SJ WorldNews - шаблон joomla Авто

ပုပ္ပားမောင် တောင်ကတုံး သျှောင်ထုံးဖို့အရေး

Thursday, 03 August 2017 15:00 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသည် ကုလသမဂ္ဂပညာ၊  သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့(UNESCO) အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၄၉ ခုနှစ် ဇွန် ၂၇ ရက်တွင်  အသိအမှတ်ပြုခံရသော နိုင်ငံဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အတွင်းရှိ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်းတို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ အဖြစ်  ယူနက်စကိုက အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရက ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ် ယူနက်စကိုက အသိအမှတ်ပြုရေး ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်းမြို့နယ်မှ အမြင့် ၄၉၈၁ ပေရှိသော ပုပ္ပားတောင်ကို အာရှ-ပစိဖိတ်ဒေသတွင်း ဘူမိဥယျာဉ်(ွ Geopark)အဖြစ် ယူနက်စကိုက အသိအမှတ်ပြုရေးကို ယူနက်စကို ဘူမိဥယျာဉ်အဖွဲ့လုပ်ငန်းကော်မတီက ကြိုးပမ်းနေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်သည် မိုးနည်းရေရှားဒေသဖြစ်သဖြင့် ဆူးချုံတောများနှင့် ထန်းပင်အချို့သာ ပေါက်ရောက်လျက်ရှိပြီး မိုးရွာသည့် အချိန်အတွင်း၌ တောင်ကျရေစီးဆင်းသော ချောင်းခြောက်များကို တွေ့ရသည်။ ပုပ္ပားတောင်ဝန်းကျင်တွင်  သဘာဝသစ်ပင်များ ပေါက်ရောက်လျက်ရှိသဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ ထို့ကြောင့် ပုပ္ပားတောင်သည် အနိမ့်ထဲကအမြင့်၊ အဝါထဲကအစိမ်း၊ အခြောက်ထဲကအစိုဟု စာပေပညာရှင်တစ်ဦးက တင်စားထားသည်ကို မှတ်သားရဖူးသည်။ ကျောက်ပန်းတောင်းမြို့မှ မြင်းခြံမြို့သို့သွားသော မော်တော်ကားလမ်းသည် ဆည်ပေါက်ရွာကို ကွေ့ပတ်စီးဆင်းသွားသော ချောင်းခြောက်တစ်ခုကို ဖြတ်သွားရပြီး ပုပ္ပားတောင်ကလပ် လမ်းခွဲလွန်သည်နှင့်  သုံးထပ်ကွေ့ကို တက်သွားရသည်။  ပုပ္ပားတောင်ဝန်းကျင်မှ ယာခင်းအချို့တွင် ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်နှင့် ဆင်တူသော ကျောက်များနှင့် သလင်းကျောက်များကို တွေ့ရသည်။ ပုပ္ပားကစမ်းရေကြည်၊ စလေကဆီးသီးဆိုသည့်အတိုင်း ပုပ္ပားတောင်မကြီးမှ ရေထွက်စမ်းများမှတစ်ဆင့် ကျောက်ပန်းတောင်းမြို့သို့ ရေသွယ်ယူ အသုံးပြုကြရသည်။

