SJ WorldNews - шаблон joomla Авто

ယာဉ်အန္တရာယ် ကင်းရှင်းရေး စုပေါင်း ကာကွယ်ပေး

Saturday, 02 September 2017 10:39 font size decrease font size decrease font size increase font size increase font size

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ တတိယအကြိမ် အစည်းအဝေးကို သြဂုတ် ၃ဝ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

အစည်းအဝေး ခန်းမ၌ ကျင်းပရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေးပါသကဲ့သို့ ပြည်သူလူထု၏ အသက်အန္တရာယ် လုံခြုံရေးအပါအဝင် ဘေးအန္တရာယ် ကင်းရှင်းမှုအတွက်ပါ အထူးအလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထည့်သွင်းပြောကြားသည်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူဦးရေ ပိုများသည့် နေရာများမှာ လူဦးရေ ထူထပ်ပြီး မော်တော်ယာဉ်သွားလာမှု ပိုမိုများပြားသော ဒေသများ၌ အဖြစ်များကြောင်း တွေ့ရသည်။ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်အနီး ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းရှေ့၌  ရန်ကုန်ဘတ်စ်ကား ပို့ဆောင်ရေးယာဉ်လိုင်း အမှတ်(၅၅)မှ မော်တော်ယာဉ် တစ်စီးနှင့် အမှတ်

(၃၇)လိုင်းမှ မော်တော်ယာဉ်တစ်စီးတို့ ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီခန့်က မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ခရီးသည် ၁ဝ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃ဝ ကျော်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၃၁ ရက်အထိ ယာဉ်တိုက်မှုပေါင်း ၁၆၁၄ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အမျိုးသား ၃၁၂ ဦးနှင့် အမျိုးသမီး ၇၁ ဦး စုစုပေါင်း ၃၈၃ ဦးရှိပြီး ဒဏ်ရာရရှိသူအမျိုးသား ၁၄၇၁ ဦးနှင့် အမျိုးသမီး ၆၃၄ ဦး စုစုပေါင်း ၂၁ဝ၅ ဦးရှိသည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု ၁၈ ကြိမ်လျော့နည်းသော်လည်း သေဆုံးသူ ၂၅ ဦးနှင့် ဒဏ်ရာရရှိသူ ၄၅ ဦးတိုးလာကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄)အစိုးရ အထက်တန်းကျောင်းဝင်း အတွင်း၌ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် သူငယ်တန်း ကျောင်းသားတစ်ဦးကို ကျောင်းကြိုပို့ယာဉ် တစ်စီးက တိုက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသမှုခံယူနေစဉ် သေဆုံးသွားသည်။ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ် အဓိပတိဝင်ပေါက် အလွန်၌ ကိုယ်ပိုင်ယာဉ် တစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကွန်ကရစ်တုံး များအား သြဂုတ် ၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်တိုက်မိသည့် ဖြစ်စဉ်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းနေစဉ် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ကမာရွတ်မြို့မ ရဲစခန်းမှူးအား ဝင်တိုက်မိပြီး ရှေ့မှမောင်းနှင် သွားနေသော အငှားယာဉ်ကို ဝင်တိုက် တိမ်းမှောက်သွားသည်။ ကမာရွတ်မြို့မရဲစခန်းမှူးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပြီး  ကုသမှုခံယူနေစဉ် သေဆုံးသွားသည်။၎င်းအား ဝင်တိုက်သော ယာဉ်မောင်းသည် အရက်သောက်ထားပြီး ယာဉ်ကိုမဆင်မခြင် မောင်းနှင်ခြင်းကြောင့် ယခုကဲ့သို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အတွင်း၌ သြဂုတ် ၆ ရက်တွင် ယာဉ်မတော်တဆမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သြဂုတ် ၆ ရက် နံနက် ၅ နာရီတွင် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ်(၉၃/၅)အနီး၌ ရန်ကုန်မှ  နေပြည်တော်ဘက်သို့ မောင်းနှင်လာသော အိမ်စီးယာဉ်တစ်စီးသည် ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး လမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျသွားသည်။  အလားတူ ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော အိမ်စီးယာဉ်တစ်စီးသည် မိုင်တိုင်အမှတ်(၈၆/ဝ)အနီးတွင် ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်သွားပြီး တိမ်းမှောက်သွားသည်။ နေပြည်တော်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် ဖြူးအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ်(၁၁၅/ဝ)သို့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင်ဝင်ရောက်လာစဉ် ယာဉ်ယာဘက်ဘေး တူးဘောက်တံခါးပွင့်ပြီး လမ်းအသုံးပြုခ ကောက်ခံသော မှန်လုံခန်းကို တိုက်မိသွားသည်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်သုံးခုစလုံး လူထိခိုက်မှုမရှိဘဲ ယာဉ်များမှာသာ အနည်းငယ် ပျက်စီးမှုရှိကြောင်း သိရသည်။

ယခုတင်ပြခဲ့သော သြဂုတ်လအတွင်း ယာဉ်မတော်တဆမှုများတွင် မဆင်မခြင် မောင်းနှင်ခြင်းကြောင့် သူငယ်တန်းကျောင်းသားတစ်ဦး သေဆုံးပြီး အရက်သောက်ပြီး မောင်းနှင်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ရသည်။ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်မှ ဖြစ်စဉ်များမှာ ခရီးမထွက်ခွာမီ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးရန် လစ်ဟင်းမှုကြောင့်ဖြစ်သော ယာဉ်မတော်တဆမှု နှစ်ကြိမ်နှင့် ပေါ့ဆမှုတစ်ကြိမ်တို့ကြောင့် ဖြစ်

ကြောင်း တွေ့ရသည်။ ယာဉ်ယာဘက်ဘေး တူးဘောက်တံခါးပွင့်ပြီး လမ်းသွားနေသူကို ဝင်တိုက်မိသဖြင့် သေဆုံးသည့်ဖြစ်စဉ်သည် မိတ္ထီလာလမ်း၌ တစ်ကြိမ်၊ ရွှေဘို-မြစ်ကြီးနားလမ်း၌ တစ်ကြိမ် ဖြစ်ခဲ့ဖူးသဖြင့် ယခုရန်ကုန်-မန္တလေး အမြန်လမ်းဖြစ်စဉ်သည် တတိယအကြိမ်ဖြစ်သည်။

သို့ဖြစ်၍ မော်တော်ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းကျဆင်းရေးကို ပြည်သူအားလုံးက စုပေါင်းကာကွယ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 655 times Last modified on Saturday, 02 September 2017 10:40