Print this page

တိုင်းရင်းသားတို့ ရင်နှစ် ပြည်ချစ်တဲ့ တပ်မတော်

Friday, 31 May 2019 10:39 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ကာကွယ်ရန် လိုအပ်သော အဓိက အင်အားကြီး(၃)ရပ် ခိုင်မာတောင့်တင်းရန် လိုသည်ဟူသော အဆိုအမိန့် ရှိရာတွင် ထိုအင်အားကြီး (၃)ရပ်ဆိုသည်မှာ နိုင်ငံရေးအင်အား၊ စီးပွားရေး အင်အားနှင့် ကာကွယ်ရေးအင်အားတို့ ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြထားကြသည်။

မြန်မာတစ်မျိုးသားလုံး ထီးကျိုးစည်ပေါက် ဖြစ်ကြရသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် သီပေါမင်းနှင့် မိဖုရားတို့ကို ဗြိတိသျှနယ်ချဲ့တို့က ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို အလွယ်တကူဖမ်းပြီး မြနန်းစံကျော် ရွှေနန်းတော်ကြီးမှ ဂေါဝိန်ဆိပ်ကမ်းသို့ ဗီရိုလှည်းဖြင့် ခေါ်ဆောင်သွားကြစဉ် ကိုယ်တိုင်တွေ့မြင်လိုက်ရသော သခင်ကိုယ်တော်မှိုင်း၏ မချိတင်ကဲ ရင်တွင်းခံစားချက်ကို ''ရွှေမြတောင်သာတဲ့တိုက်ဆီက၊ နေလနှစ်ဆောင်ပါတဲ့ အခိုက်ပေမို့''အစချီသော ပါတော်မူမြင်ကွင်း လေးချိုးကဗျာဖြင့် မှတ်တမ်းတင်ထားသည်။

နယ်ချဲ့တို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ကြသော်လည်း သူ့ကျွန်မခံလိုသော တိုင်းရင်းသားပြည်သူတို့၏ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်ကို မတားဆီးနိုင်ကြပေ။ မျိုးချစ်စိတ်ဓာတ် ထက်သန်သော ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းပြီး တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တစ်လျှောက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ် ဝင့်ထည်စွာ ပြန်လည်ရပ်တည် နိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်စိုးရေးကို တိုင်းရင်းသား ပြည်သူတို့နှင့်အတူ စွန့်လွှတ်စွန့်စား၍ ရယူပေးခဲ့သော တပ်မတော်သည် ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးစေရန် တိုင်းရင်းသားပြည်သူတို့နှင့် အတူလက်တွဲ၍ စွန့်လွှတ်စွန့်စား ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ တွေ့ဆုံ အမှာစကား ပြောကြားစဉ် တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားရေးနှင့်နေရေး အဆင်ပြေစေရန်အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိကိုယ်ကို ကောင်းအောင် နေထိုင်ရန်၊ မိမိတပ်ကို ကောင်းအောင် ဆောင်ရွက်ရန်နှင့် မိမိနိုင်ငံကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ အားလုံးသည် နိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသား ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သောကြောင့် တပ်မတော်သည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူက အားကိုးရသည့်တပ်၊ တိုင်းပြည်က အားထားရသည့် တပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ အချင်းချင်း မည်သည့်အစွဲမျှ မထားဘဲ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုကြောင်း အလေးအနက် မှာကြားသည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် လွတ်လပ်ရေးကို ရယူပေးခဲ့သည့် သမိုင်းအစဉ်အလာရှိသော တပ်မတော်စတင် ဖွဲ့စည်းစဉ်ကပင် မျိုးချစ်စိတ်ဓာတ်ထက်သန်သော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ နောက်တစ်ကြိမ် ပြန်လည်မဆုံးရှုံးရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည့် ယနေ့ကာလတွင်လည်း တိုင်းရင်းသားပြည်သူတို့၏ ရင်နှစ်သည်းချာများမှ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေး အခြေအနေ ဆေးအဆင့်(က) ရှိသည့်အပြင် တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒ ရှိသူများဖြင့် ဖွဲ့စည်းထားသော တပ်မတော်ဖြစ်သည်။ တပ်မတော်သားတို့၏ ကြင်ဖက်သက်လျာများသည်လည်း တိုင်းရင်းသား ပြည်သူတို့၏ ရင်နှစ်သည်းချာများ ဖြစ်ကြသဖြင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် မွေးမြူထားရှိပြီး မြန်မာပြည်သား ဟူသောအသိ လူတိုင်းကိုယ်စီ ရှိကြရမည် ဖြစ်သည်။ တပ်တည်ဆောက်ရေးလုပ်ငန်း တာဝန်ကြီး(၄)ရပ်တွင် လေ့ကျင့်ရေးနှင့် တည်ဆောက်၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်၊ သက်သာချောင်ချိရေးနှင့် တည်ဆောက်၊ စိတ်ဓာတ်နှင့် တည်ဆောက်ဟူသော လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဖြစ်သည်။

စိတ်ဓာတ်ကောင်းလျှင် အောင်ပွဲဆင် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စိတ်ဓာတ်မြင့်မားရေးကို ထိရောက်အောင် ဆောင်ရွက်နိုင်လျှင် အခြားတည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီးများ အလိုအလျောက် အောင်မြင်မှု ရရှိနိုင်သည့် အကျိုးဆက်အဖြစ် မိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု တို့ကိုပါ တစ်ပြိုင်တည်း တည်ဆောက်နိုင်မည် ဖြစ်သည်။

တပ်မတော်ဟူသော ဝေါဟာရ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်က ဖွင့်ဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေး တပ်ပေါင်းစုဟု ဖော်ပြထားသည့်အတိုင်း ဒို့တာဝန် အရေးသုံးပါး အမျိုးသားရေး တာဝန်ကို ဦးလည်မသုန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှစ၍ ယနေ့အထိ ပြည်သူတို့နှင့်တစ်သားတည်း ရှိသော တပ်မတော်ဖြစ်ပြီး ကြည်း၊ ရေ၊ လေ တပ်များဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်။ အတုလဆရာတော်ခင်ကြီးဖျော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုသော် တပ်မတော်ဆိုသည်မှာ အင်အား အကြီးအမားရှိခြင်း၊ ပြည်သူတို့၏ အားထားရာ ဖြစ်ခြင်းဟု ဆိုထားသည့် အားလျော်စွာ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်များအနေဖြင့် တိုင်းရင်းသားတို့ရင်နှစ် ပြည်ချစ်တဲ့တပ်မတော် ဖြစ်အောင် အစဉ်တစိုက် ဆောင်ရွက်နေမည် ဟူ၍ မြဝတီက အဓိဋ္ဌာန်ပြု အပ်ပါသည်။ ။

Read 55 times Last modified on Friday, 31 May 2019 10:40