွေးကြရန် နည်းလမ်းမှန်

Wednesday, 06 June 2018 12:10 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးသည်   ရပ်ကွက်နှင့် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် မူတည်သည်။

ရပ်ကွက်နှင့်ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူတစ်ဦးချင်း၏ မှန်ကန်အကျိုးရှိသော အတွေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်မှု အပေါ် မူတည်သည်။ ပြည်သူတို့အတွင်း မှန်ကန်အကျိုးရှိသော အတွေးအမြင် ပွားများစေရန် ရည်ရွယ်သော ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပကြသည့် သတင်းများကို  စဉ်ဆက်မပြတ် ကြားသိရသည်မှာ ပြည်သူတို့အတွက် အကြားအမြင်များသောသူ၏ အဖြစ်ကိုရရှိစေနိုင်သည့် ဗာဟုဿစ္စ မင်္ဂလာနှင့် ညီညွတ်ကြပေသည်ဟူ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ နောင်လိုင်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစကားဝိုင်း ဆွေးနွေးပွဲကို ဇွန် ၂ ရက်ကကျင်းပရာ ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး၊ ပြင်ဦးလွင်မြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတို့ တက်ရောက်၍ ဌာနဆိုင်ရာအလိုက် ပြည်သူသိသင့်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျေးရွာပြည်သူများက မိမိတို့ကျေးရွာအလိုက် လိုအပ်ချက်များကို ဆွေးနွေးကြရာ နောင်လိုင်ကျေးရွာ ပြည်သူတစ်ဦးက မိမိတို့ကျေးရွာ၌ ယခုလက်ရှိအချိန်တွင် ကိုယ်ထူကိုယ်ထလမ်း ဖောက်လုပ်နေမှုအပေါ် ဖြည့်စွက်ပူးပေါင်း ဆောင်ရွက် အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ကျေးရွာပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင် စားသောက်ရသည့်အတွက် စိုက်ပျိုးရေး ချေးငွေများ ပိုမိုရရှိရေးတို့ကို ဆွေးနွေးသည်။ ကြက်တက်ကျေးရွာမှ ပြည်သူတစ်ဦးက ကုန်ထုတ်လုပ်ငန်း အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေးကို ဆွေးနွေးပြီး  မှိုင်းလုံးကျေးရွာ ပြည်သူတစ်ဦးကမိမိတို့ကျေးရွာနှင့် အခြားကျေးရွာများအတွက် ကျေးလက်ဆေးပေးခန်း ထားရှိရေးကို   ဆွေးနွေးကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တံခါးမကျေးရွာ၌ မေ ၂၉ ရက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရာ   ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊    မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ဒုတိယတပ်ဖွဲ့မှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများက မိမိတို့ကျေးရွာများအတွက် ကျေးလက်ကုန်ထုတ်လမ်း ရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ မြေသားမိုးရေလှောင်ကန် လိုအပ်ချက်၊ ကျန်းမာရေးအတွက် လိုအပ်ချက်နှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို မေးမြန်းကြရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက်လိုအပ်သော    အခြေခံ အဆောက်အဦများကို   သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့က ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ် မူတည်၍ တည်ဆောက်ပေးလျက် ရှိသကဲ့သို့ ဒေသခံပြည်သူများကလည်း ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြသော လုပ်ငန်းများ၊ အစိုးရထောက်ပံ့ငွေနှင့် ဒေသခံပြည်သူတို့ ထည့်ဝင်ငွေ သို့မဟုတ် စေတနာရှင်ပြည်သူတို့၏ လှူဒါန်းငွေတို့ ပေါင်းစပ်ထားသော ရန်ပုံငွေဖြင့် တည်ဆောက်သော လုပ်ငန်းများ အသီးသီး ရှိကြောင်း တွေ့ရသဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်ချက်များ အနှေးနှင့်အမြန် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျေးရွာအရောက်ဆင်း၍ စကား ဝိုင်းဆွေးနွေးပွဲများကျင်းပခြင်းဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးမှု ပိုမိုလျင်မြန်နိုင်ဖွယ် အကြောင်းရှိသည်ဟု မျှော်လင့်ရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်အဖြစ်ပါဝင်သော တရားဥပဒေ စိုးမိုးရေးသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်သော ကိစ္စတစ်ရပ်ဖြစ်သဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းနှင့်သက်ဆိုင်သော စကားဝိုင်းဆွေးနွေးပွဲများ၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး စကားဝိုင်း ဆွေးနွေးပွဲများ၊ လူ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ပြစ်မှုကျူးလွန်မှုများ ပပျောက်ရေး စကားဝိုင်း ဆွေးနွေးပွဲများကို ယခုထက်ပိုမိုကျယ်ပြန့်စွာ ကျင်းပပေးရန်လိုသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း တိုးမြှင့်ဆောင်ရွက် ကြရမည်ဖြစ်သည်။ သို့မှသာ ရပ်ကွက်နှင့်ကျေးရွာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှုမှ တစ်ဆင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။         

Read 308 times Last modified on Wednesday, 06 June 2018 12:11