ယနေ့ ကမ္ဘာ့နိုင်ငံများ၌ သက်ကြီးရွယ်အိုတိုးပွားမှုနှုန်း မြင့်တက်လျက်ရှိရာ ၂ဝ၅ဝ ပြည့်နှစ် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုဖြစ်မည်ဟု ခန့်မှန်းထားကြပြီး အချို့နိုင်ငံများတွင် ယခုရှိနေသော အရေအတွက်ထက် နှစ်ဆမှသုံးဆအထိ တိုးပွားလာမည်ဟု မျှော်မှန်းထားကြသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁ဝ သိန်းစီကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင်သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြု နိုင်ရန်အတွက် အမျိုးသားလူမှုရေးပင်စင်ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က စတင် အကောင်အထည်ဖော်လာခဲ့ရာ ယခုအခါ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ ၁၈ဝဝဝဝ ကျော်သည် တစ်လငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် သုံးလတစ်ကြိမ် ငွေကျပ် ၃ဝဝဝဝ ပုံမှန်ခံစားခွင့်ရနေကြပြီ ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ တတ်စွမ်းနိုင်မှုအပေါ် မူတည်ပြီး အကျုံးဝင်အသက်ကိုလျှော့ချပြီး ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့် ငွေကြေးတိုးမြှင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်ကကောက်ယူသော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၆ဝ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ သက်ကြီးရွယ်အိုများအတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဟူ၍ နှစ်မျိုးရှိကြရာ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့အနေဖြင့် သက်သောင့်သက်သာဖြင့် လုံခြုံအေးချမ်းသောနေရာ၊ အာဟာရဖြစ်စေသော အစားအစာ၊ ဆေးဝါး စသည်တို့လိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့အနေဖြင့် သက်ကြီးရွယ်အိုများအား စာနာစိတ်ထား၍ ဖေးမကူညီမှုများကို နွေးနွေးထွေးထွေးဆောင်ရွက်ပေးရန်ဖြစ်သည်။ ယနေ့သက်ကြီးရွယ်အိုများသည် ယခင်နုပျိုစဉ် ကာလက မိသားစုတာဝန်၊ လူ့အဖွဲ့အစည်းတာဝန်၊ နိုင်ငံတော်တာဝန် စသည်ဖြင့် မိမိတို့နိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။ နှောင်းလူတို့လျှောက်လှမ်းနေသော လမ်းသည် အဘိုးအဘွားတို့ နုပျိုစဉ်က ခင်းကျင်းပြုပြင် ထိန်းသိမ်းခဲ့ကြသောလမ်း ဖြစ်သည်။ ယခုအချိန်တွင် ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှု ယုတ်လျော့သွားသည့် တိုင်အောင် အတွေ့အကြုံဗဟုသုတနှင့် အကြံဉာဏ်များဖြင့် ဖေးမကူညီနေကြသည်။ လူငယ်များကလည်း သက်ကြီးရွယ်အိုများ နားနေအရိပ်ခိုနိုင်ရန် ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများ ဆောက်လုပ်၍ ကုသိုလ်ပြုနေကြသည်မှာ မုဒိတာပွားဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို အခန်း ၁၇ ခန်းဖြင့် ၂ဝ၁၆ ခုနှစ်က ပြဋ္ဌာန်းထားရာ အခန်း(၂)၌ ဥပဒေ၏ရည်ရွယ်ချက်ကိုးချက်ကို ဖော်ပြထားသည်။ ဥပဒေ၏ရည်ရွယ်ချက်များ၌ စောင့်ရှောက်မည့်သူ မရှိသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအတွက် ၄င်းတို့ဆန္ဒနှင့်အညီ ဘိုးဘွားရိပ်သာများတွင် နားခိုစောင့်ရှောက်မှု ပေးနိုင်ရန်၊ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စနစ်များတွင် သက်ကြီးရွယ်အိုများ လွယ်ကူစွာရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ ထည့်သွင်းဆောင်ရွက်ပေးနိုင်ရန်၊ လှုပ်ရှားသွားလာ နေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ဈေးနှုန်းသက်သာ၍ လွယ်ကူစွာ အသုံးပြုနိုင်သော အထောက်အကူ ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန်၊ သက်ကြီးရွယ်အိုများ ဘေးကင်းလုံခြုံ စိတ်ချရသော ပတ်ဝန်းကျင် ရရှိနိုင်စေရန် စသည်တို့ ပါဝင်သည်။
ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ဘဝလုံခြုံရေးနှင့် လူမှုပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်ရေးတို့တွင် သက်ကြီးရွယ်အိုများ ပါဝင်နိုင်ကြစေခြင်းငှာ မေတ္တာစေတနာထား၍ သဒ္ဓါအားထက်သန်စွာဖြင့် ကူညီစောင့်ရှောက် ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။