(၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်)
မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးကွန်ရက်များ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တရားမဝင် ဆက်သွယ်ရေး ကြိုးများတပ်ဆင်ခြင်းနှင့် တရားဝင် တပ်ဆင်ပါ ကလည်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ မြို့နယ်များ၌ စစ်ဆေးလျက် ရှိကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ လျှပ်စစ်မီးတိုင်များပေါ်၌ လျှပ်စစ်နှင့် ဆက်သွယ်ရေး လိုင်စင်ရကုမ္ပဏီများက ဆက်သွယ်ရေးကြိုးများ တပ်ဆင်ရာတွင် တိုင် တစ်တိုင်လျှင် ကေဘယ်လ်သုံးကြိုးသာ တပ်ဆင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်သည်။ ဖိုက်ဘာကေဘယ်လ် သွယ်တန်းထားမှု စနစ်တကျ ဖြစ်စေ ရေး ညွှန်ကြားနိုင်ရန် အသေးစိတ် စစ်ဆေးရေးလုပ်ငန်းများကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက တင်ဒါခေါ်ယူထားသည့် အကြံပေး ကုမ္ပဏီများနှင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မြို့နယ်အလိုက် ဖိုက်ဘာကေဘယ်လ်နှင့် အင်တာ နက်ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီများ အနေဖြင့်လည်း အကြံပြုချက်များ အတိုင်း နှစ်လမှသုံးလအတွင်း ဆောင်ရွက်ကြရန်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခြင်း မရှိပါက ဆက်သွယ်ရေးဥပဒေအရ အရေးယူမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး အများပြည်သူ သိရှိလိုက်နာကြရန် ပြဋ္ဌာန်း ထားသည်။ ဆက်သွယ်ရေး ဥပဒေ၏ အခန်းပေါင်း ၁၉ ခန်း၌ ပြဋ္ဌာန်းထားသော ပုဒ်မပေါင်း ၈၉ ခုပါဝင်သည်။ ဆက်သွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူပြု နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေး ကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ အခွင့်အလမ်း တူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေး မြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့်အတူ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိ လာနိုင်စေရန်၊ ဆက်သွယ်ရေးလုပ်ငန်း တည်ထောင်လုပ်ကိုင်သူနှင့် အသုံးပြုသူ တို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး နှင့်အများပြည်သူ လုံခြုံရေးကိစ္စများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက် အထောက်အကူပြု ပစ္စည်းများနှင့် လိုင်စင်ရယူပြီးမှသာ အသုံးပြုခွင့်ရှိသော ဆက်သွယ်ရေး ပစ္စည်းများကို ကြီးကြပ်နိုင်ရန်တို့ဖြစ်သည်။
ဆက်သွယ်ရေးကွန်ရက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး ပစ္စည်းဆိုသည်များ ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃ ၏ပုဒ်မခွဲ(ဃ၊ စ၊ ည)တို့တွင် အဓိပ္ပာယ် အသီးသီး ဖွင့်ဆိုထားသည်မှာ ဆက်သွယ်ရေးကွန်ရက် ဆိုသည်မှာ ဆက်သွယ်ရေး နည်းပညာ တစ်ခုခုကို အသုံးပြုပြီး ကွန်ရက် အထောက်အကူပြုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ကွန်ပျူတာ၊ ကွန်ပျူတာကဲ့သို့သော အလားတူပစ္စည်း၊ ယင်းတို့နှင့် တွဲဖက်အသုံးပြုနိုင် သည့် စနစ်နှင့်ပစ္စည်းကို ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ အချင်းချင်း ချိတ်ဆက် အသုံးပြု သော စနစ်ကိုဆိုသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆိုသည်မှာ ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း၊ ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းနှင့် အသုံးချ ဝန်ဆောင်မှု လုပ်ငန်းများအနက် လုပ်ငန်းတစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လုပ်ကိုင် ဆောင်ရွက်ခြင်းကို ဆိုသည်။ ဆက်သွယ်ရေးပစ္စည်းဆိုသည်မှာ ဤဥပဒေ အား အထောက်အကူပြုရန်အလို့ငှာ ဝန်ကြီးဌာနက သီးခြားသတ်မှတ်သော ဆက်သွယ် ရေးပစ္စည်းကို ဆိုသည်ဟု ဖော်ပြထားသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ရရှိထား သူလုပ်ငန်းရှင်များသည် ဥပဒေရည်ရွယ်ချက်များကို ကူညီဖြည့်ဆည်းပေးလိုသော စေတနာနှင့် ထပ်တူ ဥပဒေ၌ပြဋ္ဌာန်းထားပြီးသော လိုင်စင်ရရှိသူ၏ တာဝန်များကို လိုက် နာဆောင်ရွက်ကြရာတွင် ကွန်ရက်အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ခြင်း၊ ထိန်း သိမ်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ ဌာနဆိုင်ရာတို့ကလည်း စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူရမည့် တာဝန်ရှိကြသည်။
ထို့ကြောင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေသည် ယနေ့ဆိုလျှင် ခြောက်နှစ်ပြည့်ရန် ရက်ပိုင်းမျှသာလိုတော့ ရာ ဆက်သွယ်ရေး လုပ်ငန်းတည်ထောင် လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်ရန် ဥပဒေနှင့်အညီသာ လုပ်ကိုင် အသုံးပြုကြရန်ဖြစ် ကြောင်း မြဝတီက ထပ်လောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။