မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကကဏ္ဍဦးစားပေး၍ သမဝါယမနှင့် နိုင်ငံပိုင်ကဏ္ဍတို့ကို ဒုတိယနှင့်တတိယ ဦးစားပေး အဆင့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ လုပ်ငန်းစဉ်ချောမွေ့စေရန် အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ဖြေလျှော့ပေးမှုများနှင့် ကူညီဆောင်ရွက်ပေးမှုများကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးထားသည်။
နိုင်ငံတော်၏ အဓိကစီးပွားရေးသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အလေးထား ဆောင်ရွက်နေကြသကဲ့သို့ အခြားကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု ကဏ္ဍများမှာလည်း ပို့ကုန်ဦးဆောင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသို့ တက်လှမ်းနိုင်ရန် ဆောင်ရွက်နေကြသည်။ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖြစ်သဖြင့် အဆိုပါ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ ထုတ်လုပ်မှု တိုးတက်မည်ဖြစ်ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတော်တွင် မျက်မှောက်ကာလ အကောင်အထည်ဖော်နေသည့် အမျိုးသားပို့ကုန် မဟာဗျူဟာသည် ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံအတွက် အရေးပါသောအစိတ်အပိုင်း ဖြစ်သည့်အပြင် ကျယ်ပြန့်သော အနေအထား ရှိခြင်းကြောင့် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သည့် (Public Private Partnership-PPP) ပုံစံဖြင့် လုပ်ဆောင်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံပြည်ပ ပို့ကုန်များတွင် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများမှ ရရှိသောဆန်ကို အဓိက ထားတင်ပို့နေပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း စသည်တို့ ပါဝင်ကြသည်။
မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများမှ ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ပါဝင်ကြသည်။ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများသည် ပြည်ပပို့ကုန် အရည်အသွေးပြည့်မီရေးကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ရာ သတ်မှတ်ထားသော လုပ်ငန်းစဉ်(GAP)နှင့် ကိုက်ညီရန် လိုအပ်သည်။ ပြည်ပပို့ကုန် လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်းများ ပါဝင်သည့်အပြင် ကမ္ဘာလှည့်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်လျက်ရှိရာ လုပ်ငန်းအလိုက် အရင်းအနှီး၊ အရည်အသွေးနှင့် ဈေးကွက်ချဲ့ထွင်မှုတို့ကို ဦးစားပေး ဆောင်ရွက်ကြရမည် ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပို့ကုန်ဦးဆောင်မှု အခန်းကဏ္ဍနှင့် တန်းတူအရေးပါသော လိုအပ်ချက်မှာ သွင်းကုန်အစားထိုးကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဖော်ဆောင်ရန်ဖြစ်သည်။ သွင်းကုန်အစားထိုးလုပ်ငန်းများ ဖွံ့ဖြိုးလာလျှင် ပြည်ပပို့ကုန် တိုးမြှင့်ရေးကို တက်လှမ်းနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သည် စက်ရုံမှထုတ်လုပ်သော TRI STAR တာယာများအား ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိလျက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာယာစက်ရုံ (ရွာမ)သို့ မေ ၂၈ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားရာ၌ စက်ရုံမှ ထုတ်လုပ်သော တာယာများအား သွင်းကုန် အစားထိုးနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်နေခြင်း ဖြစ်ပြီး ပစ္စည်းချင်းတူလျှင် ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရမည် ဖြစ်သောကြောင့် အရည်အသွေး ကောင်းမွန်မှုရှိစေရန် အတွက် အသုံးပြုသည့် ရော်ဘာကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြည်တွင်း၌ အဓိက အသုံးပြုနေသည့် တာယာအရွယ်အစားများအား ဈေးကွက်သုတေသန ပြုလုပ်ပြီး ပြည်တွင်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပသို့လည်း တာယာပို့ကုန်များ တိုးမြှင့်နိုင်ရေး စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်ခိုင်မာမှု ရှိစေရန်အတွက် စက်ရုံမှ ထုတ်လုပ်သည့် တာယာများ၏ အရည်အသွေး ထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို အလေးအနက် လမ်းညွှန်မှာကြားသည်။
ထို့ကြောင့် နိုင်ငံတော်၏ ဂျီဒီပီမြင့်မားရေး၊ ကုန်သွယ်မှုရှင်းတမ်း လိုငွေပြမှု လျော့နည်းရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးတို့ကို အထောက်အကူ ပေးနိုင်သော ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းသည် ဆင်းရဲမှု လျော့နည်းပပျောက်ရေးကိုပါ ဆောင်ကြဉ်းလျက်ရှိရာ တာယာစက်ရုံ(ရွာမ)သည် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်လျက် ရှိပါသည်။ ။