SJ WorldNews - шаблон joomla Авто

စပါးကရွှေ ငါးကငွေ နှစ်ထွေစီးပွား လယ်ကွင်းများ

Thursday, 31 August 2017 08:38 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမိုးတွင်းကာလ၌ မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးမျိုးစိုက်ထည့်သည့် လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ

တောင်ငူခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တောင်ငူမြို့နယ် ဆိတ်ဖူးတောင် ကျေးရွာအုပ်စုရှိ ဧက ၁ဝဝ စပါး စိုက်ခင်းအတွင်း သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ငါးခုံးမကြီးကောင်ရေ  ငါးသောင်းကျော်စိုက်ထည့်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့်ပြုလုပ်သော ငါးမျိုးစိုက်ထည့်ရာတွင် ချင်းတွင်းမြစ်အတွင်းသို့ ထိုင်းငါးခုံးမကြီးကောင်ရေ   တစ်သိန်းခွဲနှင့် ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းခွဲ စုစုပေါင်း ငါးသားပေါက်ကောင်ရေ လေးသိန်းကို မုံရွာမြို့ ကျောက်ဆောင်ဆိပ်၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက စိုက်ထည့်ခဲ့သည်။ အဆိုပါ ငါးသားပေါက်များကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နှင့် ရေဦးမြို့တို့၌ရှိသော ငါးသားဖောက်စခန်းများမှ ငါးများမှာယူ၍ စိုက်ထည့်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း ချင်းတွင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့သည့် ကောင်ရေ စုစုပေါင်း ခုနစ်သိန်း ရှိသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုရှိ တောင်ရေကန်အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ကောင်ရေ ရှစ်သောင်း၊ ငါးခုံးမကောင်ရေ ငါးသောင်းနှင့် တီလားဗီးယားကောင်ရေ ငါးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းရှစ်သောင်းကို မတ္တရာမြို့နယ် ရေနံ့သာငါးလုပ်ငန်းစခန်းမှ မှာယူစိုက်ထည့်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ထိုင်းငါးခုံးမ ကောင်ရေ သုံးသိန်းကျော်ကို ဧရာဝတီမြစ် အတွင်းသို့ သြဂုတ် ၂၄ ရက် နံနက်ပိုင်းက စိုက်ထည့်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်  အနောက်ဘက်ကျေးရွာရှိ မဒေါက်ကလေး တံတားထိပ်မှ  သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ တစ်သိန်းခွဲနှင့် ငါးခုံးမကြီးကောင်ရေ တစ်သိန်းခွဲ စုစုပေါင်းငါးသားပေါက် ကောင်ရေ သုံးသိန်းကို မြို့နယ်အစီအစဉ်ဖြင့် သြဂုတ် ၂၄ ရက် နံနက်ပိုင်းက စိုက်ထည့်ပေးခဲ့ကြသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မိုးမောက်ချောင်းနှင့် ကျောက်စခန်းကွင်းရှိ စပါးခင်းများအတွင်းသို့ ရွှေဝါငါးကြင်းကောင်ရေ နှစ်သောင်း၊ ငါးခုံးမကောင်ရေ သုံးသောင်း၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းခွဲကို ဗန်းမော်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် မိုးမောက်မြို့နယ် ဌာနဆိုင်ရာတို့၏ အစီအစဉ်ဖြင့် သြဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် စိုက်ထည့်ပေးခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနသည် ပြည်တွင်းစားသုံးမှု အတွက် ဒေသအလိုက် ငါးသယံဇာတများ ပေါကြွယ်ဝရေးနှင့် ရေရှည်တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးမျိုးစိုက်ထည့်ခြင်း၊ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်း တို့ကို နှစ်စဉ် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုး သားဖောက် ရက်တိုသင်တန်းများကိုလည်း ဒေသအလိုက် အခါအားလျော်စွာ ဖွင့်လှစ်သင်ကြား  ပေးလျက်ရှိသည်။

ကမ္ဘာ့ပြည်သူများအတွက် သားငါးကဏ္ဍ၌ ငါးစားသုံးမှု ပမာဏအများဆုံး ပါဝင်သည်။ ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှု ကွန်ဖရင့် (UNCTAD) ၏ခန့်မှန်းချက်အရ ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလီယံရှိလာမည် ဖြစ်သဖြင့် ငါးစားသုံးမှု ပမာဏသည်လည်း ယခုထက် ပိုမိုများပြားလာမည်ဖြစ်ရာ အာဖရိကတိုက်နှင့် အာရှတိုက်တို့မှ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများရှိပြည်သူများအတွက် ငါးမွေးမြူရေး လုပ်ငန်းမှ ထုတ်လုပ်မှုနှင့် စားသုံးမှု မျှခြေရှိအောင် ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းထားသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်မှုမြင့်တက်လာခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ၏ ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်းသိရသည်။

ငါးမွေးမြူထုတ်လုပ်ရေး လုပ်ငန်းသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး နိုင်ငံခြားငွေ ရရှိနိုင်သည့်အပြင် ငါးစားသုံးခြင်းဖြင့် ပြည်သူများ အတွက် ပရိုတိန်းဓာတ်ကြွယ် ဝစေသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော နိုင်ငံများအတွက် ရိက္ခာဖူလုံမှုကိုပါ အထောက်အပံ့ ရစေမည်ဖြစ်သည်။ ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးမှုကွန်ဖရင့်သည် ဖွံ့ဖြိုးမှုနောက်ကျနေသေးသော ၄၇ နိုင်ငံကို လေ့လာတွေ့ရှိချက်အရ ကမ္ဘောဒီးယား၊ကိုမိုရို့စ်၊ မိုဇမ်ဘစ်၊ မြန်မာနှင့် ယူဂန္ဓာနိုင်ငံတို့တွင် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

သို့ဖြစ်၍  မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းတို့သည် ဒေသအလိုက် စားသုံးမှုကို အထောက်အကူ ပြုသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်လေ ပြည်သူများအတွက် ပိုမိုအကျိုးရှိလေ လုပ်ငန်းဖြစ်သည်ဟု မြဝတီက ရှုမြင်ရပါသည်။   

Read 697 times Last modified on Thursday, 31 August 2017 08:39