SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့လယ် မိနစ်ခြောက်ဆယ်

Tuesday, 27 August 2019 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားကိုဖူးမြော်ပြီး ရန်ကုန်မြို့လယ်တွင် သွားလာလှုပ်ရှား နေကြသည့် မော်တော်ယာဉ်မျိုးစုံနှင့် ခြေကျင်လျှောက်နေကြသူများကိုကြည့်ရှုသည်။ စနေ၊ တနင်္ဂနွေနေ့များသည် ရုံးပိတ်ရက်ဖြစ်သဖြင့် လမ်းများပေါ်တွင် သွားလာလှုပ်ရှားမှုခပ်ကျဲကျဲသာ တွေ့ရသော်လည်း နေ့လယ်ပိုင်းအချိန်တွင် ရန်ကုန်မိုးကအငြိုးနှင့်ရွာတတ်သလို မော်တော်ယာဉ်နှင့်လူတွေကလည်း ရှုပ်ထွေးနေတတ်သည်ကိုကြည့်ရင်း ဟိုယခင်ကတွေ့နေကျဖြစ်သည့် ဗိုက်ပူခရီးသည်တင်လိုင်းကားကြီးများကို လွမ်းမိသည်။

သူ့ခေတ်သူ့အခါအလျောက် ရန်ကုန်သားတို့ ခရီးသွားရာတွင်အားထားခဲ့ရသော ထိုဗိုက်ပူခရီးသည်တင် လိုင်းကားကြီးများမှာ နှစ်ပေါင်းများစွာ တာဝန်ကျေခဲ့ကြရာမှ ယာဉ်အန္တရာယ်လျော့နည်းရေး၊ လေထုညစ်ညမ်းမှု သက်သာရေး၊ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်တည်ဆောက်ရေးဟူသော ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် စတင်သော ၂ဝ၁၂ ခုနှစ်မှစ၍ သံရည်ကျိုစက်သို့ရောက်ရှိပြီး ပျောက်ကွယ်သွားကြသည်။

ဗိုက်ပူကြီးတို့နောက်မှရောက်လာသော ဂျပန်နိုင်ငံက စစ်လျော်ကြေးပေးသည့် ဟီးနိုးဘီအမ်ခရီးသည်တင်လိုင်းကား များလည်း မရှေးမနှောင်းမှာပင် နောင်တော်တို့နောက်လိုက်သွားကြရသည့်နည်းတူ သင်္ဘောသားကားဟု ခေါ်ကြသော ယာဉ်ငယ်ကလေးများလည်း အနိစ္စသဘောကို မလွန်ဆန်နိုင်ကြပေ။ ဇိမ်ခံကားဟု သတ်မှတ်ထားပြီး  အိမ်သုံးယာဉ်အဖြစ်လည်းကောင်း၊ စင်းလုံးငှားယာဉ်အဖြစ်လည်းကောင်း အသုံးပြုကြသော မာဇဒါအုပ်စုဝင် ယာဉ်ငယ်ကလေးများကိုလည်း မတွေ့ရတော့ချေ။ ထိုခေတ်က စင်းလုံးငှားယာဉ်စီးခပေးချေရသည့်စနစ်မှာ ခရီးစဉ်အလိုက် ယာဉ်မောင်းသူပြောသည့်နှုန်းထား၊ မီတာဖြင့်မောင်းသောယာဉ်များအတွက် မီတာတက်သလောက် ပေးချေရသည့်စနစ်တို့ဖြစ်သည်။ အချို့ယာဉ်များမှာ မီတာတက်မြန်လွန်းသဖြင့် ဘိုးဘိုးအောင်အငှားယာဉ်ဟု ခေါ်ကြပြီး အသုံးပြုသူနည်းသည်။

