SJ WorldNews - шаблон joomla Авто

ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ခြင်းသည် စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်

Tuesday, 10 September 2019 09:06 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် သန္ဓေတည်ပေါက်ဖွားလာသော တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟူသော သန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတို့အပြင် တစ်ဖက်တစ်လမ်းမှ အမျိုးသားရေး လက္ခဏာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။

အမျိုးသားရေးလက္ခဏာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင် နေကြသော  စစ်သည်နှင့် စစ်သမီးများ၏  အနုပညာအရည်အသွေး မြှင့်တင်ပေးပြီး တိုင်းရင်းသားပြည်သူတို့၏ စစ်မှန်သည့်အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းစေရန်လှုံ့ဆော်နိုင်ရေးအတွက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို ၂ဝဝဝ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပြိုင်ပွဲစတင်ကျင်းပသည့် ၂ဝဝဝ ပြည့်နှစ်နှင့် ၂ဝဝ၁ ခုနှစ်တို့တွင်  ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ မန္တလေးမြို့၌ ကျင်းပခဲ့သည်။ ထို့နောက် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ်အထိ နေပြည်တော်၊ ၂ဝ၁၃ ခုနှစ်တွင် မန္တလေး၊ ၂ဝ၁၄ ခုနှစ်တွင် ရန်ကုန်၊ ၂ဝ၁၅ ခုနှစ်မှ ယခု ၂ဝ၁၉ ခုနှစ်အထိ နေပြည်တော်တို့တွင် အသီးသီး ကျင်းပခဲ့ပြီးဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲကို နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ စက်တင်ဘာ ၂ ရက်ကကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ''မိမိတို့တိုင်းရင်းသား ညီအစ်ကိုများ အားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးကိုချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်စေရန် ကိုယ်စီကိုယ်င ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝနေရန်အရေးကြီးကြောင်း၊ မြန်မာပီပီ ကိုယ့်မြေကိုချစ်၊ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထား မြတ်နိုးတတ်ခြင်းသည် စစ်မှန်သည့်အမျိုးသားရေး စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံသားတစ်ဦးအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းလည်းဖြစ်ကြောင်း'' အလေးအနက်ပြောကြားသည်။

မြန်မာဆိုသည်မှာ ပြည်ထောင်စုကြီးအတွင်း ရှေးနှစ်ပေါင်းများစွာမှစ၍ အေးအတူပူအမျှအတူတကွ နေထိုင်လာကြသော သမိုင်းအစဉ်အလာရှိသည့် တိုင်းရင်းသား လူမျိုးတစ်ရာကျော်တို့အား ကိုယ်စားပြုထား ခြင်းဖြစ်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို အရယူပေးခဲ့ပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြည်သူတို့နှင့် လက်တွဲထိန်းသိမ်း ကာကွယ်စောင့်ရှောက်လျက်ရှိသော နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခု ဖြစ်သည့်တပ်မတော်တွင် တိုင်းရင်းသားပြည်သူတို့၏ ရင်သွေးများက မိမိတို့ဆန္ဒအလျောက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်နေကြသည်။ ပြည်သူနှင့် တပ်မတော်တို့ တစ်သားတည်းရှိသော သမိုင်းအစဉ်အလာနှင့် အညီ တိုင်းရင်းသားပြည်သူတို့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ကြမှသာ နိုင်ငံသားတစ်ဦး၏ အမျိုးသားရေးတာဝန်ကျေပွန်ကြမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နေထိုင်ကြသော ပြည်သူတို့သည် ၄င်းတို့ကိုယ်ပိုင်ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးကြသကဲ့သို့ အမျိုးသားရေး စိတ်ဓာတ်ကိန်းအောင်းကြသူများဖြစ်ပြီး တိုင်းတစ်ပါးသို့ ၄င်းတို့ယဉ်ကျေးမှုပျံ့နှံ့စိမ့်ဝင်ရေးကိုပါ ကြိုးပမ်းနေကြသည်ကို တွေ့နိုင်ကြသည်။

အခြားတစ်ဖက်တွင်လည်း ဘာသာတရားနှင့် အနုသုခုမ ယဉ်ကျေးမှုတို့ကို မျက်ကွယ်ပြုသည့်ခေတ်များတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်များ ယုတ်လျော့ခြင်း၊ အမျိုးသားရေးနှင့် ကျေးဇူး သစ္စာများ ပျက်ယွင်းခြင်းများ ရှိခဲ့ခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုးများအနေဖြင့် ကြီးမားသည့်အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရသည့် သာဓကများကိုလည်း တွေ့ရမည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိကျင်းပခဲ့သည့် မရည်ရွယ်ချက်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမ ပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ် များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်ကိုအရင်းခံသည့် မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်လာစေရန်ဟူသော ရည်ရွယ်ချက်နှစ်ရပ်ကို ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအပေါင်းတို့အနေဖြင့် ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထား တတ်ခြင်းသည် စစ်မှန်သည့်အမျိုးသားရေးစိတ်ဓာတ်ဖြစ်ကြောင်း ထာဝစဉ်နှလုံးသွင်းအပ်ကြောင်း မြဝတီက  တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 45 times Last modified on Tuesday, 10 September 2019 09:10