SJ WorldNews - шаблон joomla Авто

ကျားပရိယာယ် အလွန်ကြွယ် အစွယ်ကောင်းနှင့် အခြောက်နှင့်

Wednesday, 30 August 2017 08:33 font size decrease font size decrease font size increase font size increase font size

သံသရာတည်းဟူသော အဆိပ်ပင်ကြီး၌ အရသာရှိသော အသီးနှစ်လုံးသာလျှင် သီးလေသည်။ ယင်းတို့ကား ကဗျာကျမ်းတည်းဟူသော အမြိုက်အရသာကို ခံစားရခြင်း၊ သူတော်ကောင်းတို့နှင့် မိတ်ဖွဲ့ပေါင်းခြင်းတို့ဖြစ်လေသည် ဟူ၍ ဟိတောပဒေသ၌ ပြဆိုထားသည်။

မြန်မာစာပေပညာရှင်ကြီး ဆရာဇော်ဂျီသည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် ထိန်းသိမ်း ကာကွယ်ကြရန် ''ပြည်ချစ်အလှ''ကဗျာဖြင့် မှာထားခဲ့သည်။

ပြည်ချစ်အလှကဗျာ၌ မလွတ်လပ်သောနိုင်ငံနှင့် မလွတ်လပ်သော နိုင်ငံသားတို့ဘဝမှ လွတ်မြောက်အောင် ကြိုးပမ်းနေကြချိန်တွင်မှ မွေးဖွားကြသော လူငယ်တို့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်းကာကွယ်ကြရမည့် တာဝန်ကိုယ်စီရှိကြလေရာ မည်သည့်အခန်းကဏ္ဍ၌ တာဝန်ယူကြမည်နည်း ဟူသောမေးခွန်း ထုတ်ထားသည်မှာ ''ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်း၏သားငယ်၊ သမီးငယ် သည်၊ ဘယ်တာဝန်ကို ယူမည်နည်း။ သူတို့ဖွားစ၊ သခင်ဘဝတည့်၊ ရခဲ့အောင်ဆု၊ ပြည်ထောင်စုတည့်၊ သူ့အလံနှင့် သီချင်းနှင့်''ဟူ၍ ဖြစ်သည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၌ ရှေးပဝေသဏီမှစ၍ ဥမကွဲသိုက်မပျက် နေထိုင်လာကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ တစ်စိတ်တစ်ဝမ်းတည်း နေထိုင်ကြမည် ဟူသော သန္နိဋ္ဌာန် ချမှတ်ခဲ့ကြပြီး နိုင်ငံတော်ကို ပြည်ထောင်စုအဖြစ် ဖွဲ့စည်းသည့် အထိမ်းအမှတ် နိုင်ငံတော်အလံ မိုးယံလွှင့်ထူနိုင်ရေးနှင့် ''ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ ဒါတို့ပြည်  ဒါတို့မြေ  တို့ပိုင်နက်မြေ'' ဆိုသည့် နိုင်ငံတော်သီချင်းကို ထာဝရသီဆိုကြွေးကြော်နိုင်အောင် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်၍ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ထိန်းသိမ်း ကာကွယ်ကြရန် တာဝန်ကိုယ်စီ ရှိကြသည်။

ဤသို့ကာကွယ်ကြရာတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့တို့၏ ပရိယာယ်ကို ကာကွယ် တားဆီးနိုင်ကြစေရန် အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားနားလည်သော ဆင်ခြင်တုံတရား ရှိကြရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုအရေးကို အစဉ်ရှေးရှုသော အတွေးအမြင် ရှင်သန်ကြရန် လိုကြောင်းကိုလည်း   သတိပေး နှိုးဆော်ထားသည်မှာ ''ကျားဆိုးမဝင်၊ စည်းရိုးပြင်လော့၊ ဆင်ခြင်သတိ၊ အစောင့် ရှိလော့၊ ကျား၏ပရိယာယ်၊ အလွန်ကြွယ်သည်၊ အစွယ်ကောင်းနှင့်အခြောက်နှင့်။ ကျားဆိုးမလာ၊ တားဆီးရာဝယ်၊ ပညာလုပ်အား၊ မှန်တရားသည်၊ ပြည့်အားစစ်စစ်၊ ပြည့်အနှစ်ဟု၊ ပြည်ချစ်စိတ်နှင့် အမြင်နှင့်''ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကြာအောင် တိုက်ယူခဲ့ရပြီး မျိုးချစ်တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်သားတို့၏ အသက်ခန္ဓာ သွေးချွေးများ၊ တိုင်းရင်းသားပြည်သူတို့၏ သွေးမျက်ရည်များဖြင့် စတေးပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့မြင်တွေ့နေရသော ပြည်ထောင်စု

