SJ WorldNews - шаблон joomla Авто

မီးဘေးအန္တရာယ် ကင်းဝေးရေး အမြဲသတိပေး

Monday, 21 October 2019 09:57 font size decrease font size decrease font size increase font size increase font size

မြန်မာပြည်သူ အပေါင်းတို့သည် လူနေမှုစနစ်ပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများပြားလျက်ရှိရာ နိုင်ငံတော်အစိုးရပိုင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် ပုဂ္ဂလိကဓာတ်အားပေး စက်ရုံများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေကြသည်။ လျှပ်စစ်ဓာတ်အားလိုင်းနှင့် အလှမ်းကွာသော နေရာများအတွက် အိမ်သုံးဆိုလာစနစ်ဖြင့် စီစဉ်ပေးထားသဖြင့် မြို့ပြနှင့်ကျေးလက်ဒေသအချို့၌ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ကြပြီ ဖြစ်သည်။

လျှပ်စစ်ဓာတ်အား သုံးစွဲကြသော ပြည်သူများအနေဖြင့် ဓာတ်အားသွယ်တန်းရာတွင် လည်းကောင်း၊ အသုံးပြုရာတွင် လည်းကောင်း စနစ်တကျ တပ်ဆင်၍ သတိနှင့်သုံးစွဲကြရန် ဖြစ်သော်လည်း အိမ်သုံးလျှပ်စစ်ပစ္စည်းများမှတစ်ဆင့် မီးလောင်ဆုံးရှုံးမှုများရှိနေကြသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပန်ဆောက်မိန်းကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာမှ နှစ်ထပ်အိမ်တစ်အိမ်၌ မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ပန်ကာအသုံးပြုစဉ် အောက်တိုဘာ ၁၆ ရက်မွန်းလွဲ ၂ နာရီခွဲက အပူလွန်ကဲပြီး မီးလောင်သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ပတ်ဝန်းကျင်နေအိမ်များသို့ မီးကူးစက်ခြင်းမရှိဘဲ ညနေ ၄ နာရီတွင် မီးငြိမ်းသွားသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက် ၂၃ လမ်း (၈၁-၈၂ လမ်းကြား) အမှတ်(၂၁)အခြေခံပညာ မူလတန်းကျောင်းမြောက်ဘက်ရှိ  လူနေဆိုင်ခန်းများတွင် အောက်တိုဘာ ၁၆ ရက်ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အခန်းအမှတ်(B-7/8) စတစ်ကာနှင့်ကားအလှဆင် ပစ္စည်းဆိုင်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်သဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အုပ်ချုပ်မှုယာဉ်သုံးစီး၊ မီးငြှိမ်းသတ်ယာဉ်အစီး ၃ဝ၊ အထောက်အကူပြု ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ငြှိမ်းသတ်ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားပြီး လူနေဆိုင်ခန်းငါးခန်း မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မကွေးမြို့ မဲထီးလမ်းနှင့်ငုရွှေဝါလမ်းထောင့်ရှိ ပင်လယ်စာနှင့် ကုန်မျိုးစုံအရောင်းဆိုင်၌ အောက်တိုဘာ ၁၃ ရက်နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က ရေခဲသေတ္တာဂက်စ်ပိုက်လိုင်း အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများက မီးငြှိမ်းသတ်ယာဉ်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၄ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားပြီး အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁၆)ရပ်ကွက် ပြည်သာယာလမ်း အမှတ်(၂)ရှိ သုံးထပ်အဆောက်အအုံ၏ ပထမထပ်တွင် အောက်တိုဘာ ၆ ရက်နံနက် ၁၁ နာရီ မိနစ် ၅ဝ က စတူဒီယိုအခန်း ပြုလုပ်ရန်အတွက် ဝရိန်တို့နေစဉ် ဝရိန်အိုးရှော့ခ်ဖြစ်၍ မီးလောင်ရာ အခန်းအတွင်း ပိတ်မိနေသော လူတစ်ဦးသေဆုံးသွားသည်။

မီးလောင်သည့်နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်နှစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၂ဝ၊ အရန်တပ်ဖွဲ့ဝင် ၁ဝ ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၏ အနောက်ဘက် ၁၃ မိုင်ခန့်အကွာဆင်ဖြူဆိပ် အနောက်ကမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  အောက်တိုဘာ ၁ဝ ရက်နံနက် ၂ နာရီခွဲခန့်က မီးလောင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ  စုစုပေါင်း လူ ၁၂ဝ ခန့်က ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီခန့်တွင် မီးငြိမ်းသွားသော်လည်း တစ်ထပ်ကျောင်းဆောင်မှာ မီးလောင်ပျက်စီးဆုံးရှုံးသွားသည်။ ဘုန်းတော်ကြီးကျောင်း၌ သံဃာများ သီတင်းသုံးနေထိုင်ခြင်း မရှိသဖြင့် ရှို့မီးဟု ယူဆရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ သရက်ခြံတစ်ခြံအတွင်း၌ အောက်တိုဘာ ၁၁ ရက်နံနက် ၁ဝ နာရီခန့်တွင် အသက် ၁၅ နှစ်နှင့် ကိုးနှစ်အရွယ်ရှိ ညီအစ်ကိုနှစ်ဦးတို့ အောင်မဲညိုအပင်မှ အရွက်များခူးနေစဉ် ခြံအတွင်းသွယ်တန်းထားပြီး မြေပေါ်ပြုတ်ကျနေသည့်လျှပ်စစ်ကြေး ကြိုးအားတက်နင်းမိသဖြင့် နှစ်ဦးစလုံးဓာတ်လိုက် သေဆုံးသွားသည်။

အထက်ပါ ဖြစ်စဉ်များအရ လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် တွေ့ကြုံရနိုင်သော အန္တရာယ်ကို အမြဲမပြတ်သတိရှိကြရန် လိုကြောင်းနှင့် လူမနေသောနေရာများရှိ အဆောက်အအုံများကိုလည်း သတိထားကြရမည်ဖြစ်ရာ  ခြောက်သွေ့ရာသီတွင် မီးဘေးအန္တရာယ် ကင်းဝေးရေးသည် ပို၍အရေးကြီးကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 56 times Last modified on Monday, 21 October 2019 09:59