SJ WorldNews - шаблон joomla Авто

တတ်နိုင်သမျှ ဖေးမကူ တို့ပြည်သူ စိတ်ရင်း

Friday, 08 September 2017 08:29 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ရခိုင်ပြည်နယ်အစိုးရက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည့်

စာရင်းအရ တိုင်းရင်းသား၊ ကသည်း၊ ဟိန္ဒူ၊ ဘင်္ဂါလီတို့ နေထိုင်ကြသည့် ကျေးရွာစုစုပေါင်း ၅၉ ရွာ မီးလောင်ပျက်စီးဆုံးရှုံးသွားရာ လူနေအိမ် ၆၈၄၂ လုံး၊ ဈေးဆိုင်ခန်း ၃၂၄ ခန်း၊ မော်တော်ယာဉ် ၁၇၄ စီး ပါဝင်သည်။ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာရသော တိုင်းရင်းသား လူဦးရေစုစုပေါင်း ၂၆၇၄၇ ဦးရှိသည်။ နေရပ်စွန့်ခွာရသူများ အတွက် ပြင်ပအလှူရှင်များ၊ အစိုးရ ဌာနဆိုင်ရာများ၊ တပ်မတော်မိသားစုများက ငွေသားနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသကဲ့သို့ ပြည်နယ်အစိုးရက အရေးပေါ်ထောက်ပံ့ပေးသည့် စာရင်းများကိုလည်း တွေ့ရပြီး ထောက်ပံ့ပစ္စည်းများကို နေရပ်စွန့်ခွာ ခိုလှုံသူများအား နေရာချထားသည့် စုရပ်/ကျေးရွာ/ စခန်းများသို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် သယ်ပို့ပေးသည်။

မောင်တောဒေသအတွင်း  တည်ငြိမ်အေးချမ်းရေး အတွက်  တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်မှာပင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ နှောင့်ယှက်ပစ်ခတ်မှုများ ရှိနေသေးသဖြင့်   အခြေခံပညာကျောင်းများ ပိတ်ထားကြရသည်။ ယခုလအတွင်း၌ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမည့်အချိန်နှင့် အချိန်ကိုက်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်မှုများကို အားပေးထောက်ခံသည့် ပြည်ပနိုင်ငံတစ်ခု၌ စီစဉ်နေကြောင်း သိရသည်။ အဆိုပါနိုင်ငံသို့ မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်နေကြ သည့် အလုပ်သမားအချို့အား လွန်ခဲ့သည့် လေးလခန့်ကပင် အခြားနိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်သင်တန်းများ စေလွှတ်စေခဲ့ပြီး အဆိုပါ အဖွဲ့များသည် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများ ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများသို့ ကူးစက်လာသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များမှ ၂ဝ၁၆ ခုနှစ်  ဇန်နဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမြို့တော် ဂျကာတာ၌ရှိသည့် ဆရီနာ့ခ်ကုန်တိုက်ကြီးကို အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုဖြစ်စဉ်၌ အကြမ်းဖက်သမား အပါအဝင် လူခုနစ်ဦးသေဆုံးပြီး  ဒဏ်ရာရသူ  ၃ဝ ဦး ရှိခဲ့ဖူးသည်။ အဆိုပါအကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ဆက်နွှယ်သူ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးကြသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်ဖြစ်စဉ်နှင့် ဆက်နွှယ်သူများက ၎င်းတို့သည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ လူစည်ကားသော မြို့များ၌ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ အကြမ်းဖက် သမားများအား   နောက်ကွယ်မှ ကြိုးကိုင်သူသည်  ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာ အသုံးပြုစီစဉ် ညွှန်ကြားနေကြောင်း သိရသည်။  ထို့ကြောင့်  မလေးရှားနိုင်ငံ ဆက်သွယ်ရေး ဝန်ကြီးဌာနက Facebook , Twitter, Telegram ဆိုရှယ်မီဒီယာ ကုမ္ပဏီများအနေဖြင့် အစွန်းရောက်နှင့် သက်ဆိုင်သည်များကို အမြန်ဖြတ်ချရန် စာဖြင့်အကြောင်းကြားသည့်အပြင် အစွန်းရောက်ကွန်ရက် ၁၁ ခုကိုပါ  ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းသည် နိုင်ငံခြားခရီးသွား အများအပြား လာရောက် လည်ပတ်သော နေရာဖြစ်သည်။ ၂ဝဝ၂ ခုနှစ်နှင့် ၂ဝဝ၅ ခုနှစ်တို့တွင် ဘာလီကျွန်းကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွား လုပ်ငန်းများမှာ မျှော်မှန်းသလောက် တိုးတက်မလာဘဲ နှေးကွေးနေကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံရရှိခြင်းသည် နိုင်ငံ GDP ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။

ဖော်ပြခဲ့သော အင်ဒိုနီးရှား နိုင်ငံအတွင်း ၂ဝ၁၆ ခုနှစ်က အကြမ်းဖက်မှုဖြစ်စဉ်များကို ထောက်ထား၍ မြန်မာပြည်သူအပေါင်းတို့ သင်ခန်းစာယူကြရပေမည်။ ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ဘင်္ဂါလီများကို အခကြေးငွေယူ၍ ပြည်တွင်းသို့ပို့ဆောင်ရန် မော်တော်ဆိုင်ကယ်၊ မော်တော်ကားတို့ဖြင့် ခေါ်လာသူများကို ဖမ်းမိသော သတင်းများ တွေ့ရဖူးသည်။ ငါးစာသာမြင်၍ ငါးမျှားချိတ်ကို မမြင်သူများ သို့မဟုတ် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ရှိသူများကို ပြည်သူအပေါင်းတို့က အထူးသတိထား စောင့်ကြည့်ဖော်ထုတ် ကြရမည်ဖြစ်သည်။ အခြားသင်ခန်းစာ ယူဖွယ် အကြောင်းတစ်ခုမှာ  ၂ဝ၁၉ ခုနှစ်တွင်  အင်ဒိုနီးရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် သန်း၂ဝ လာရောက်ရန် မျှော်မှန်းထားသော်လည်း အတိတ်ကဘာလီကျွန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများက အရိပ်ပမာ ထင်ဟပ်နေဆဲရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အန္တရာယ်ကို စုပေါင်းကာကွယ်ကြရမည့် တာဝန်နှင့် နေရပ်စွန့်ခွာ ရသူများအတွက် တတ်နိုင်သမျှ ဖေးမကူညီ ထောက်ပံ့ရေး တာဝန်တို့ကို တစ်ချိန်တည်း ထမ်းဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နေရပ်စွန့်ခွာရသူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှုမရှိဘဲ ပြည်တွင်း၊ ပြည်ပအလှူရှင်များက ပူးပေါင်းပါဝင် ကူညီထောက်ပံ့နိုင်ရေး ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်၍ ဒုက္ခရောက်သူကို စာနာတရားရင်မှာထား၍ တိုင်းရင်းသား ပြည်သူအပေါင်းတို့က တတ်နိုင်သမျှ ကူညီဖေးမထောက်ပံ့ပေးကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 641 times Last modified on Friday, 08 September 2017 08:30