မြို့လယ်ကောင်ရှိ အရှေ့မှအနောက်သို့ဖြောင့်တန်းနေသော ဗိုလ်ချုပ်လမ်းမှကမ်းနားလမ်းအထိ လမ်းမကြီး များနှင့် တောင်မှမြောက်သို့ဖောက်ထားသောလမ်းမကြီးများ၏ ဝဲ၊ယာ ပလက်ဖောင်းများပေါ် လမ်းလျှောက်ရသည်မှာ လွတ်လပ်မှုရှိသော်လည်း ရပ်နားထားသည့်ယာဉ်ငယ်များ အစီအရီ ရှိနေကြသည်။ နံပါတ်တပ်ထားသော လမ်းများမှာလည်း ထိုနည်းလည်းကောင်းဖြစ်သဖြင့် လမ်းအလယ်၌ ယာဉ်ငယ်တစ်စီးသွားသာရုံသာ ရှိသော်လည်း တစ်လမ်းမောင်းစနစ်ကြောင့် အခက်အခဲမရှိကြောင်း တွေ့ရသည်။ လမ်းမကြီးများပေါ်၌ ခေတ်မီမှန်လုံယာဉ်ကြီးများဖြင့် ၌YBS ယာဉ်လိုင်းများမှ ယာဉ်များပြေးဆွဲနေကြသလို လမ်းမကြီးများနှင့် လမ်းငယ်များပေါ်တွင်လည်း ခေတ်မီအငှားယာဉ်ငယ်များ ဥဒဟိုသွားလာနေကြသည်။ အငှားယာဉ်စီးခနှုန်းထားမှာ ခရီးစဉ်အလိုက် ယာဉ်မောင်းသူနှင့် ခရီးသည်တို့၏ ညှိနှိုင်းဈေးအတိုင်း ပေးရသည်များရှိသလို ဘိုးဘိုးအောင်အ ဆက်အနွှယ်ဟုဆိုရမည့် ယာဉ်မောင်းသူများက     အဆမတန်တောင်းကြသည်များလည်း ရှိကြသည်။ အချို့ယာဉ်မောင်းများက အပြန်ခရီးသည်ရှားခြင်းကြောင့် ပိုတောင်းရသည်ဟုဆိုကြသည်။ အချို့ယာဉ်မောင်းများက ဟိုဈေးနှုန်း၊ ဒီဈေးနှုန်းတွေ တက်နေခြင်းကြောင့် ယခင်နှုန်းထားထက်ပိုတောင်းရကြောင်း ပြောကြလေရာ ရန်ကုန်မြို့ကြီးဆီသို့ မယောင်မလည်ရောက်လာသူ အဖို့တော့ သက်သာမည်မဟုတ်ပေ။

မိုးဥတုဖြစ်သည့် အားလျော်စွာ  မှိုင်းမို့မို့နှင့်ညို့ညို့လွင်လွင်တိမ်လွှာတို့ တရွေ့ရွေ့ဖြင့် ရန်ကုန်မြစ်ကို ကျော်၍ မြို့လယ်ကောင်မှ အထပ်မြင့်အဆောက်အအုံများပေါ်ပြေးလွှားလာပြီဆိုလျှင် အစိုးမရသောရန်ကုန်မိုးက အငြိုးနှင့်ရွာလေသလားထင်ရသည်။ လိုင်းကားပေါ်ပြေးတက်ကြရသည်မှာလည်း လူကြားတိုးသွားရခြင်းကြောင့် ဘာလိုလိုနဲ့ တစ်ဝါဆိုခဲ့ပြန်ပြီ သီချင်းအတိုင်း ဝါဆိုပေါင်းများ ခဲ့ကြလေပြီဟု မှန်းဆရသောအုပ်စုနှင့် တွေ့ရကြုံရလျှင် ခက်ခဲသကဲ့သို့ သက်ကြီးဝါကြီးနှင့်ကလေးမိခင်များ၊ မိခင်လောင်းများတွေ့ရလျှင်လည်း ဦးစားပေးရသည်မှာ လူတို့ယဉ်ကျေးမှု ဖြစ်သဖြင့် ဥပဒေအရ မဟုတ်သော်လည်း လူမှုရေးနီတိကို လိုက်နာရမည် ဖြစ်သည်။

ရန်ကုန်မြို့လယ်   မိနစ်ခြောက်ဆယ်ခန့်စောင့်ကြည့်လေ့လာခဲ့ရာ  ယာဉ်အန္တရာယ်လျော့နည်းရေး ရည်ရွယ်ချက် လက်တွေ့ဖော်ဆောင်ရန်မှာ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ခြေကျင်လျှောက်သူတို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြရမည်ဖြစ်သည်။ ခြေကျင်လျှောက်သူတို့က လူကူးမျဉ်းကျားမှကူးရန်နှင့် ခုံးကျော်တံတား မှဖြတ်ကျော်ကြရန်ဖြစ်ပြီး ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများအနေဖြင့်လည်း ယာဉ်ရပ်နားရန် မဟုတ်သော နေရာများတွင်ရပ်နားခြင်းကို ရှောင်ကြဉ်ကြရန်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းခြင်းသည် သမ္မာအာဇီဝဖြစ်သည့် အားလျော်စွာ လည်သူစားကြေးစိတ်ဓာတ်မျိုးမထားဘဲ နှစ်ဦးနှစ်ဖက် သင့်တင့်သောအခြေအနေဖြစ်ဖို့ လိုအပ်ချက်ရှိနေသေးရာ စည်းကမ်းရှိပြီး နည်းလမ်းသိမှ အရာရာ အောင်မြင်နိုင်မည် ဖြစ်သည်ကို မမေ့မလျော့ကြရန်လိုကြောင်း မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 51 times Last modified on Tuesday, 27 August 2019 10:00