ကြီးအတွင်းရှိ အသီးအပွင့်တို့သည် လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်သွားကြသူ မျိုးချစ်ပုဂ္ဂိုလ်တို့၏ အသွေးအသားနှင့် အရိုးစုတို့မှဖြစ်သော မြေဆီလွှာ၌ ပေါက်ရောက်နေကြသော အပင်များကို အသက်မသေ ကျန်ရစ်သူမျိုးချစ် ပုဂ္ဂိုလ်များနှင့် အမွေဆက်ခံသူတို့၏ သွေးချွေးနှင့်လောင်းရာမှ ပွင့်သီးလာကြသည့် အသီးအပွင့်တို့ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပါ။ ထို့ကြောင့် ဆရာဇော်ဂျီက လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် မင်း၏သားငယ်၊ သမီးငယ်သည် ဘယ်တာဝန်ကို ယူမည်နည်းဟု မေးမြန်းထားခြင်း ဖြစ်သည်။

ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်တို့ကို နိုင်ငံတော်အစိုးရအဖွဲ့၊ လွှတ်တော်များ၊ ပြည်သူများ ပါဝင်သော နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တပ်မတော်တို့ ပူးပေါင်း၍ မှန်ကန်သော စေတနာထားကာ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး သတိတရားဖြင့် ထိန်းသိမ်းကာကွယ် ကြရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံ လိုအပ်ချက်များမှာ ဘေးအန္တရာယ်ရောက်အံ့ အခြေအနေကိုသော် လည်းကောင်း၊ လမ်းမှားသို့ ရောက်နေသည့်အခါ၌ လည်းကောင်း မမေးမြန်းသော်လည်း အများအကျိုး လိုလားသည့်စေတနာကောင်းဖြင့် အကြံပေးစကား ပြောကြားရမည်ဖြစ်သည်။ ဤအခြေခံလိုအပ်ချက်ကိုပင် ယနေ့ခေတ်စကားနှင့် ဆိုရသော် သတင်းဖလှယ်ခြင်းဟု ဆိုနိုင်သည်။ မိတ်ဆွေနှင့်ရန်သူကို ခွဲခြားရန်မှာ ကျေးဇူးပြုမှု၊ ကျေးဇူးမဲ့မှုတို့ကို သိမြင်အောင်ကြည့်ရှုဝေဖန် ဆုံးဖြတ်တတ်ရမည်ဖြစ်သည်။

သို့ဖြစ်၍ တိုင်းရင်းသားပြည်သူအပေါင်းတို့ ကျားပရိယာယ်မှ လွတ်မြောက်ကြစေရန် တရားဓမ္မလမ်းကြောင်း ရှေ့သွားပြုလျက် အရှင်သခင်ကြိုက်၊ မကြိုက်ကို ပဓာနမထားဘဲ အကျိုးစီးပွားများမည့် အချက်ကို ဆိုရသော် ရွှေချည်ငွေချည် တန်းထားသော ပိုက်ကွန်ကိုလည်းကောင်း၊ ကျောက်သံပတ္တမြား စီခြယ်ထားသော ကတ္တီပါ ကော်ဇောခင်းထားသည့် လှောင်ချိုင့်ကို လည်းကောင်း မတိုးမိ မဝင်မိစေရန် ပညာဖြင့် ချင့်ချိန်ကြရမည့် အချိန်ဖြစ်သည်ဟု မြဝတီက သတိပေးစကား ပါးလိုက်ရပါသည်။ 

Read 718 times Last modified on Wednesday, 30 August 2017 08:35