SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ယာဉ်အန္တရာယ် ကင်းရှင်းမှု အစဉ်သတိပြု

Thursday, 07 June 2018 09:42 font size decrease font size decrease font size increase font size increase font size

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုသတင်းများကို နေ့စဉ်ကြားသိနေရ သည်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် ကုန်းညာကျေးရွာ မြစ်ရေတင် စီမံကိန်း အနီး မန္တလေး-မုံရွာ-ရွှေဘိုကားလမ်း မိုင်တိုင်အမှတ်(၂၃/၁)နှင့် (၂၃/၂)ကြားတွင် ဇွန် ၅ ရက် နံနက် ၁၁ နာရီခွဲက နစ်ဆန်းယာဉ် အမျိုးအစား ခြောက်ဘီးယာဉ် တစ်စီးက တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး လိုက်ထရပ်ယာဉ် တစ်စီးကို မျက်နှာချင်းဆိုင် ဝင်တိုက်မိသဖြင့် လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးငါးဦး သေဆုံးသွားပြီး ကိုးဦးဒဏ်ရာ ရရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အတွင်း ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် ဟွန်ဒိုင်းအနီရောင် ဘတ်စကား အငှားယာဉ်သည် ဇွန် ၃ရက် ညဥ့်သန်းခေါင်ကျော် ဇွန် ၄ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ဆပ်သွားတောကျေးရွာအရောက်၌ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော တိုယိုတာ ဟိုင်းလတ်ကုန်စိမ်းတင် ယာဉ်အား တိုက်မိသဖြင့် ယာဉ်နှစ်စီးစလုံး ပျက်စီးသွားသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဟွန်ဒိုင်းအနီရောင် ဘတ်စကား အငှားယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိသဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်၌ သေဆုံးသွားသည်။ တိုယိုတာဟိုင်းလတ် ကုန်စိမ်းတင်ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားသုံးဦးမှာ ခေါင်းပြတ်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားကြသည်။ ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိကြသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသမှု ခံယူနေကြောင်း သိရသည်။ မကွေးတိုင်း ဒေသကြီး သရက်ခရိုင်အတွင်း သရက်-ကံမသွားကားလမ်း မိုင်တိုင်အမှတ်(၄/၇)အနီးရှိ ရေပုတ်တောင်အတက် ဇွန် ၃ ရက် ည ၇ နာရီခွဲတွင် နတ်တလင်းမြို့မှ သရက်မြို့သို့ မောင်းနှင်လာသည့် ကင်တာအဖြူရောင် ခြောက်ဘီးယာဉ်သည် ဂီယာပြုတ်ပြီး နောက်ပြန်လျှောကျရာမှ လမ်း၏ဝဲဘက်ရှိ သစ်ပင်ကို နောက်ဘီးဖြင့် တိုက်မိသဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည့် အပြင် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရ (စိုးရိမ်ရ)သဖြင့် သရက်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက်၌ ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် ရွှေပြည်အေးလမ်းမှ ထွက်လာသော ဆိုင်ကယ်သည် တန်ဖိုးနည်း အိမ်ရာအနီး စက်မှုလမ်းမပေါ် အတက် နေရာရောက်ရှိစဉ် ပုလဲလမ်းဆုံဘက်မှ ကန်သာယာလမ်းဆုံ ဘက်သို့ စက်မှုလမ်းအတိုင်း မောင်းနှင်လာသည့် ပဲခူး-ရန်ကုန်ပြေးဆွဲနေသော မီနီဘတ်စကားနှင့် တိုက်မိသဖြင့် ဆိုင်ကယ်လွင့်စဉ်သွားပြီး ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦး ဦးခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။ နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်အတွင်း ဇွန် ၄ ရက် နံနက် ၆ နာရီက ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း ဘောဂသီရိ ကားဝင်းဘက်မှ ပင်လောင်းလမ်းဆုံ ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီး ဆီသယ်ယာဉ်သည် ညာဘက်ရှေ့ဘီးလေးဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့တွင် လမ်းလျှောက်နေသော အမျိုးသမီး နှစ်ဦးအား ဝင်တိုက်မိသဖြင့် ယာဉ်တိုက်ခံရသူ အမျိုးသမီးနှစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်စိုက်ခြံ အနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၇၂/၆)နှင့် (၃၇၂/၈)အကြား၌ ဇွန် ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်သည် ရှေ့တွင်မောင်းနှင်နေသော ယာဉ်အမှတ်နှင့် အမျိုးအစား စုံစမ်းဆဲယာဉ်ကို နောက်မှ ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူမှာ ယာမျက်ခုံးပေါက်ပြဲ၊ ယာမျက်စိညိုမည်း၊ လည်ပင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် မန်ဟဲကျေးရွာအုပ်စု နားခဲကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်(၁၂၄/၄)နှင့် (၁၂၄/၅)အကြား၌ ဇွန် ၃ ရက် နံနက် ၄ နာရီခွဲတွင် လားရှိုးမှ မန္တလေးသို့ ဆင်းလာသော ဆိုင်ကယ်သည် မန္တလေးမှလားရှိုးသို့ ကုန်များ တင်ဆောင်မောင်းနှင်လာသော ခြောက်ဘီးယာဉ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး နောက်မှ လိုက်ပါလာသူမှာ ဒဏ်ရာများ ရရှိသဖြင့် သီပေါပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ အထက်ပါ ဖြစ်စဉ်များတွင် မော်တော်ယာဉ်နှစ်စီး တိုက်မိသဖြင့် သေဆုံးသူ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ် တိုက်မိသဖြင့် သေဆုံးသူ၊ လမ်းလျှောက်နေသူကို မော်တော်ယာဉ်က ဝင်တိုက်သဖြင့် သေဆုံးသူ၊ ယာဉ်မောင်း မကျွမ်းကျင်သဖြင့် ယာဉ်ပေါ် လိုက်ပါလာသူများ သေဆုံးရသူဟူ၍ တွေ့ရသည်။ မည်သို့ ဆိုစေ မော်တော်ယာဉ် မောင်းသူများ အနေဖြင့် ယာဉ်မောင်းကျွမ်းကျင်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု၊ ယာဉ်မထွက်ခွာမီ ယာဉ်ကြံ့ခိုင်ရေးကို ဂရုတစိုက် စစ်ဆေးကြည့်ရှုမှု၊ မိုးတွင်းကာလ ဖြစ်သဖြင့် ယာဉ်မောင်းနေစဉ် အာရုံစူးစိုက်မှုနှင့် လျင်မြန်ဖျတ်လတ်မှုတို့ ရှိကြရန် လိုမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 394 times Last modified on Thursday, 07 June 2018 09:43