အမြင့် ၄၉၈၁ ပေရှိသော ပုပ္ပားတောင်ထိပ်သို့ တက်မည်ဆိုလျှင် ပုပ္ပားတောင်ကလပ်မှစ၍ စပါးပုံတောင်၊ ဆေးပွင့်တောင်၊ နွားလပို့တောင်၊ မောင်တော်ငုတ်တုတ်တောင်၊ မြင်းကတောင်၊  မာလာတောင်တို့ကို အဆင့်ဆင့် တက်ကြရင်း တောင်ထွတ်များတွင် တည်ထားသော စေတီတို့ကိုဖူးမြော်ကြရသည်။ မောင်တော်ငုတ်တုတ် တောင်ထိပ်သို့ရောက်သော် လမ်းဘေး၌ ထင်းရှူးပင်ကလေးများ အစီအရီပေါက်နေကြသည်ကို မြင်ရပြီး နံနက်စောစောဆိုလျှင် နှင်းမှုန်ဖွေးဖွေးနှင့် လေအေးအေး တိုက်ခတ်ကြောင်း တွေ့ရသည်။ မောင်တော်ငုတ်တုတ်ဆိုသော အမည်နှင့်လိုက်ဖက်အောင်ပင်  ထိုနေရာရောက်လျှင် တစ်အောင့်တစ်နားထိုင်၍ အပန်းဖြေကြရခြင်းကြောင့် ရွှေရင်ဆို့ဟူသော အမည်ပေးထားကြသည်။ ထိုတောင်ထွတ်များ အလယ်၌ ချုံးမတွင်းချောက်ကြီးကို မှုန်ဝါးဝါးသာ မြင်တွေ့ကြရသည်။ မောင်တော်ငုတ်တုတ်တောင်ထိပ်မှ ဆက်တက်သော် အမြင့်ဆုံးဖြစ်သော မှန်ပြတောင်ဟုခေါ်သည့် ပုပ္ပားတောင်ထိပ် ၄၉၈၁ ပေသို့ရောက်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ပုပ္ပားတောင်မကြီးသို့ တက်သောလမ်းမှာ ပြေပြေကလေးတက်သွားသော လမ်းမဟုတ်ဘဲ မတ်စောက်သော လမ်းအတိုင်း ကွေ့ပတ်တက်ရသော လမ်းရှိပြီး နှစ်နာရီဝန်းကျင်ကြာအောင် တက်ကြရသည်။ တောင်ပေါ်ခရီး သွားရသည်မှာ အတက်ကြမ်းကြမ်း အဆင်းခက်ခက် ဆိုကြသည့်အတိုင်း အဆင်းခရီးမှာလည်း သတိထားကြရသည်။ ပုပ္ပားတောင်သည် မီးငြိမ်းတောင်ဖြစ်သဖြင့် ချုံးမတွင်းချောက်ကြီး အတွင်း၌ ချော်ရည်များက ပြာအဖြစ် တည်ရှိနေကြောင်းနှင့် တောရိုင်းတိရစ္ဆာန်များ ရှိကြောင်း ပြောသံကြားဖူးသော်လည်း မမြင်မတွေ့ခဲ့ရပါ။

ယခုအချိန်တွင် ပုပ္ပားတောင်မကြီးနှင့် ပတ်ဝန်းကျင်ဒေသရှိ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် တောရိုင်းတိရစ္ဆာန်များကို ယူနက်စကိုဘူမိ ဥယျာဉ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းလေ့လာ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ယခု သြဂုတ် ၄ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် စာတမ်းဖတ်ပွဲသို့ တင်သွင်းဖတ်ကြားမည်ဖြစ်သည်။ အဆိုပါစာတမ်း ဖတ်ပွဲ၌ ပုပ္ပားတောင်မကြီးနှင့် ပတ်ဝန်းကျင်ဒေသအတွင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ကျွမ်းကျင်သူများအဖွဲ့ ဖွဲ့စည်း၍ တစ်လကြာမျှ လေ့လာတိုင်းထွာမှုများ ပြုလုပ်ရေးကိုပါ ဆွေးနွေးကြမည်ဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသ ဘူမိဥယျာဉ် တည်ထောင်ရေးအဖွဲ့သည် ပုပ္ပားတောင်မကြီးကို ဗဟိုပြု၍ မိုင် ၅ဝ ပတ်လည်အတွင်းကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး လတ်တလော ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

အာရှ-ပစိဖိတ်ဒေသ ဘူမိဥယျာဉ်မှ တစ်ဆင့်တက်လိုသော် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ရေးအတွက် လိုအပ်ချက်များမှာ သဘာဝပထဝီဝင်ဆိုင်ရာ အချက်အလက်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိမှု၊ ဒေသခံပြည်သူများ ကြုံတွေ့နေကြရသော အဓိကပြဿနာများ၊ မြေပေါ်မြေအောက် သယံဇာတ အသုံးချမှု အခြေအနေများ၊   ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့နည်းသက်သာစေရန် ကြိုးပမ်းမှုများ စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်းသိရသည်။

သို့ဖြစ်၍ တောင်ယာကဖုန်းဆိုးဖြစ်၊ တောစိုကတောခြောက် ဖြစ်နေရခြင်းကြောင့် ပုပ္ပားမောင်တောင်ကတုံးကို သျှောင်ထုံးဖို့အရေးနှင့် ရေထွက်များ မခန်းခြောက်ရေး သက်ဆိုင်သူအားလုံးတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 626 times Last modified on Friday, 18 August 2017 11:45