SJ WorldNews - шаблон joomla Авто

တောတိုးချုံဝင် မြင်လေသမျှ ငွေလောဘနှင့်

Friday, 01 September 2017 08:40 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ် ဧပြီ ၂၂ ရက်တွင် ကျရောက်ခဲ့သော  အပြည်ပြည်ဆိုင်ရာ အမိမြေနေ့တွင် ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း အထွေထွေအတွင်းရေးမှူးက အမှာစကား ပြောကြားရာ၌  ကျွန်ုပ်တို့အားလုံး မှီခိုနေထိုင်နေသော ကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရန် ရာသီဥတု၊  ဇီဝမျိုးစုံမျိုးကွဲများ၊  သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို သိရှိနားလည်ရန် လိုအပ်ပါသည်။

အကြောင်းအရာ နယ်ပယ်တစ်ခုနှင့် ပတ်သက်၍ ကျွမ်းကျင်နားလည်မှု ရှိခြင်းဖြင့် တွေးခေါ်ယူဆချက်များ ရှိလာပြီး အပြန်အလှန်ဆွေးနွေး အဖြေရှာကြခြင်း မည်သို့လုပ်ဆောင်ရမည်ကို နားလည်မည်ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  သစ်တောဦးစီးဌာနသည် သဘာဝဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်တိုင်အောင် တရားမဝင် သစ်ထုတ်လုပ်သူများ၊ တောရိုင်းတိရစ္ဆာန်များကို တရားမဝင် သတ်ဖြတ်သူများ ရှိနေသေးကြောင်း နေ့စဉ်သတင်းများအရ ကြားသိနေကြရသည်။ သစ်မျိုးစုံကို သယ်ယူသည့်နည်းမျိုးစုံ၊ ယာဉ်မျိုးစုံဖြင့် တရားမဝင် သယ်ဆောင်လာကြသည်ကို ဖမ်းဆီးရမိသည့် သတင်းများမှာ နေ့စဉ်တွေ့နေရသောကြောင့် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ရမည်ကဲ့သို့ ဖြစ်နေသည်။ ထိုအခြေအနေများ၌ ကြိုဆိုရမည့် သတင်းတစ်ပုဒ်တွေ့လိုက်ရသည်မှာ  မကွေးတိုင်းဒေသကြီး  တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် တရားမဝင် အသုံးပြုလျက်ရှိသော လိုင်စင်မဲ့ လက်ကိုင် လွှစက်များကို သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ စုပေါင်းအပ်နှံကြသည့် သတင်းဖြစ်သည်။

ကျေးရွာပြည်သူများ အနေဖြင့် တရားဝင်လက်ကိုင်လွှစက် အသုံးပြုလိုပါက သစ်တောဦးစီးဌာနသို့ လျှောက်ထားရန်ဖြစ်ပြီး လျှောက်ထားသူများအား အနည်းဆုံးပမာဏကို ခွင့်ပြုပေးမည်ဖြစ်သကဲ့သို့ သာရေး၊ နာရေး၊ သဘာဝဘေးအန္တရာယ်နှင့် အမှန်တကယ် လိုအပ်နေသည့် လူမှုကူညီရေး အသင်းများအတွက် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းစိစစ်ပြီး အနည်းဆုံးပမာဏကို ခွင့်ပြုပေးမည်ဖြစ်သည်။ တရားမဝင် လက်ကိုင်လွှစက် ကိုင်ဆောင်သူကိုတွေ့ရှိပါက လွှတ်တော်သို့တင်ပြထားသည့် ဥပဒေအတည်ပြုပြီးချိန်တွင် ထောင်ဒဏ်ငါးနှစ်မှ ၁ဝ နှစ်အထိ အရေးယူအပြစ်ပေး ခံရဖွယ်ရှိကြောင်းနှင့် တရားဝင်လွှစက် ကိုင်သူများအနေဖြင့်လည်း သတ်မှတ်ချက်များကို မလိုက်နာပါက ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်ကျပ်တစ်သောင်း ပေးဆောင်ရန် အရေးယူအပြစ်ပေး ခံရဖွယ်ရှိကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်အရသိရသည်။

တောရိုင်းတိရစ္ဆာန်များကို တောလိုက်မုဆိုးများက တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် သယ်ဆောင်ခြင်း စသည့် သတင်းများကိုလည်း တွေ့ရသည်။ ပဲခူး တိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ်အတွင်း ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဇရပ်တစ်ခု၌ ဆိုင်ကယ်သုံးစီးဖြင့်အထုပ်များ တင်ဆောင်ပြီးနားနေသည့် လူငါးဦးကို နယ်မြေခံရဲတပ်ဖွဲ့က ရှာဖွေရာမှ ပြောင်ချိုပါခေါင်းရှစ်ခုနှင့် စိုင်ချိုပါခေါင်းနှစ်ခု သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေထိန်းသိမ်းရေး ဥပဒေဖြင့် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနက အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကျက်စားသော တောဆင်ရိုင်းများအား ဆင်မုဆိုးများက တရားမဝင် သတ်ဖြတ်သည့် သတင်းများလည်း တွေ့ရသည်။ ဆင်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသော တောဆင်ရိုင်းကောင်ရေသည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ၁၃၃ ကောင်ရှိပြီး ၂ဝ၁၇ ခုနှစ်အတွင်း သြဂုတ်လလယ်အထိ တောဆင်ရိုင်းကောင်ရေ ၃ဝ အသတ်ခံရသည့်အနက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ၁၄ ကောင် သတ်ဖြတ်ခံရကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ သဘာဝနယ်မြေ ၃၉ ခုရှိသည့်အနက် အချို့နယ်မြေများ၌ တောဆင်ရိုင်းများအား အဓိက ကာကွယ်ရမည့် မျိုးစိတ်အဖြစ် ထိန်းသိမ်းထားသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း တောဆင်ရိုင်းများ ကျက်စားရာနေရာများမှာ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတ၊ ကြံခင်းမြို့နယ်တို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောဆင်ရိုင်းများ ကျက်စားရာနေရာများမှာ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တို့ဖြစ်သည်။ တောတိုးချုံဝင် မြင်လေသမျှ ငွေလောဘနှင့် ဆင်မုဆိုးများ ကျက်စားရာ နေရာမှာလည်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ဖြစ်သည်။

သို့ဖြစ်၍  ရာသီဥတုသင့်တင့်သော အနေအထားရှိစေရန်  ထိန်းညှိပေးရာ၌  သစ်ပင်သစ်တောများက စွမ်းဆောင်နိုင်သကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများကလည်း စွမ်းဆောင်နိုင်သည်ကို ပြည်သူများအား အသိပညာပေး အစီအစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 616 times Last modified on Friday, 01 September 2017 08:41