SJ WorldNews - шаблон joomla Авто

နှလုံးသားပုဂံမြို့ လှပစေဖို့

Tuesday, 01 October 2019 11:32 font size decrease font size decrease font size increase font size increase font size

နှလုံးသားပုဂံမြို့ လှပစေဖို့

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် ဒေသခံပြည်သူများနှင့် ပြည်တွင်း ပြည်ပဘုရားဖူး ခရီးသွား ဧည့်သည်များ နေ့စဉ်သွားလာ အသုံးပြုနေကြသည့် လမ်းမတော်လမ်းသည် မိုးရွာသော အချိန်တိုင်း ရေထွက်ပေါက် မရှိဖြစ်ကာ မိုးရေများ ရေအိုင်သဖွယ် ဖြစ်နေခြင်းကြောင့် ခရီးသွားသူများ သွားလာရာတွင် အဆင်မပြေဖြစ်နေကြောင်း နေ့စဉ်ထုတ်သတင်းစာ တစ်စောင်၌ တွေ့ရသည်။

မြန်မာတို့၏ နှလုံးသားပုဂံကို သူတော်ကောင်းရှင် အရဟံမထေရ်မြတ်နှင့် မင်းကောင်းအနော်ရထာ၊ ကျန်စစ်သားတို့၏ ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ကြသည့် မြင်ကွင်းကို ဆရာဇော်ဂျီရေးဖွဲ့သော ရှေးခေတ် ပုဂံပြည်ကဗျာတစ်ပုဒ်လုံး သီကုံးထားသည့်အနက်မှ ''စေတီနဲ့တန်ဆောင်း၊ ဆည်ချောင်းနဲ့စပါးနှံ၊ ရွှေပေါက္ကံပြည်တကြောမှာ၊ ပေါချင်တိုင်း ပေါတဲ့ပြင်၊ ဝပြောတဲ့ သာသနာ၊ ခေါင်းလောင်းသံညံမစဲရယ်နဲ့၊ ပုဂံပွဲသာလွန်းလို့၊ လာသူလာသွားသူသွား၊ အသည်သား မင်းမှုထမ်း၊ တစိတ်ဝမ်းတလက်ညီ၊ ပြည်ရေးကို ပြိုင်တူချီကြတော့၊ ပြည်တော်မြတ်ပဲ့တင်သံ၊ ဘဝဂ်ကပြန်ပါရော့''ဟူ၍ အထင်အရှားတွေ့ရသည်။ ပထမမြန်မာနိုင်ငံတော် ပုဂံပြည်ကြီးသည် ခေတ်ကာလ ရွေ့လျားသည့်တစ်လျှောက် ဒုတိယမြန်မာနိုင်ငံတော်ခေတ်၊ တတိယမြန်မာနိုင်ငံတော်ခေတ်၊ မြန်မာတို့ ထီးကျိုးစည်ပေါက် ဖြစ်ရသည့်ခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်တို့ကို အစဉ်အတိုင်း ကြုံတွေ့ခဲ့ဖူးသည်။ ခေတ်အဆက်ဆက် ညီညွတ်ရေးနှင့် အသက်ရှည်ရှည် ခင်ခင်မင်မင် နေထိုင်ခဲ့ကြသည်များ၊ ညီညွတ်ရေး ပျက်ပြားသဖြင့် ကမ္ဘာစစ်ကြီးနှစ်ကြိမ် အပါအဝင် အသက်အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးကြရသည်များကို ကြုံတွေ့ခဲ့ဖူးသည့် အလားတူ သဘာဝဘေးဒဏ်များကိုလည်း ကြုံတွေ့ရဖူးသဖြင့် လှည်းဝင်ရိုးသံ တညံညံဟူသော ဘိုးဘွားတို့၏ ယဉ်ကျေးမှု အမွေသည် အနည်းငယ်သာ ကျန်တော့သည်။

သို့သော် မြန်မာမှန်လျှင်  ပုဂံကိုရောက်ဖူးရမည် ဆိုထားသည့်အတိုင်း ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွားများ ပို၍ အလာများကြသည်။ ပြည်ပခရီးသွားများမှ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လာရောက်လေ့လာလည်ပတ်ကြရင်း ပုဂံရှုခင်း ပုဂံအလှကို ခံစားကြသည်။ ဘိုးဘွားတို့ အမွေထားရစ်ခဲ့ကြသော ဘုရား၊ ကျောင်း၊ တန်ဆောင်း စသည်တို့ကိုလည်း သက်ဆိုင်ရာတို့က ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ကြသဖြင့် မြန်မာပြည်သူ အပေါင်းတို့၏ နှလုံးသားပုဂံသည် ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ အခြေအနေတွင်ရှိသည်။ အလာကောင်းသော်ငြား အခါနှောင်းသွားသော သမ္ဗူလတို့ သားအမိ၏ မေတ္တာနှင့် သစ္စာတရားကလည်း စံထားဖွယ်ဖြစ်သည်ကို မမေ့အပ်ပေ။

