SJ WorldNews - шаблон joomla Авто

ကစ္ဆပနဒီနိဒါန်းချီ ယခင်ကာလများဆီသို့

Friday, 04 October 2019 08:49 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ရခိုင်ပြည်နယ်အတွင်းရှိ မြစ်များတွင် ကစ္ဆပနဒီမြစ်သည် အရှည်လျားဆုံးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ပြင်ဆင်ကြစဉ်က မြန်မာလူငယ်များ အိန္ဒိယသို့ လျှို့ဝှက်သွားကြရာတွင် အဆိုပါမြစ်ကြောင်းအတိုင်း ဆန်တက်သွားကြသည့် အတွေ့အကြုံများ ဖော်ပြထားသည့် မြို့ဟောင်းမှပလက်ဝသို့ ဆောင်းပါးဖတ်ရဖူးသည်။ အိန္ဒိယသို့လျှို့ဝှက်သွားကြသည့် မြန်မာလူငယ်တို့ကို ဒေသခံတိုင်းရင်းသား ပြည်သူများက ကူညီပို့ဆောင်ပေးကြသည်မှာလည်း အရေးကြီးလျှင် သွေးနီးကြသည့် မှတ်တမ်းတစ်ခုအဖြစ် တွေ့ရသည်။

ယခုတော့ ယခင်လိုမဟုတ်ပါဘဲ အကြောင်းမကောင်းသည့်လုပ်ရပ်များရှိကြောင်း ကြားသိရသည်မှာ ပလက်ဝနယ်မြေအတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စားသုံးရန် ရိက္ခာများတင်ဆောင်၍ ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမှ ပလက်ဝသို့ ထွက်ခွာလာသည့် ရေယာဉ်သုံးစင်းအား စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မီးဝကျေးရွာအနီးအရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရသည်။ အလားတူ အောက်တိုဘာ ၁ ရက် နံနက် ၁ နာရီ၁၅ မိနစ်ခန့်တွင်လည်း ရိက္ခာများ တင်ဆောင်လာသည့် ရေယာဉ်များအား အဆိုပါ ကျေးရွာအနီး၌ပင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက အသင့်စောင့်ကြို၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံနှောင့်ယှက် ပစ်ခတ်လာခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စေတီပုထိုးများ၊ ကျေးရွာ၊ ရပ်ကွက်များအား အကာအကွယ်ရယူ၍ အရပ်ဘက်ပစ်မှတ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်မှုများအား မကြာခဏနှောင့်ယှက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ အမှန်ဆိုရလျှင် ရခိုင်ဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကပင် တရားမဝင်ကျူးကျော်  ဝင်ရောက်လာသူများက ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်နေရာများကို အပိုင်စီးရန် ကြံစည်ကြသဖြင့် တပ်မတော်က တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ ထိုအချိန်က  တပ်မတော်သာ စွန့်လွှတ်စွန့်စားတိုက်ပွဲ မဝင်နိုင်ခဲ့သော် လွတ်လပ်ရေးရပြီး  ပြည်ထောင်စုမြန်မာနိုင်ငံမြေပုံ၌  ရခိုင်တိုင်းရင်းသားတို့ ဘိုးဘွားပိုင်ဒေသများ ပါဝင်နိုင်ပါမည်လား စဉ်းစားရန်ဖြစ်သည်။ တပ်မတော်က မူဂျာဟစ်သောင်းကျန်းသူများအား နှိမ်နင်းရာ၌ ၁၉၅၁ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် မေယုစစ်ဆင်ရေးဖြင့် တစ်ကြိမ်၊ ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် မုတ်သုံစစ်ဆင်ရေးဖြင့် တစ်ကြိမ် တိုက်ခိုက်နှိမ်နင်းသဖြင့် မူဂျာဟစ်များ နယ်စပ်ဒေသများသို့  တိမ်းရှောင်သွားကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ ခုနှစ်တွင် ပြည်တော်သာ စီမံကိန်းဖြင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။  ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်  လျာထားချက်၌  ပဲခူးချောင်းဖျားမှ ဇောင်းတူ၊ ရခိုင်ပြည်နယ်မှ စိုင်းဒင်၊ ကယားပြည်နယ်မှ လောပိတတို့ကို လျာထားကြသော်လည်း နယ်မြေလုံခြုံရေး အခြေအနေအရ လောပိတရေအား လျှပ်စစ်စီမံကိန်း တစ်ခုသာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ နေ့မြင်ညပျောက်တံတားဆောက် အခြေအနေများ မရှိတော့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်မှ ဇောင်းတူရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး စိုင်းဒင်စီမံကိန်းမှာ ရပ်တန့်နေကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ၂ဝ၁ဝ ပြည့်နှစ်အထိ တပ်မတော်အစိုးရ လက်ထက် ဆောင်ရွက် ပေးခဲ့သည်များမှာ မော်တော်ကားလမ်း ၁၁ဝ၉ မိုင်၊ ပေ ၁၈ဝ အထက်တံတား ၅၂ စင်း၊ လေယာဉ်ပြေးလမ်း ပေ ၅ဝဝဝ အထက်လေယာဉ်ကွင်းသုံးကွင်း၊ ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှစ်စင်း၊  နိုင်ငံခြားသင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်းတို့ကို တည်ဆောက်ပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း စီးဆင်းသောမြစ်ချောင်းများ ပေါများခြင်းကြောင့် လမ်းဖောက်ရေးနှင့် လမ်းခင်းရာတွင် အခက်အခဲများရှိသည်ကို ကျော်လွှားနိုင်အောင် ကြိုးစားဖောက်လုပ်ခဲ့ရာ ယနေ့အချိန်တွင် ရခိုင်ပြည်နယ်နှင့် ညီနောင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ အလွယ်တကူ သွားလာနိုင်ကြပြီ ဖြစ်သည်။

ထို့ကြောင့် တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေး မရမီ ကာလမှစ၍ ရခိုင်ဒေသတွင် ရှေးနှစ်ပေါင်းများစွာကပင် နေထိုင်ခဲ့ကြသော တိုင်းရင်းသားပြည်သူများအတွက် အမွေဆက်ခံကြစေခြင်းငှာ ကာကွယ်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး နောင်ကိုလည်း ဆက်လက် ကာကွယ်မည်ဖြစ်ကြောင်း မြဝတီက ထပ်လောင်း ကြေညာပါသည်။     

Read 62 times Last modified on Friday, 04 October 2019 08:50