SJ WorldNews - шаблон joomla Авто

ပြည်တွင်း စားသုံးဆီ တိုးမြှင့် ထုတ်လုပ်ရေး

Sunday, 03 September 2017 09:31 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းသည် ပြည်သူများအတွက် အရည်အသွေးပြည့်မီသော စားသုံးဆီများ ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိရာ   စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှရရှိထားသော ဆင်းပဒေသာ (၁၁)မြေပဲ မျိုးကို မြေဧက ၄ဝ ဒသမ ၉၅ ဧက၌ စိုက်ပျိုးထားပြီး ထွက်ရှိလာမည့် မျိုးမြေပဲများကို စိုက်ဧက ၂၃၂ ဒသမ ၅ ဧက၌ စက်တင်ဘာလအတွင်း စိုက်ပျိုးသွားမည် ဖြစ်သည်။ထပ်မံထွက်ရှိလာမည့် မျိုးမြေပဲများကို ၂ဝ၁၈ ခုနှစ် အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ စိုက်ဧကပေါင်း ၃၅ဝဝဝ သို့ ဆက်လက် ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ စားသုံးဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်သေးသဖြင့် ပြည်ပမှတင်သွင်းဖြည့်ဆည်းပေးနေရသည်။ မလေးရှားမှ တင်သွင်းလာသော စား အုန်းဆီဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းအပေါ် မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိသည်။ နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသော စားသုံးဆီများမှာလည်း အရည်အသွေး မပြည့်မီသည့်အပြင် စားသုံးသူများအတွက်  ကျန်းမာရေး အန္တရာယ်ပေးနိုင်သည့် အနေအထားများရှိကြောင်း တွေ့ရသည်။ အရည်အသွေး မပြည့်မီသည့်အပြင် စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိ သောစားသုံး ဆီများ တရားမဝင် ထုတ်လုပ်မှု မရှိစေရေးဆောင်ရွက်ရန် ၂ဝ၁၆ ခုနှစ် ဇွန် ၂၁ ရက်တွင် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း နှင့် FDA တို့ နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီး၌   ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အနံ့ထည့်ထားသည့် မြေပဲဆီများ ၊မြေပဲ ဆီနှင့် အခြားဆီရောနှောထားသော ဆီများ၊  မြေပဲအပုပ်များကို  ကြိတ်ထားသဖြင့် အက်စစ်ပါဝင်မှုမြင့် နေသော ဆီများ ရောင်းချမှုမရှိစေရေးအတွက် မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ရှေ့နေချုပ်ရုံးနှင့် စားသုံးသူသမဂ္ဂ စသည်တို့ပါဝင်သော မိတ်ဖက်အဖွဲ့အစည်း ၁ဝ ဖွဲ့တို့ ပူးပေါင်းစစ်ဆေး ဖော်ထုတ်အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။

စားသုံးသူများ အနေဖြင့် အရည်အသွေး မပြည့်မီသော စားသုံးဆီအတုအပများ၊ အမှတ်တံဆိပ်အတုဖြင့် ထုတ် လုပ်ရောင်းချနေသော စားသုံးဆီများတွေ့ရှိပါက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် စားသုံး သူရေးရာ ဦးစီးဌာနတို့သို့တိုင် ကြားနိုင် သည်။ စားသုံးသူရေးရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် တိုင်ကြားစာများရရှိပါက တိုင်ကြားခံရသည့် စားသုံး ဆီတံဆိပ်များကို ကွင်းဆင်းလေ့လာ ကောက်ယူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲ ခန်းသို့ ပေးပို့စစ်ဆေးသည်။ ဓာတ်ခွဲခန်း၌ စမ်းသပ်စစ်ဆေးကြည့်ရာ အမှန်တကယ်စား သုံးရန် မသင့်ကြောင်း ပြန်ကြားချက်ရရှိပါက စားသုံးသူရေးရာဥပဒေအရ ပြင်းထန်စွာသတိပေးခြင်း၊ လုပ်ငန်းရပ်ဆိုင်းပိတ်သိမ်းစေခြင်း၊ ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်သိန်း ၅ဝ အထိ ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း ၂ဝ၁၆ ခုနှစ် ဇွန် ၂၁ ရက် က မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ နေပြည်တော် ၌ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာ ၁ ရက် စားသုံးဆီ တစ်ပိဿာဈေးနှုန်းများမှာ မြေပဲဆီ ၄၂ဝဝ ကျပ်၊ နှမ်းဆီ ၃၈ဝဝ ကျပ်၊ စားအုန်းဆီ ၁၇၂ဝ ကျပ် အသီးသီးရှိပြီး အရည်အသွေး မမီသောစားသုံးဆီများ ဈေးကွက်အတွင်း အနည်းငယ် သာရှိတော့သည်။ စားအုန်းဆီဈေးနှုန်းသည် နိုင်ငံခြားငွေလဲနှုန်း အပေါ်မူတည် သကဲ့သို့ ပြည်ပမှအဝင် နည်း ခြင်း၊ များခြင်း၊ ပြည်ပဈေးကွက်တွင် ဝယ်လိုအားများခြင်း၊ နည်းခြင်းတို့အပြင် လက်ကား ကုန်သည်ကြီးများနှင့် လက်လီရောင်းချသူတို့ ဈေးကစားခြင်း စသည်တို့ကြောင့် ဈေးတက်သွားသည်များရှိတတ်သည်။ ဥပမာအားဖြင့် ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ တစ်ပိဿာ အရင်းဈေးနှုန်း ၁၆၁၄ ကျပ်ရှိသော်လည်း ရန်ကုန်ဆီဈေးကွက်တွင် လက်ကားရောင်းဈေး တစ်ပိဿာ ၁၈ဝဝ ကျပ် အထိမြင့်တက် သွားကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းသည် ပြည်သူများအတွက် အရည်အသွေး ပြည့်မီသော စားသုံးဆီ သီးနှံ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မြေပဲစိုက်တောင်သူများနှင့် နှစ်ဦးနှစ်ဖက် အထောက်အပံ့ ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး  မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းကို ၂ဝ၁၈ခုနှစ်တွင် အများ ပိုင်ကုမ္ပဏီ အဖြစ်ဖွဲ့စည်း တည်ထောင်ရေး ကြိုးပမ်းလျက်ရှိရာ သက်ဆိုင်သူတို့က အားပေးကူညီခြင်းဖြင့် ပြည် တွင်း စားသုံးဆီ လိုအပ်ချက် တိုးမြှင့် ထုတ်လုပ်နိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုကြရမည် ဖြစ်ပါသည်။

Read 736 times Last modified on Sunday, 03 September 2017 10:08