SJ WorldNews - шаблон joomla Авто

လမ်းနှစ်သွယ် ဘယ်ဝယ်ဘယ်ကမ်း ဆိုက်မည်နည်း

Wednesday, 02 October 2019 09:28 font size decrease font size decrease font size increase font size increase font size

ဘဝအထွေထွေမှာ မနေမနားရုန်းကန် လှုပ်ရှားရင်း ငယ်ရာမှ ကြီးပြင်းလာကြသောလူတို့အတွက် အမှတ်တရဖြစ်စရာ ရှိကြသည်မှာ သဘာဝဖြစ်သည်။ မြန်မာစာပေပညာရှင်ကြီး ဒေါက်တာခင်အေး(မောင်ခင်မင်၊ ဓနုဖြူ) ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီး၌ ပညာသင်ကြားစဉ်က ဆရာတို့အသိုင်းအဝိုင်းတွင် မှတ်မှတ်ရရ ဖြစ်နေသော သီချင်းနှစ်ပုဒ်ရှိသည့်အနက် တစ်ပုဒ်က ''စောကြိုလှည့်ပါ''သီချင်းဖြစ်ပြီး ခြေဆင်းစာသားများမှာ ''အချစ်တံခါးကို အခါခါခေါက်သဖြင့်လည်း၊ သူမဖွင့်လာချေ၊ သိပင်သိရက်နဲ့၊ ပြေးထွက်ချင်သူရေ''ဟူ၍ ကဗျာဆန်ဆန်ဖွဲ့ထားကြောင်း တွေ့ရသည်။

သီချင်းရေးဆရာ၏ အတွေးနှင့်ရည်ရွယ်ချက် အတိအကျ မသိရသော်ငြား လူတို့သဘောမနောကိုကား အနီးစပ်ဆုံး ခန့်မှန်းနိုင်သည့် ခြေဆင်းတေးစာသားဖြစ်သည်။ ပုထုဇဉ်တို့လောက၌ လူအမျိုးမျိုးစိတ် အထွေထွေရှိကြရာ စူးစမ်းဆင်ခြင် သင့်ကြောင်း ဂေါတမမြတ်စွာ ဘုရားဟောကြားတော်မူသော မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒဝဂ်၊ ဝိတက္ကသဏ္ဌာနသုတ်တော်၌ ဤသို့တွေ့ရသည်။ လျင်မြန်စွာပြေးသွားနေသော ယောက်ျားသည် ငါဘာကြောင့် ပြေးသွားရမည်နည်း၊ ဖြည်းဖြည်းပဲသွားရလျှင် ကောင်းပေမည်ဟု တွေးတောလျက် ဖြည်းဖြည်းသွားနေစဉ်မှာပင် ဘာကြောင့်ဖြည်းဖြည်း သွားရမည်နည်း၊ ရပ်နေရလျှင် ကောင်းပေမည်ဟု တွေးတောကာ ရပ်နေ၏။ တစ်ဖန် ဘာကြောင့်ရပ်နေ ရမည်နည်း၊ ထိုင်နေရလျှင်ကောင်းပေမည်တွေးမိကာ ထိုင်နေ၏။

ထိုင်နေရင်း ဘာကြောင့်ထိုင်ရမည်နည်း၊ အိပ်နေရလျှင် ကောင်းပေမည် တွေးတောကာ အိပ်နေ၏။ ယင်းသို့လျှင် ထိုယောက်ျားသည် သူ၏ခန္ဓာကိုယ် ဣရိယာပုတ်ကို ပိုမို၍သက်သာမှု ရှိစေရန် တွေးတောကာ ပြုပြင်ပြောင်းလဲသည်။ မိမိ၏ စိတ်သန္တာန်၌ ရာဂ၊ ဒေါသ၊ မာနနှင့်ယှဉ်သော မကောင်းမှုများ ဖြစ်ပေါ်လာသော် ဘာကြောင့်ဖြစ်ပေါ်လာရသနည်းဟူ၍ အဖန်ဖန်ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲလိုက်လျှင် မကောင်းမှု အာရုံချုပ်ငြိမ်းပျောက်ကွယ်သည်နှင့် ကောင်းမှုအာရုံ အစားထိုးရောက်လာရာ၏ ဟူ၍ အဆင့်ဆင့်စူးစမ်းအပ်ကြောင်း ဥပမာ ကောင်းပြထားသည်။

