SJ WorldNews - шаблон joomla Авто

နိုးကြားသော အမျိုးသားရေး သတိ အမြဲရှိ

Thursday, 07 September 2017 08:32 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊

မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်မှန်များကို    နိုင်ငံတကာသို့ အလျင်အမြန် အသိပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr.Sun Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ်တို့ စက်တင်ဘာ ၄ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၌ သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍  နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့က နေ့စဉ်ထုတ် သတင်းစာများ၊  နေ့စဉ်ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုများသာမက အင်တာနက် စာမျက်နှာများ၊ လူမှုကွန်ရက် မီဒီယာများတွင်ပါ အချိန်နှင့်တစ်ပြေးညီ ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် သတင်းများ ဖော်ပြပေးလျက်ရှိသည်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်မှုဖြစ်စဉ်များ အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ရတက်မအေးဖြစ်နေရသည့် အချိန်တွင်  နိုင်ငံတစ်ခု၏ နိုင်ငံတော်အဆင့် တာဝန်ရှိသူ တစ်ဦးက ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန် ရေးသားဖော်ပြချက်များကို Twitter ပေါ်တွင် ဖော်ပြထားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များ၏ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ပြုလုပ်ရာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မှ အဖွဲ့ဝင်များ၊ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

သတင်းစာရှင်းလင်းပွဲ၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ နောက်ခံသမိုင်းကြောင်းကို ရှင်းလင်းရာတွင် ဗြိတိသျှကိုလိုနီခေတ်က ဘင်္ဂလားနယ်နှင့် စစ်တကောင်းနယ်တို့မှဘင်္ဂါလီများ စတင်ဝင်ရောက်လာခြင်း၊ ဘင်္ဂါလီများနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားမှု၊  ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်-ဘင်္ဂါလီပဋိပက္ခဖြစ်ပွားမှု၊ ၂ဝ၁၆ ခုနှစ် ရခိုင်-ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဖြေရှင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ယခုဖြစ်စဉ်ဖြစ်ပွားသည့်အချိန်ကြား ကာလအတွင်း ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ငန်းများအား ဦးတည်လုပ်ဆောင်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဖြစ်စဉ်များ၊ လက်ရှိအချိန်အထိ နေ့အလိုက်ဖြစ်စဉ်များ၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ခုခံကာကွယ်နိုင်စွမ်း မရှိ၍ တပ်မတော်က ပူးပေါင်းကာကွယ် လုပ်ဆောင်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းထွတ်သိန်းက ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် သုံးသပ်လုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော သြစတြေးလျနိုင်ငံ စစ်သံမှူးက ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ် တိုက်ခိုက်ရာတွင် မည်သည့်အင်အား အချိုးအစားဖြင့် လုပ်ဆောင်သည်ကို သိလိုကြောင်း မေးမြန်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်သံမှူးက အကြမ်းဖက် တိုက်ဖျက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။ အမေရိကန်နိုင်ငံ စစ်သံမှူးက အကြမ်းဖက်သမားများအား ရှာဖွေဖော်ထုတ် တိုက်ခိုက်ရာတွင် အချို့ရွာသားများ အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းများဘက်သို့  ကူးပြောင်းရောက်ရှိနိုင်မှုကို သတိပြုရန် လိုကြောင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်နှင့် ဂျာနယ်လစ်များက သိလိုသည်များ မေးမြန်းကြသည်ကို တာဝန်ရှိသူများက ဖြေကြားသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အခြေအနေ အရပ်ရပ်ကို အထောက်အထား ခိုင်လုံစွာ ရှင်းလင်း ပြောကြားပြီးနောက်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများနှင့်  ပြည်တွင်းအခြေစိုက်  ပြည်ပသတင်းဌာနများမှ သတင်းထောက်များက ဘုရင့်နောင် ရိပ်သာအတွင်း ပြသထားသော သတင်းမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

မြန်မာနိုင်ငံက ဖြစ်ရပ်သတင်းမှန်များကို ဖော်ပြနေချိန်တွင် အခြားတစ်ဖက်မှ Twitter ဆိုရှယ်မီဒီယာကို အသုံးပြု၍  မြန်မာပြည်သူအပေါင်းတို့  အတိဒုက္ခရောက်စေခြင်းငှာ အပြစ်အထေ့၊  အမွေ့အခိုက်၊ အရှိုက်အငို မူရာပိုသော  အဝေးမှကြံစည် လုပ်ဆောင်မှုများရှိနေခြင်းကြောင့်   တိုင်းရင်းသားပြည်သူ အပေါင်းတို့အနေဖြင့် နိုးကြားသော အမျိုးသားရေး သတိအမြဲရှိကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    

Read 855 times Last modified on Thursday, 07 September 2017 08:33