မြန်မာတို့၏နှလုံးသားပုဂံမှာ  ထင်ရှားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမှ   အလှမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ စသည့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များကို ရှေးမူမပျက်ထိန်းသိမ်း ထားရသော်ငြား ခေတ်ကာလအလျောက် ရွေ့လျားပြောင်းလဲလာသော မြို့သစ်အခင်းအကျင်းများကိုကား ခေတ်နှင့်အညီ ပြုပြင် နိုင်သည့် အနေအထားရှိသည်။ မြို့ပြအခင်းအကျင်းများတွင် အဓိကပါဝင်သော  လမ်းခင်းသည့် နည်းစနစ်သည်လည်း  လူတို့၏ သမိုင်းစဉ်တစ်လျှောက်  တီထွင်ဆန်းသစ်မှု ရေစီးကြောင်းအတိုင်း အပြောင်းအလဲ ရှိသည်။ လမ်းခင်းကြရာတွင် ဖုန်အလိမ်းလိမ်းထသောလမ်းမှ  ကျောက်စရစ်ခင်းသောလမ်း၊ ကျောက်စရစ်ခဲ၊  သဲနှင့်ကတ္တရာရောသမခင်းသောလမ်း၊  ဘိလပ်မြေကွန်ကရစ်ခင်းသောလမ်း စသည်ဖြင့် တတ်နိုင်သည့် အတိုင်း အတာပေါ် မူတည်အသုံးပြုလာကြရာမှ ယနေ့ခေတ် အသုံးပြုနေကြသည်မှာ ကျောက်မီးသွေး တွင်းများမှရသော တွင်းထွက်ကတ္တရာစေး (Bitumen) ဖြစ်ကြောင်း သိရသည်။ တွင်းထွက်ကတ္တရာတွင် ကာဗွန်ပါဝင်မှု များပြီး ဟိုက်ဒရိုဂျင်၊ ဆာလဖာ၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် အခြားတွင်းထွက်သတ္တုများတွင် ပါဝင်လေ့ရှိသော ဓာတ်အနည်းငယ်စီ ပါဝင်ကြောင်း  ကျွမ်းကျင်သူများက ဖော်ပြထားကြသည်။ လမ်းခင်းရန်ကတ္တရာချက်ရာတွင် အဆိုပါ ဓာတ်များနှင့် အနံ့အသက်တို့က ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ လမ်းခင်း ရာတွင် ကျောက်ခဲ၊ ဘိလပ်မြေနှင့် သဲတို့ကို ရောမွှေထားသော  ကွန်ကရစ် အသုံးပြုခြင်းသည် လေထု ညစ်ညမ်းမှု သက်သာသည့်အပြင် ကတ္တရာခင်းလမ်းထက်ပို၍ အရည်အသွေးကောင်းသည်ဟုဆိုကြသည်။

ယနေ့ နည်းပညာတိုးတက်သောနိုင်ငံများတွင် ကတ္တရာခင်းလမ်း၊ ကွန်ကရစ်ခင်းလမ်းတို့နေရာတွင် စွန့်ပစ်ပလတ် စတစ်ကို အသုံးပြု၍ လမ်းခင်းနေကြခြင်းကြောင့် အမှိုက်ပြဿနာကို ဖြေရှင်းပြီးဖြစ်သည့် အပြင် လေထုညစ်ညမ်းမှု သက်သာသဖြင့် သက်ရှိများ အသက်ရှင်ရပ်တည်ရေးကို ကြီးမားသော အထောက်အကူ ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာတို့၏ နှလုံးသား ပုဂံမြို့ဟောင်းမှ ဘုရားအိုကျောင်းပျက်တို့ကို ခေတ်အဆက်ဆက် မပျောက်ပျက်အောင် ထိန်းသိမ်းလာကြသကဲ့သို့ ယနေ့ခေတ်တွင်လည်း ထိန်းသိမ်းလျက်ရှိကြရာ မြို့ပြအခင်းအကျင်း ကိုလည်း ရှိသင့်သော အခြေအနေရှိရအောင် အကျိုးဆောင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

 

Read 61 times Last modified on Wednesday, 02 October 2019 08:03