SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းတို့ စေတနာနှင့် မုဒိတာစကား

Thursday, 24 October 2019 09:24 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ကျင်းပလျက်ရှိရာ  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲကို အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ထူးချွန်ကျောင်းသားများကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပညာသင်ထောက်ပံ့ငွေများ အသီးသီးပေးအပ်သည်။ ထို့ပြင် အစည်းအဝေးတက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများသို့ ပြင်ဦးလွင်တပ်နယ်ရှိ တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြသည်။ အလားတူ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့များ၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးများကို အောက်တိုဘာ ၂ဝ ရက်တွင် အသီးသီးကျင်းပကြပြီး မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းသုံးဗလာစာအုပ်များ  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးခန်း၌ကျင်းပရာ အဆိုပါအခမ်းအနား၌ အသက် ၇ဝ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုက်ပွဲဒဏ်ရာကြောင့် မသန်စွမ်းဖြစ်ရသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အလားတူ မင်္ဂလာဒုံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို အောက်တိုဘာ ၁၉ ရက်တွင် ပုလဲ(၁)ရပ်ကွက် ပုလဲဓမ္မာရုံ ပုလဲရတနာခန်းမ၌ ကျင်းပစဉ် မော်ကွန်းဝင်ပုဂ္ဂိုလ်လေးဦးနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၈၃ ဦး၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၂၄၉ ဦးတို့အားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် လည်းကောင်း ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် တောင်ငူမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ခပေါင်းခန်းမ၌ လည်းကောင်း အသီးသီး ကျင်းပကြရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ကြသည်။ ထို့ပြင် တောင်ငူမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၅၈ဝ ဦးနှင့် မိသားစုဝင် ၂ဝ ဦးတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၄ ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးဆောင်ရွက်ပေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့မှ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂ဝ၁၈-၂ဝ၁၉ နှစ်ပတ်လည်အစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲများကို အောက်တိုဘာ ၁၇ ရက်တွင် အသီးသီးကျင်းပကြောင်း သိရသည်။

မော်ကွန်းဝင်ဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုရာ၌ စစ်ရေး၊ နိုင်ငံရေးစသည်ကို ထူးခြားစွာ ဆောင်ရွက်ခဲ့သဖြင့် မှတ်တမ်းတင်ခံရသူဟု ဖော်ပြထားသည်။ မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများသည် ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)ခုနှစ်အတွင်း မှစ၍ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကျရာကဏ္ဍ၌ မျိုးချစ်စိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြသူများ ဖြစ်သည့်အပြင် သီလသမာဓိနှင့်ပြည့်စုံခြင်းကြောင့် ယနေ့တိုင် အသက်ရှည်နေနိုင်ကြ သည်မှာလည်း ထူးခြားသော ကြည်ညိုလေးစားဖွယ်ပုဂ္ဂိုလ်များ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံကြီးများတွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုအထိ အသက်ရှင်သန် နေသူများအား နှစ်စဉ်ကျင်းပသော ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နေ့အထိမ်းအမှတ်အခမ်းအနား၌ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြသည့် အစဉ်အလာရှိသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် လွတ်လပ်ပြီး မြန်မာနိုင်ငံ တည်ဆောက်ကာကွယ်ရေးတွင် နိုင်ငံသားကောင်းတာဝန် ကျေပွန်ကြသော ပုဂ္ဂိုလ်များအား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့က ဂါရဝတရားဖြင့် တန်ဖိုးထား၍ မင်္ဂလာတရားတော်နှင့်အညီ တတ်နိုင်သည့် အနေအထားဖြင့် ကူညီထောက်ပံ့ခြင်းအား မြဝတီက မုဒိတာပွားလိုက်ပါသည်။      

Read 67 times Last modified on Thursday, 24 October 2019 09:25