SJ WorldNews - шаблон joomla Авто

ဇေယျာသီရိဗိမာန်မှ စေတနာပီတိသန္နိဋ္ဌာန်

Thursday, 10 October 2019 08:39 font size decrease font size decrease font size increase font size increase font size

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့်အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် အစောဆုံး အမျိုးသားရေး အသင်းအဖွဲ့ကြီး ဖြစ်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းနှင့် အသင်းချုပ်၏ရာသက်ပန်ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

အခမ်းအနား အစီအစဉ်အရ ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)မှ ဒုတိယဥက္ကဋ္ဌနှင့်အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်မင်းကျော်သူက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ပန်ကြားလွှာအား ရှင်းလင်းဖတ်ကြားတင်ပြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော် ဖြစ်သည့် စလွယ်တော်၊ လည်ဆွဲတံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ချီးမြှင့်အပ်နှင်းပေးပြီး အသင်းချုပ်ကြီး၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ဂုဏ်ပြုခန့်အပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက ဂါရဝပြုကြသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် နိုင်ငံရေးသမိုင်း၌ ''နိုင်ငံရေးအစ YMBA က ''ဟု ပြောစမှတ်ပြုကြသော ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးသည် ၁၉ဝ၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့ပြီး အသင်းကြီး၏ ''အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကို အားပေးပါ'' ဟူသည့်ကြွေးကြော်သံသည် တစ်မျိုးသားလုံးအတွက် မျိုးချစ်စိတ်ဓာတ်ထွန်းကား ပြန့်ပွားအောင် မီးရှူးတန်ဆောင်ပမာလမ်းပြပေးခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများမှစတင်၍ နိုင်ငံရေးလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ခြင်း မရှိဘဲ အသင်း၏ရည်ရွယ်ချက်ဖြစ်သည့်  အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။

သမိုင်းအစဉ်အလာကြီးမားသော YMBA အသင်းကြီး၏ ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ချီးမြှင့်ခန့်အပ်ခြင်းသည် အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ သာသနာရေးကိစ္စများ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် တပ်မတော်အား ခေတ်မီတပ်မတော်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်းစိတ်ဓာတ်ရှိခြင်း စသည့်အချက် ၆ ချက်ဖြင့် ခန့်အပ်ချီးမြှင့်ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ''ယခုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးမားပြီး မြန်မာ့လွတ်လပ်ရေး ဦးဆောင်အဖွဲ့ကြီးဖြစ်သည့် နှစ်ပေါင်း ၁၁၃နှစ် သက်တမ်းရှိပြီဖြစ်သော YMBA  အသင်းကြီး၏ ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ချီးမြှင့်ခန့်အပ်ခြင်းခံရသည့် အတွက်များစွာ ဂုဏ်ယူမိပါကြောင်း'' ပြောကြားပြီး ဆက်လက်၍ ''အသိပညာဗဟုသုတများကို ဖတ်မှတ်လေ့လာခြင်းမှ တစ်ဆင့် ရရှိနိုင်သော်လည်း အတွေ့အကြုံကိုမူ ဖြတ်သန်းပြီးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ YMBA အသင်းကြီး၌ အမျိုးသားရေးအတွက် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံ ၁၁၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ အတိတ်ဆိုသည်မှာ မှားယွင်းခဲ့သည်များအား မမှားစေရန်၊ အောင်မြင်ဖြစ်ထွန်းခဲ့သည်များအား အနာဂတ်တွင် ပိုမိုကောင်းမွန်စေရန် သင်ခန်းစာယူကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးသာ ဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း စစ်မှုထမ်းအတွေ့အကြုံ နှစ်ပေါင်း ၄ဝ ကျော်ရှိခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှ စ၍ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံကိုပါ ဦးဆောင်ခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့ကြောင်း၊ ယင်းအတွေ့အကြုံများကို သမိုင်းအစဉ်အလာကြီးမားသည့် YMBA အသင်းကြီး၌ ရာသက်ပန်နာယက အဖြစ်ပါဝင်၍ ကောင်းရာကောင်းကျိုးကို အသုံးပြုခွင့်ရတော့မည်ဖြစ်ကြောင်း'' ဖြင့် စေတနာ ပီတိစကား ပြောကြားသည်။

ထို့ကြောင့် အတိတ်က ကြုံတွေ့ခဲ့ရသည်များမှ သင်ခန်းစာဖော်ထုတ်၍ ပစ္စုပ္ပန်ကို သာယာအောင်လုပ်ဆောင်ခြင်းသည် အနာဂတ်အတွက်ပါ အလင်းရောင်ပေးခြင်း ဖြစ်သည်ကို နှလုံးသွင်းလျက် YMBA နှင့်အတူ ခရီးဆက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သန္နိဋ္ဌာန်ကို မြဝတီက မုဒိတာပွား အပ်ပါသည်။ 

Read 54 times Last modified on Thursday, 10 October 2019 08:56