SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိ

Saturday, 09 September 2017 13:15 font size decrease font size decrease font size increase font size increase font size

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီးအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ၀န်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သော နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ် စွန့်ခွာ ဒေသခံ ပြည်သူများ၏ လုံခြုံရေး၊ စားဝတ် နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသခံ ပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများနှင့် လတ်တလော လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာ များအား ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော် ယာဉ်များဖြင့် လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်း ပေးလျက်ရှိသည်။

ဤသို့နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသခံ ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ သယ်ပို့နေစဉ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့ မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သုံးကြိမ်ကျော်လွန် ပျံသန်းခဲ့ကြောင်းနှင့် သြဂုတ် ၂၇ ရက်၊ ၂၈ ရက်တို့တွင်လည်း လေကြောင်းပိုင်နက်ကျော်လွန် ပျံသန်းခဲ့ကြောင်း ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်တွင် တပ်မတော်(လေ)မှ ပျံသန်းခဲ့သည့် ရဟတ် ယာဉ်များကို စစ်ဆေးခဲ့ရာ လေသူရဲ၏ GPS Track Log အရ နယ်စပ်မျဉ်းနှင့်မီတာ ၅၀၀ အကွာ အဝေးတွင်သာ ပျံသန်းခဲ့ကြောင်း၊ အလားတူ သြဂုတ် ၂၇ ရက်တွင် ရဟတ်ယာဉ် ပျံသန်းခဲ့သည့် လမ်းကြောင်းများအရ နယ်နိမိတ်မျဉ်း ၏ သုည ဒသမ ၄ မိုင်အကွာတွင်သာ အတက်၊ အဆင်းပြုလုပ်ခဲ့သဖြင့် နယ်နိမိတ်အား ကျော်လွန်ပျံသန်းခဲ့ခြင်း မရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင်လည်း တပ်မတော်(လေ)မှ ရဟတ်ယာဉ်များဖြင့် နယ်နိမိတ်မျဉ်းအနီး ပျံသန်းခဲ့ ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသည်။

စိစစ်တွေ့ရှိချက် ဖြစ်စဉ်အမှန်ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော် သမ္မတရုံးသို့ ရှင်းလင်းတင်ပြထား ပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူးကလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ တာဝန်ရှိသူများထံ ဖြစ်စဉ်အမှန်ကို ရှင်းလင်းခဲ့ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းခဲ့ပြီးဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲခဲ့မှုအပေါ် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှု မရှိကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ၏ အခန်း(၁) နိုင်ငံတော် အခြေခံမူများ ပြဋ္ဌာန်းချက်ပုဒ်မ ၄၁ ၌ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ၀ါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ချက်ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာ ဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြု ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူ ရှိရန် နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်တို့ကို ၁၉၅၄ ခုနှစ် ဇွန် ၂၉ ရက်မှစ၍ မြန်မာနိုင်ငံက အစဉ်တစိုက် ကျင့်သုံးလျက်ရှိသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အလေးထား ဆောင်ရွက်မှုနှင့် လူသားချင်းစာနာမှု၊ ထောက်ထားမှုတို့ ၂၀၁၅ ခုနှစ်အတွင်းက ဆောင်ရွက်ချက်ကို ပြန်လည်တင်ပြလိုသည်။ မြန်မာ့ပိုင်နက်ပင်လယ် ရေပြင်အတွင်း တပ်မတော်(လေ)နှင့်(ရေ)တို့က ပုံမှန်ကင်းလှည့်နေစဉ် ၂၀၁၅ ခုနှစ် မေ ၂၁ ရက်တွင် ဘင်္ဂါလီလှေစီး ဒုက္ခသည် ၂၀၈ ဦးကို တင်ဆောင်လာသော လှေနှစ်စင်းကို တွေ့ရှိကယ်ဆယ်ခဲ့သည်။ လှေစီး ဒုက္ခသည်များအား လူသားချင်းစာနာ မှုဖြင့် စောင့်ရှောက်ထားပြီး စိစစ်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ စစ်တကောင်းနှင့် ဒါကာမြောက်ပိုင်းတွင် နေထိုင် သူများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် နှစ်နိုင်ငံ သံတမန်နည်းဖြင့် ညှိနှိုင်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၂၀၁၅ ခုနှစ်က မြန်မာ့ရေပိုင်နက် အတွင်းသို့ ၀င်ရောက်လာသော ဘင်္ဂါလီလှေစီး ဒုက္ခသည် များကို လူသားချင်း စာနာမှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး ဘင်္ဂလားေ ဒ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သူဦးရေ စုစုပေါင်း ၁၀၅၀ ဦးအထိရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်များ (Boat People)သည် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေရန် လူ ကုန်ကူးသူများနှင့် ဆက်သွယ်၍ ပင်လယ်ရပ်ခြားသို့ ထွက်ခွာခဲ့ကြရာ ၎င်းတို့သွားလိုသော နိုင်ငံများက လက်မခံသဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ရေပြင်အတွင်း မျော ပါနေကြသူများဖြစ်သည်။

၎င်းတို့ကို မြန်မာ့တပ်မတော်(ရေ)နှင့်(လေ)တို့က လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကယ်တင်ခဲ့ပြီး မြန်မာ နိုင်ငံအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရနှင့် ညှိနှိုင်း၍ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းသည် အိမ်နီးချင်းကောင်း မြန်မာနိုင်ငံသားတို့၏ စိတ်ကောင်း စေတနာ ဖြစ်ကြောင်း အပွေးမြင် အပင်သိ၍ အသွေးမြင် အသွင် သိနိုင်ကြပါသည်။

Read 678 times Last modified on Saturday, 09 September 2017 13:24