SJ WorldNews - шаблон joomla Авто

ရေကြောင်းလမ်းခရီး လုံခြုံချောမွေ့စေရေး

Sunday, 16 June 2019 11:36 font size decrease font size decrease font size increase font size increase font size

မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်မှု ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၁ဝ ရက် နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေး တက်ရောက်လာကြသော အဖွဲ့ဝင်များက မြန်မာ့ကမ်းရိုးတန်းသို့ လာရောက်လည်ပတ်မည့် ခရီးသည် ပို့ဆောင်သည့် နိုင်ငံခြား ရေယာဉ်များအား လုပ်ငန်းလိုင်စင် ယာယီထုတ်ပေးရာတွင် ခရီးစဉ် တစ်ခေါက်အတွက် နှုန်းထားများ သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ခြင်း မရှိသည့် လုပ်ငန်း၌ အသုံးပြုမည့် နိုင်ငံခြားရေ ယာဉ်တစ်မျိုးမျိုးကို အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းတို့ကို ဆွေးနွေးကြသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သွားလာရေး ရေယာဉ်များနှင့် စက်မဲ့တွဲများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးထားသည့် စာရင်းများကို အတည်ပြု မှတ်တမ်းတင်ခြင်း၊ ပြည်တွင်းရေကြောင်း သွားရေယာဉ်ပိုင်ရှင် အသင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များ အသင်းတို့က ပြည်တွင်းရေကြောင်း သွားရေယာဉ်များ၏ ခုတ်မောင်းပြေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စက်မဲ့ဆီတင်တွဲနှင့် စက်မဲ့ကုန်တင်တွဲများ၏ ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ရေလမ်းကြောင်း ကောင်းမွန်ရေး ကိစ္စရပ်များ၊ ပြည်တွင်းရေကြောင်း သွားရေယာဉ်များအတွက် ဆိပ်ကမ်းအခွန်ကောက်ခံခြင်း ဆိုင်ရာ ကိစ္စရပ်များကို အစည်းအဝေး တက်ရောက်လာကြသည့် ဗဟိုအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးကြသည်။

ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် မြစ်တွင်းသွားရေယာဉ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဌာနမှ မြစ်ဝကျွန်းပေါ် ဌာနခွဲ၊ ဧရာဝတီဌာနခွဲ၊ စစ်တွေဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ သံလွင်ဌာနခွဲတို့က ဝန်ဆောင်မှု ပေးလျက်ရှိကြရာ စစ်တွေဌာနခွဲနှင့် မြစ်ဝကျွန်းပေါ်ဌာနခွဲတို့မှ ရေယာဉ်များသာ လုပ်ငန်းတွင် ကျယ်ကြောင်းသိရသည်။ မြစ်ချောင်းပေါများ သောကြောင့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကို အားမကိုးရသော ဒေသများမှ ပြည်သူများ ရေကြောင်းခရီးကိုသာ အသုံးပြုကြရသဖြင့် ရေလမ်းကြောင်း ကောင်းမွန်ရေး၊ ရာသီဥတုကောင်းမွန်ရေး၊ သတ်မှတ်ထားသော ကုန်တန်ချိန်နှင့် ခရီးသည်ဦးရေ အတိုင်းသာ တင်ဆောင်ရေးတို့ကို အလေးထားကြရမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် မတ် ၁၃ ရက်တွင် တောင်ကုတ်မှ စစ်တွေသို့ ထွက်ခွာလာသော အောင်တံခွန်(၃)ရေယာဉ်သည် ကုန်တန်ချိန် ၁၁၉ တန်နှင့် ခရီးသည် ၂၂၄ ဦး တင်ဆောင် ခုတ်မောင်းလာစဉ် ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်သွားသည်။ နစ်မြုပ်သွားသောရေယာဉ်မှ ခရီးသည် ၂၁၄ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း လက်မှတ်မဲ့ခရီးသည်များ လိုက်ပါလာခြင်းကြောင့် ရေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်စုစုပေါင်းနှင့် ပျောက်ဆုံးသူ စာရင်းကို ချက်ချင်း မသိနိုင်ခဲ့ပေ။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာတွင် ချင်းတွင်းရေကြောင်းခရီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသော အမြန်ရေယာဉ် အောင်စိုးမိုးကျော်(၂)သည် ကနီမြို့နယ် မိကျောင်းကွင်း ကျေးရွာအနီးရောက်ချိန် နစ်မြုပ်သွားသဖြင့် ကျောင်းပိတ်ရက် နေရပ်ပြန် ကျောင်းဆရာမများ အပါအဝင် ခရီးသည် ၇၃ ဦး သေဆုံးသွားသည်။

ရေကြောင်းခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေးသည် ရေယာဉ်ကြီးကြပ်ရေး အဖွဲ့များ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားများနှင့် ခရီးသည်များတွင် ကိုယ်စီတာဝန် အသီးသီး ရှိကြသည်။ ကြီးကြပ်ရေး အဖွဲ့များက စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးရေး၊ ယာဉ်ပိုင်ရှင်များက ယာဉ်ကြံ့ခိုင်ရေး၊ ယာဉ်လုပ်သားများက သတ်မှတ်ကုန်ချိန်နှင့် သတ်မှတ်ခရီးသည် အရေအတွက်ကိုသာ တင်ဆောင်ရေးတို့အတွက် တာဝန်ရှိကြသည်။ ရေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် သတ်မှတ်ထားသော နေရာတွင်သာ လိုက်ပါရန်ဖြစ်ပြီး အန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ပါက ရေယာဉ်ဝန်ထမ်းများ၏ လမ်းညွှန်မှုကို လိုက်နာရန်၊ ရေယာဉ်ခုတ်မောင်းနေစဉ် မိမိနှင့်မသက်ဆိုင်သော ပစ္စည်းကို ကိုင်တွယ်ခြင်း မပြုရန်၊ အသက်ကယ်ဘောများ အသုံးပြုပုံနှင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံများအား လေ့လာသိရှိထားရမည် ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်-ကျွန်းစု ပြေးဆွဲနေသော အမြန်ရေယာဉ်စီး ခရီးသည်များအား ဇွန်လအစောပိုင်းမှစ၍ ခရီးသွား အာမခံကြေးဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။

မည်သို့ပင် ဖြစ်စေကာမူ ရေကြောင်းလမ်းခရီး လုံခြုံချောမွေ့စေရေးသည် သက်ဆိုင်သူ အားလုံးတို့တွင် တာဝန်ကိုယ်စီ ရှိကြလေရာ ယခုကဲ့သို့ မိုးဥတုတွင် အထူးဂရုပြုကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 87 times Last modified on Sunday, 16 June 2019 11:37