ဒုတိယဥပမာမှာ သစ်ပင်ကြီးငယ်တို့ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော တောအုပ်ကြီးအတွင်း၌ နက်ရှိုင်းလှသော ရွှံ့ညွန်အိုင်ကြီး၌ သားသမင်အပေါင်းတို့ အမှီပြု၍ ပျော်မွေ့ကျက်စားနေကြသည်။ ထိုသားသမင်တို့အတွက် ရေအိုင်ကြီးသို့ဝင်ထွက်ကြရာ လမ်းနှစ်သွယ်ရှိသည်။ လမ်းတစ်လမ်းက ဘေးအန္တရာယ်ရှိသော လမ်းဆိုးဖြစ်ပြီး အခြားတစ်လမ်းက ဘေးရန်ကင်းသောလမ်းဖြစ်သည်။ သားသမင်အပေါင်းတို့အား  ဆင်းရဲပင်ပန်းပျက်စီးစေလိုသ တစ်ယောက်က ဘေးရန်ကင်းသော လမ်းကောင်းကို ပိတ်ဆို့ထားပြီး ဘေးရန်ရှိသော လမ်းဆိုးကိုဖွင့်ထားလေသည်။ တည်သမင်မနှင့်တည်သမင်ဖိုတို့ကိုလည်း  ထိုလမ်းဆိုးဘက်တွင်ထားရှိလေ၏။ နောက်တစ်ယောက်က သားသမင် အပေါင်းတို့အား ဆင်းရဲပင်ပန်းခြင်းမှ လွတ်၍ ချမ်းသာခြင်းရှိစေလိုသူ ဖြစ်သဖြင့် ဘေးအန္တရာယ်ရှိသော လမ်းဆိုးကို ပိတ်ထားပြီး ဘေးရန်ကင်းသော လမ်းကောင်းကို ဖွင့်ပေးထား၏။ မြတ်စွာဘုရားညွှန်ပြသော ဥပမာစကားရပ်များကို တွေးကြည့်လျှင် မည်သည့်လမ်းကိုရွေးသင့်ကြောင်း ကောင်းစွာ သိမြင်နိုင်မည် ဖြစ်သကဲ့သို့ နှစ်မြုပ်သူနှင့် ဖေးမကူညီသူတို့၏ စေတနာကိုလည်း အမှန်အတိုင်း ဆန်းစစ်သိမြင်နိုင်မည် ဖြစ်သည်။

ဘေးရန်ကင်းသော လမ်းဟူသည် ဉာဏ်ပညာ၊ သစ္စာ၊ သမာဓိနှင့်ပြည့်စုံသူတို့၏ ကျင့်စဉ်ဖြစ်သည့် မှန်ကန်သောဉာဏ်အမြင်၊ မှန်ကန်သော အကြံအစည်၊ မှန်ကန်သောပြောဆိုမှု၊ မှန်ကန်သောပြုလုပ်မှု၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သောအားထုတ်ခြင်း လုံ့လ၊ မှန်ကန်သောအောက်မေ့ခြင်း၊ မှန်ကန်သောတည်ကြည်ခြင်း တို့ဖြစ်သည်။

ပုထုဇဉ်လောကသားတို့ သဘာဝ စွဲလမ်းတပ်မက်မှုရာဂ၊ အမျက်ထွက်မှုဒေါသ၊ ထောင်လွှားတက်ကြွမှု မာနတရားရှိကြသည်သာ ဖြစ်သော်လည်း အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဝေဖန်ပိုင်းခြားကြရာတွင် ငါပဲ၊ သူပဲအစွဲကင်းကြရမည် ဖြစ်သည်။ မြွေဆိပ်နှင့်တူသော အမျက်ဒေါသကိုလည်း ထိန်းချုပ်နိုင်ကြရမည်ဖြစ်သည်။ ထို့အတူ ထောင်လွှားတက်ကြွမှု မာနတရားကြောင့် ပြည်သူများအပေါ် မေတ္တာမထားနိုင်တော့ဘဲ လောကပါလ တရားများ ထွန်းကားရေးကို သွေဖည်သွားစေခဲ့သည့် သာဓကများရှိခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်ကြရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ တပ်မတော်က အပစ်အခတ် ရပ်စဲပေးထားသည့် ကာလအတွင်း လူဟန်ကို တစ်ဖုံပြောင်း၍ ဆွေးနွေးပွဲသို့ လာရောက်ကြသူများမှာ အကြောင်းအချက် မခိုင်လုံမရေရာ သဖြင့် အောင်မြင်မှုရလဒ် မတွေ့ရခြင်းမှာ ''စောကြိုလှည့်ပါ''သီချင်းခြေဆင်းကို ပြန်လည်သတိရရင်း ပြည်သူ့အကျိုးအတွက် ရွေးချယ်ကြမည့် လမ်းနှစ်သွယ် ဘယ်ဝယ်ဘယ်ကမ်းဆိုက်မည်လဲ အတွေးနယ်ချဲ့ ရတော့သည်။  

Read 95 times Last modified on Wednesday, 02 October 2019 09:31