SJ WorldNews - шаблон joomla Авто

တရွေ့ရွေ့လာချေပြီလေ မိုးနှင့်လေ

Sunday, 21 April 2019 11:41 font size decrease font size decrease font size increase font size increase font size

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းပြီး နှစ်ဆန်း ၂ ရက် (ဧပြီ ၁၈)ရက်တွင် ရှိသော နေ့အပူချိန်များမှာ ချောက်မြို့၌ ၄၄ ဒီဂရီစင်တီဂရိတ်၊ မကွေး၊ တောင်တွင်းကြီး၊ ပေါက်၊ တောင်ငူ၊ ဘောလခဲမြို့တို့တွင် ၄၃ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိကြသည်။ ထိုနေ့မှာပင် မိုးရွာသွန်းမှု အနေဖြင့် ရမည်းသင်းမြို့နယ်၊ နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် ၁ လက်မ အထက် ရွာသွန်းပြီး ဥတ္တရသီရိမြို့နယ်နှင့် လေဆိပ်တို့တွင် ၁ လက်မထက် လျော့နည်းကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နှစ်သစ်ကူး သင်္ကြန်ကာလ ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးသီးများကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်း တို့ကြောင့် ဖောင်းပြင်၊ ပင်လယ်ဘူး၊ ကနီ၊ ကသာ၊ အင်းတော်၊ ဝန်းသို၊ ဗန်းမောက်၊ ကောလင်း၊ ကျွန်းလှ၊ မော်လိုက်နှင့် တမူးမြို့နယ်တို့၌ လူနေအိမ် ၄၈ဝ ခန့်နှင့် ဘာသာရေး အဆောက်အအုံ ၁၆ လုံး ပျက်စီး သွားသည်။ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဧပြီ ၁၇ ရက်တွင် လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ တပ်ကုန်းနှင့်လယ်ဝေးမြို့နယ်တို့တွင် ပြိုကျသည့် လူနေ အိမ်ရှစ်လုံး၊ ပျက်စီးသည့် လူနေအိမ် ၂၃ဝ ခန့်နှင့် ဘာသာရေး အဆောက် အအုံခြောက်လုံးရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်းမှ မကွေးမြို့နယ် ငါးဆောင်ကျေးရွာအုပ်စု ဖိုဝေးကျေးရွာ၌ ဧပြီ ၁၇ ရက် ၅ နာရီ မိနစ် ၄ဝ တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် တစ်လုံးပြိုလဲပြီး လူနေအိမ် ၁၆ လုံးနှင့် ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးသွားသည့်အပြင် ဆူးပြစ်စမ်းကျေးရွာတွင်လည်း လူနေအိမ် ၁၃ လုံးပျက်စီးသွားသည်။ တစ်ချိန်တည်းတွင်  ပေါက်မြို့နယ် အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပလောင်းကျေးရွာ၊ ကျောက်မဲတောင် တောတိုက်၊ ကျောက်တံခါးကျေးရွာ၊ မြေနီ(မြောက်)ကျေးရွာ၊ ပေါက်ချောင်း အထက် စုကျေးရွာ၊

သရက်တောကျေးရွာ၊ လင်ထောင်ကျေးရွာ၊ ခင်တန်းရှည်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ မျှားပိုင်းကျေးရွာ၊ ခင်အေးကျေးရွာ၊ လေးပင်အိုင့်ကျေးရွာတို့မှ စုစုပေါင်းလူနေအိမ် ၁ဝ၆ လုံး၊ ဘုန်းတော်ကြီး ကျောင်းလေး ကျောင်းနှင့် အခြေခံ ပညာကျောင်း ဆောင်နှစ်ဆောင် အမိုးလန် ပျက်စီးသွားသည်။

သင်္ကြန်ရက်များ အတွင်း သဘာဝ ဘေးကြောင့် လူနေအိမ်နှင့် အဆောက်အအုံများ ပျက်စီး ဆုံးရှုံးမှုများ ရှိကြသည့် အပြင် မီးဘေး အန္တရာယ်ကြောင့် သူများပျော်လို့ မပျော်နိုင်ကြသူများလည်း ရှိကြရာ မကွေးမြို့နယ် ကြို့ပင်အင်းကျေးရွာ၌ ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းရာ လူနေအိမ် ၃၂ လုံး မီးလောင် ဆုံးရှုံးသွားသဖြင့် ကျေးရွာ ပြည်သူ ၁၁၅ ဦး အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည်။ မီးဘေး သင့် ပြည်သူများ အတွက် မြို့နယ် ဌာန ဆိုင်ရာနှင့် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့တို့က ခုနစ်ရက်စာ လိုအပ်ချက်များ ဖြည့်ဆည်း ပေးကြပြီး ကြိုးကြာကန်၊ ညောင်ကန်၊ လင်းမြင့်နှင့် ဖိုလေးလုံး ကျေးရွာများမှ ပြည်သူတို့က ထမင်းဘူးများထောက်ပံ့ပေးကြသည်။ ချောက်မြို့နယ် အုံမြားရွာသစ်ရွာ၌ ဧပြီ ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် မီးဖိုချောင်မှ မီးစတင် လောင်ကျွမ်းရာ လူနေအိမ် လေးလုံး ဆုံးရှုံးသွားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆမ်ဆိုင်း(ခ)ရပ်ကွက်(၅)လမ်းထိပ် ဝမ်မိုင်ရွာသွား ကားလမ်းဘေးတွင် တပ်ဆင်ထားသော မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး တာဝါတိုင် မီးလောင်ကျွမ်းမှု ဧပြီ ၁၃ ရက်က ဖြစ်ပွားရာ မီးလောင်မှုနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများအား တာချီလိတ်မြို့မ ရဲစခန်းက စုံစမ်းမေးမြန်း လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၁)အနောက်ရပ်ကွက်၌  ဧပြီ ၁၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် လူနေအိမ် မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းရာ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်း သွားသည်။

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာအုပ်စု ရန်ကုန်-ညောင်တုန်း ကားလမ်း ဘေးရှိ ထိန်ပင် အမှိုက်ပုံကြီး၌ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က မီးလောင် ကျွမ်းရာ လှိုင်သာယာ မီးသတ်စခန်း၊ နယ်မြေစခန်း၊  လှိုင်သာယာစက်မှုဇုန်တို့မှ မီးသတ်ယာဉ်များ၊ အင်းစိန်၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်တို့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ ကျော်တို့က အချိန်မီ ငြှိမ်းသတ်နိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ ယခု အချိန်အခါတွင် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော   မိုးနှင့်လေ အခြေအနေကြောင့် သဘာဝ ဘေးအန္တရာယ် ဖြစ်နိုင်ခြေများ သကဲ့သို့ ရာသီဥတု ပူပြင်း မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြေကိုလည်း အထူး သတိထားကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   

Read 84 times