SJ WorldNews - шаблон joomla Авто

နိုင်ငံနှင့် လူမျိုးဂုဏ်ကို အားကစားဖြင့် မြှင့်တင်

Tuesday, 14 May 2019 10:05 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံအသီးသီးမှ  နိုင်ငံသားတို့သည်  မိမိနိုင်ငံနှင့် လူမျိုးဂုဏ်ကို  မြှင့်တင်ကြရာ၌ အားကစားထူးချွန်မှုဖြင့် မြှင့်တင်မှု အပါအဝင်ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတိုင်းတွင်  ရွှေ၊ ငွေ၊ ကြေးတံဆိပ်တို့ကို ဆွတ်ခူးရယူနိုင်သည့် အစဉ်အလာရှိသော မြန်မာနိုင်ငံ ဝူရှူး အားကစားသမားများသည် မလေးရှားနိုင်ငံ၌ ကျင်းပသည့်  (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူး ရရှိခဲ့ကြသဖြင့် နိုင်ငံအလိုက် အဆင့် (၅)နေရာ၌ ရပ်တည်ခဲ့ကြသည်။

အကြိမ်(၃ဝ)မြောက်ဆီးဂိမ်းပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၁ဝ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့နှင့် ဆူးဘစ်မြို့တို့တွင် အားကစားနည်း ၅၆ မျိုးဖြင့် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ဝူရှူးအားကစား အဖွဲ့ချုပ်က ဆန်းဆိုနှင့် ထောက်လုနှစ်မျိုးလုံး ဝင်ပြိုင်မည်ဖြစ်သည်။ ဆန်းဆိုပြိုင်ပွဲ၌ အမျိုးသားဝိတ်တန်း ငါးတန်း၊ အမျိုးသမီးဝိတ်တန်း နှစ်တန်း၊ ထောက်လုပြိုင်ပွဲ၌ အမျိုးသားဝိတ်တန်း ခုနစ်တန်းနှင့် အမျိုးသမီး ဝိတ်တန်းနှစ်တန်းတို့ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဝူရှူးအားကစား အဖွဲ့ချုပ်သည် ဆန်းဆိုနှင့် ထောက်လုပြိုင်ပွဲတို့အတွက် အားကစားသမား ၄၁ ဦး ပဏာမရွေးချယ်ထားပြီး နေပြည်တော်၌ ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ တရုတ်နည်းပြတစ်ဦးက လေ့ကျင့်ပေးလျက်ရှိသည်။ ပဏာမရွေးချယ် လေ့ကျင့်နေသူများမှ အပြီးသတ် အားကစားသမားများ ရွေးချယ်ပြီးပါက စွမ်းဆောင်ရည် ပိုမိုပြည့်ဝစေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။

ဝူရှူးအားကစားနည်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသော ကိုယ်လုံပညာ(Martial Art) အားကစားနည်းဖြစ်သည်။ ဆန်းဆို(San Shou) နည်းစနစ်သည် တိုက်ခိုက်ယှဉ်ပြိုင်မှု ပွဲစဉ်ဖြစ်ပြီး ထောက်လု(ွှ Taolu) သည် သရုပ်ပြ ယှဉ်ပြိုင်မှုပွဲစဉ်ဖြစ်သည်။ ဆန်းဆိုဟုခေါ်သော တိုက်ခိုက်ယှဉ်ပြိုင်မှုတွင် တစ်ဦးနှင့်တစ်ဦး ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်ပြီး အမှတ်စနစ်ဖြင့်သော် လည်းကောင်း၊ အလဲထိုးဖြင့်သော် လည်းကောင်း အရှုံးအနိုင် အဆုံးအဖြတ်ပေးသည်။ ထောက်လုခေါ် သရုပ်ပြယှဉ်ပြိုင်မှုတွင် စွမ်းဆောင်ရည်ကောင်းမွန်မှု၊ နည်းစနစ်ကောင်းမွန်မှုနှင့် တည်ငြိမ်မှုရှိခြင်း တို့ကို အကဲဖြတ်အမှတ်ပေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဝူရှူးနှင့်ပတ်သက်သော ကိုယ်လုံပညာ ကျောင်းများနှင့် အဖွဲ့အစည်းများစွာ ရှိနေသည်ကို ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရက စုစည်း၍ တရုတ်နိုင်ငံ ကာယပညာနှင့် အားကစားဌာနက စည်းမျဉ်းစည်းကမ်းများ တူညီအောင်ကြိုးပမ်းပြီး အမျိုးသားဝူရှူး စံသတ်မှတ်ချက်ကို ချမှတ်ပေးခဲ့သည်။ ဝူရှူးပညာနှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်းများကိုလည်း အခြေခံမှစ၍ စနစ်တကျပြုစု ထုတ်ပြန်ခဲ့သည့်အပြင် ဝူရှူးအားကစားနည်းကို  အမျိုးသား အားကစားနည်း တစ်ရပ်အဖြစ် တန်ဖိုးထားပြီး  ဖွံ့ဖြိုးတိုးတက်ရေး  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာ ကျောင်းများမှစ၍  တက္ကသိုလ်ကျောင်းများအထိ  ဝူရှူးအားကစားနည်း ပျံ့နှံ့အောင် ဆောင်ရွက်နေစဉ်မှာပင် လူထုအတွင်းသို့လည်း ပျံ့နှံ့အောင် ဆောင်ရွက်ကြသည်။ နိုင်ငံအတွင်း ဝူရှူးအားကစားနည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီးနောက် နိုင်ငံတကာသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းကြရာ ၁၉၉ဝ ပြည့်နှစ်တွင် အာရှအားကစားပြိုင်ပွဲ၌ ဝူရှူးအားကစားပြိုင်ပွဲ ထည့်သွင်း ကျင်းပနိုင်ကြသည်။  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် ၁၉၉၁ ခုနှစ်မှစ၍ ဝူရှူးအားကစားနည်း ထည့်သွင်း ကျင်းပသကဲ့သို့ ၁၉၉၁ ခုနှစ်မှာပင် ကမ္ဘာ့တံခွန်စိုက် ဝူရှူးပြိုင်ပွဲ ကျင်းပနိုင်သည်အထိ ကျယ်ပြန့်လာခဲ့သည်။

အိမ်နီးချင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စတင်ပေါ်ထွန်းလာသော ရိုးရာကိုယ်လုံပညာ ဝူရှူးအားကစားနည်းသည် အရှေ့တောင်အာရှ၊ အာရှ အားကစားပြိုင်ပွဲများမှ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲ ကျင်းပနိုင်သည်အထိ ကျယ်ပြန့်လျက်ရှိရာ မြန်မာနိုင်ငံ ဝူရှူးအားကစားသမားများ အတွက် အရှေ့တောင်အာရှမှ အာရှ၊ အာရှမှ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲ အထိ ကြိုးစားယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်း ရှိထားပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဝူရှူးအားကစား အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပြည်သူတို့ အနေဖြင့် ဝူရှူးအားကစား ဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီခြင်းဖြင့် မြန်မာကို ကမ္ဘာကသိအောင် စွမ်းဆောင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 77 times Last modified on Tuesday, 14 May 2019 10:10