SJ WorldNews - шаблон joomla Авто

ခက်ကြီး လေးပါးကျော် ရှောင်လွှား မမှား ချမ်းသာရာ

Tuesday, 05 September 2017 10:14 font size decrease font size decrease font size increase font size increase font size

လူ့အဖွဲ့အစည်းအတွင်း တွေ့ရလေ့ရှိသော အခက်အခဲ လေးမျိုးကို ပညာရှိများ ဖော်ပြကြရာ၌ ''စစ်ရေးမက်ရေး ရန်သူ ဘေးကြောင့်၊ အပြေးအလွဲဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ ခက်သည်သာတည်း။ အစာအစားထွား ထွားဖြည့်ကြေရှားပါးလေ၍၊ သေကျေပျောက်စဲငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေး ထက်ဝမ်းရေးခက်၏။ ထို့ထက် မှာမူ ချစ်ခင်သူနှင့် အတူတကွ မပေါင်းရဘဲ၊ လွမ်းတပူဆွေးသူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်၏။ အထက်ဖော်ပြ ခက်သုံးဝထက် ခက်လှတစ်ပါး ထိုအစားကား၊ မပါးထူထုံ အလွန်နုံတ ပမာဏကို ဘာမျှမသိ၊ ထိုသူထည့်၍ မရှိတာထက် မသိခက်သည်၊ ခက်ဘိတရား၊ မျိုးလေးပါးတည်း'' ဟူ၍ ဖြစ်သည်။

ယခုရက်ပိုင်းတွေ့ရသောသတင်းများ၌ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက ဒေသခံ တိုင်းရင်းသား ပြည်သူများအား အမျိုးမျိုးခြိမ်းခြောက် တိုက်ခိုက်သတ်ဖြတ် မှုများ၊ ဒေသခံပြည်သူများ နေထိုင်ကြသည့်ကျေးရွာများ၊ ဟိန္ဒူနှင့်ကသည်း ကျေးရွာများအား မီးရှို့ဖျက်ဆီး ခြင်းများပြု လုပ်ကြသည့် အကြမ်းဖက် လုပ်ရပ်များအပြင် လမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီး တိုက်ခိုက်သည့် ဖြစ်စဉ်များကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ အန္တရာယ်မှ ကင်းလွတ်သည့် နေရာများသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြသည်။

ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် သြဂုတ် ၃၁ ရက် နံနက်ပိုင်းက မောင်တောမြို့ မြို့မ တောင်ရပ်ကွက်သို့ ရောက်ရှိပြီး မောင်နီ ကျေးရွာနှင့် မြို့မတောင်ရပ်ကွက် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရပ်ကွက်/ ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း သတင်းယူကြသည်။ မောင်နီကျေးရွာနှင့် မြို့မတောင် ရပ်ကွက်တို့တွင်  အစ္စလာမ် ဘာသာဝင်များ နေထိုင်ကြပြီး  ယင်းနယ်မြေရှိ အစ္စလာမ် ဘာသာဝင်များက  ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားတို့၏ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း၊ တည်ငြိမ် အေးချမ်း မှုကိုသာ လိုလားကြောင်း၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများနှင့် အမြဲလက်တွဲ ဆောင်ရွက် လျက်ရှိ ကြောင်း၊ ၎င်းတို့ ကျေးရွာ/ ရပ်ကွက်အတွင်း အနေအစားမပျက် ပုံမှန်အတိုင်း သွားလာလှုပ်ရှား ဆောင်ရွက် လျက်ရှိ ကြောင်း ပြောကြားသည်။

ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော အဖွဲ့သည် ကိုင်းကြီး(နတလ) ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာပြည်သူ များနှင့်တွေ့ဆုံမေးမြန်းကြရာ သြဂုတ် ၃ ရက်က အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ သတ်ဖြတ် မှုကြောင့် မြိုတိုင်းရင်းသား ခုနစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံး နေသည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ကျန်ရစ်သူ မိသားစု များအား တွေ့ဆုံမေးမြန်း သတင်းယူကြသည်။ သတင်းအဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘူးသီးတောင် မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး သြဂုတ် ၂၆ ရက်က ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များ၏ ပစ်ခတ်မှုကြောင့် ဟိန္ဒူဘာသာဝင် ခြောက်ဦး သေဆုံးမှုဖြစ်စဉ်မှ ဒဏ်ရာဖြင့် လွတ်မြောက်လာသူ ဟိန္ဒူ ဘာသာဝင် အမျိုးသမီး တစ်ဦးအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ကြပြီး သြဂုတ် ၃၁ ရက် ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

သတင်းအဖွဲ့တွေ့ဆုံမေးမြန်းခဲ့ သူများတွင် ကိုင်းကြီး(မြိုရွာ)မှ ဦးစံထွန်း၏ သားအကြီးဆုံးနှင့် ညီအငယ်ဆုံးတို့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများက တောင်ယာတဲသို့ လာရောက် သတ်သွားသည့် အထဲ ပါဝင်ပြီး အခြားအမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ ထို့အတူ ကိုင်းကြီး(မြိုရွာ)မှ  မြိုလူမျိုး ဦးဒိုင်းနက်၏ သားတစ်ယောက်နှင့် ချွေးမတစ်ယောက် တောင်ယာမှာ အလုပ်လုပ်နေစဉ် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရပြီးတစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ယောက် ကျန်ခဲ့သည်။ သြဂုတ် ၃ရက်တွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် မြိုလူမျိုး အမျိုးသမီးငါးယောက်နှင့် အမျိုးသား သုံးယောက်အသက် ဆုံးရှုံးရကြောင်း ကိုင်းကြီး (မြိုရွာ)မှ ကိုယ်ထူ ကိုယ်ထ မူလတန်း ကျောင်းဆရာ၏ ပြောပြချက်အရ သိရသည်။

ဒေသခံတိုင်းရင်းသားပြည်သူများသည် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ ကင်းလွတ်သည့် နေရာများသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိကြရာ နေရပ်စွန့်ခွာသွားသည့် ဒေသခံ တိုင်းရင်းသား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့်ဘုရားဆင်းတုတော်များ၊ စာသင်ကျောင်းများနှင့် နေအိမ် များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသည့် သတင်းများ တွေ့ရသည်။ အကြမ်းဖက်မှုမလိုလားသူ အစ္စလာမ် ဘာသာဝင် ရွာသားများက ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားခုနစ်ဦးကို ဖမ်းဆီး၍ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့သို့ အပ်နှံသည့် သတင်းကို လည်း တွေ့ရသည်။

သို့ဖြစ်၍ ရန်သူဘေးကြောင့် ဆွေမျိုးတို့ အသက်ဆုံးရှုံးရခြင်း၊ နေရပ်စွန့်ခွာ ရခြင်းကြောင့် အိုးအိမ်နှင့် ပစ္စည်း များဆုံးရှုံးရခြင်း ဘေးတို့မှ ကင်းဝေးစေရန်မှာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူအားလုံး တို့အနေဖြင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေကြသော တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများအား ဖော်ထုတ် ရှင်းလင်းကြရမည့် တာဝန်ကို မမေ့မလျော့ မပေါ့ မဆ ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။  

..............

Read 805 times Last modified on Tuesday, 05 September 2017 10:15