SJ WorldNews - шаблон joomla Авто

ဖြစ်ကြောင်းကုန်စင် ကိုယ့်အရိပ်ကို မှန်ထဲတွင် ဆင်ခြင်

Friday, 06 September 2019 12:05 font size decrease font size decrease font size increase font size increase font size

ရှုပ်ထွေးသော ဤလောကကြီးတွင် လူတို့သဘာဝ ကြုံတွေ့ရသည်များကို မြန်မာပညာရှိတို့ ညွှန်းဆိုထားကြရာ စစ်ရေး၊ မက်ရေး၊ ရန်သူဘေးကြောင့် အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း။

အစားအစာ၊ ထွားထွားဖြည့်ကြေ၊ ရှားပါးလေ၍၊ သေကျေပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။ ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။ အထက်ဖော်ပြခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါးထူထုံ၊ အလွန်နုံတ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍၊ မရှိတာထက်၊ မသိခက်သည်၊ ခက်ဘိတရား၊ မျိုးလေးပါးတည်းဟူ၍ ဖော်ပြထားသည်။

ပြည်ထဲရေးရာခက်သည်မှာ နိုင်ငံတစ်နိုင်ငံတည်းသာ မဟုတ်ဘဲ နိုင်ငံအသီးသီး၌ ကာလဒေသ ပယောဂအလျောက်ရှိကြရာ အနည်းနှင့်အများသာ ကွာခြားကြသည်။ ပြည်ထဲရေးရာ ခက်သည်မှာ အကြောင်းတရား များစွာကို တည်မှီ၍ ခက်ခဲရခြင်းဖြစ်သဖြင့် ပြည်သူတို့၏ ဝမ်းရေး၊ လွမ်းရေးတို့က တစ်ဆက်တည်း ပါဝင်လျက် ရှိခြင်းကြောင့် ပြည်ထဲရေးသည် နိုင်ငံရေးပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား တစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ အသင်းအဖွဲ့နှင့် နိုင်ငံရေးပါတီများ အနေဖြင့် လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အစဉ်ရှေးရှုကြရန် တာဝန် အသီးသီးရှိကြသည့် အားလျော်စွာ တာဝန်သိမှု၊ တာဝန်ရှိ၊ တာဝန်ယူမှုရှိကြရမည်ဖြစ်သည်။ ဆိုခဲ့သော အရေးတို့သည် နိုင်ငံသားတို့အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ သမိုင်းအစဉ်အလာမပျက် လက်တွဲ ဆောင်ရွက်နေကြသည်။

တိုင်းရင်းသားပြည်သူတို့၏    လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးရာ အဖြာဖြာတို့တွင် တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ သမိုင်းအစဉ်အလာမပျက် လက်တွဲဆောင်ရွက်နေကြချိန်တွင် နိုင်ငံရေးသည် ပြည်သူတို့အရေး ဖြစ်ကြောင်း သိလျက်မသိ ဟန်ဆောင်သူများနှင့် မသိနားမလည်သူများက အဖျက်အမှောင့် လုပ်ရပ်များဖြင့် နှောင့်ယှက်နေကြသည်မှာ ပြည်သူတို့အား  ဝမ်းရေးနှင့်လွမ်းရေး ကြုံတွေ့ရစေရန်  ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ ပြည်သူတို့အရေးကို ဆောင်ရွက်လိုသူသည် ပြည်သူကို ဦးစားပေးရမည်သာဖြစ်သည်။ ပြည်သူကို ဦးစားမပေးလျှင် ပြည်သူ့အရေးကို ဆောင်ရွက်နေသူ တစ်နည်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေသူ မဟုတ်ဘဲ ပြည်သူ့အရေးကို ဖျက်လိုဖျက်ဆီး လုပ်နေသူအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ နိုင်ငံ့အရေး(ပြည်သူ့အရေး)ကို ဆောင်ရွက်လိုသူသည် ကိုယ်ကျင့် တရား စောင့်ထိန်းရမည်။ ပြည်သူတို့အပေါ် စိတ်ရင်း စေတနာကောင်းထား၍ ကိုယ်ချင်းစာစိတ်နှင့် မေတ္တာတရားတို့ ရှိရမည်ဖြစ်သည်။ မဟုတ်မမှန်ကြံစည်တွေးတော၊ ပြောဆို၊ပြုမူခြင်း စသည့် မကောင်းမှုတို့ကို ရှောင်ကြဉ်နိုင်သူကိုသာလျှင် လူမှုတာဝန်ကျေပွန်သော လူကောင်းလူတော်အဖြစ် သတ်မှတ် ခံရမည်ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကြားသိရသော သတင်းများတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှ ဦးရဲလွင်တို့ ဇနီးမောင်နှံနှင့် ဈေးအကူရောင်းပေးသော အမျိုးသမီးတစ်ဦးတို့ နေအိမ်၌ရိုးသားစွာ ဈေးရောင်းနေကြစဉ် စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်လူငယ်ခြောက်ဦးခန့် ရောက်ရှိလာပြီး ဦးရဲလွင်နှင့် ဇနီးတို့အား အသင့်ယူဆောင်လာသော ဓားများဖြင့် အကြောင်းမဲ့ သတ်ဖြတ်ကြသည်။ ဈေးအကူရောင်းပေးသော အမျိုးသမီးမှာ  ကြောက်လန့်ထွက်ပြေးပြီး ၎င်း၏ဖခင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက    ကန်စောက် ရဲကင်းစခန်းသို့ ထပ်မံအကြောင်းကြားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဦးရဲလွင်နှင့် ဇနီးဖြစ်သူတို့ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။   သေဆုံးသူ လင်မယားနှစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းများအား ဝါးတောင်ရဲကင်းစခန်းသို့ ပေးပို့နေသည်ဟု ယူဆသဖြင့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ အမာခံများက  သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံသားတစ်ဦး အနေဖြင့် တိုင်းရင်းသား ပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရမည့် အစား ပြည်သူကို သတ်ဖြတ်နေကြသော အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မိမိကိုယ်မိမိ ကြေးမုံမှန်ပြင်တွင် ကြည့်၍ ဖြစ်ကြောင်းကုန်စင်ကို လူသားဆန်သော စိတ်ထားဖြင့် ဆင်ခြင်ကြရန် ဖြစ်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။       

Read 44 times Last modified on Friday, 06 September 2019 12:07