SJ WorldNews - шаблон joomla Авто

အမျိုးသားနိုင်ငံရေးအင်အားစုတပ်မတော်၏ သန္နိဋ္ဌာန်

Monday, 28 October 2019 15:32 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအင်အားတို့ ခိုင်မာတောင့်တင်း ရမည်ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ဆိုခဲ့သော အင်အားသုံးရပ်ခိုင်မာ တောင့်တင်းရေးကိုမနှောင့်နှေးစေရန် တည်ဆောက်နေကြသည်။ ဤသို့တည်ဆောက်နေကြရာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးတို့သည် တသီးတခြားစီမဟုတ်ဘဲ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီပမာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံတကာနည်းတူဆောင်ရွက်ကြရာတွင် အမျိုးသား နိုင်ငံရေးအင်အားစု တပ်မတော်အနေဖြင့် တစ်တပ်တစ်အားပါဝင်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Thomas Kari Neisinger ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား အောက်တို ဘာ၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများ၊ ရခိုင်ဒေသပဋိပက္ခများဖြစ်ပွားရခြင်း၏ နောက်ခံအခြေအနေများနှင့် မြန်မာနိုင်ငံက ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေမှန်များ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်က ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတကာနှင့်မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ဘက်မလိုက်ဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စသောမြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ အတိုင်း တပ်မတော်က အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော် သည်ပြည်သူကြားမှပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်ပြီး လက်ရှိကာလတွင် ပြည်သူများက ရွေးချယ်ထားသော မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်ခိုင်မာရေးနှင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် တပ်မတော်က အမျိုးသားနိုင်ငံရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

အမျိုးသားဟူသည် နိုင်ငံတစ်နိုင်ငံတည်းတွင် ဘိုးစဉ်ဘောင်ဆက် အတူတကွနေထိုင်လာကြသူများကို ခေါ်ဆိုကြောင်းနှင့် နိုင်ငံရေးဟူသည် နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများဖြစ်ကြောင်း မြန်မာ အဘိဓာန်၌ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းကြောင့် အမျိုးသားနိုင်ငံရေးဟူသည် နိုင်ငံတစ်နိုင်ငံတည်းတွင် ဘိုးစဉ်ဘောင်ဆက်အတူတကွ နေထိုင်လာကြသူများ တစ်စိတ်တစ်ဝမ်းတည်း စုပေါင်းဆောင်ရွက် ကြရမည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသား များ၏ဘဝလုံခြုံရေးတို့ပင်ဖြစ်သည်။ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ အတူတကွနေထိုင်လျက်ရှိသော တိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာကပင် ဤမြေမှာနေ၍ ဤရေကိုသောက်ခဲ့ကြသူများ ဖြစ်သည်။ မြန်မာတို့ ကံမကောင်းအကြောင်းမလှသည့်ကာလတွင် တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ရသည့်ဘဝမှ လွတ်မြောက်အောင်ကြိုးပမ်းကြရာတွင်လည်း တပ်မတော်နှင့်လက်တွဲ၍ စွန့်လွှတ်စွန့်စား ပါဝင်ခဲ့ကြ သူများဖြစ်သည်။ တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကာလတွင် မြန်မာနိုင်ငံသားများမှာ နိုင်ငံရေးတွင် ခြေကျုံ့ခဲ့ရသည့်အပြင် စီးပွားရေးမှာလည်း နာလန်မထူ နိုင်ကြသဖြင့် လူမှုရေးနိမ့်ကျခဲ့ရသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံတွင် နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုစနစ်ကြောင့် အဆိုးရွားဆုံးကျန်ရှိသည်မှာ သူတစ်လူငါတစ်မင်း အချင်းချင်း ညီညွတ်ရေး အားနည်းသွားသည်မှာ အကင်းမသေနိုင်ဘဲ ယနေ့တိုင်သံသရာလည်နေဆဲဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် သန္ဓေတည်ပေါက်ဖွားလာ သောတပ်မတော်သည် လွတ်လပ်ရေးရပြီးချိန်မှစ၍ နောက်တစ်ကြိမ် လွတ်လပ်ရေးပြန်လည်မဆုံးရှုံးရအောင် ထိန်းသိမ်းကာကွယ်ရင်း ပြည်သူတို့ ဘဝ လုံခြုံရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်အဖြစ် ခေတ်အ ဆက်ဆက်တွင် ဦးလည်မသုန်ထမ်းဆောင်ခဲ့သည့်အစဉ်အလာနှင့်အညီ ယခုလည်း ထမ်းဆောင်ဆဲ၊ နောင်ကိုလည်း ထမ်းဆောင်သွားမည့် သန္နိဋ္ဌာန်ချထားသောတပ်မတော်ဖြစ်သည်။

ယနေ့ကာလတွင် ပြည်သူတို့ရွေးချယ်သော ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်ခိုင်မာရေးနှင့် နိုင်ငံတည် ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အမျိုးသားနိုင်ငံရေးကဏ္ဍ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးကြရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတို့လွန်ကဲလာသောကြောင့် လမ်းကြောင်းလွဲချော်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အခြေအနေသို့ ဦးတည်သွားသည့် အတိတ်သမိုင်း ကြောင်း ရှိခဲ့ဖူးသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားသဖြင့် ပြည်သူတို့ လူမှုစီးပွားဘဝ နိမ့်ကျခဲ့ရသည်များလည်း ကြုံတွေ့ကြရဖူးသည်။ နိုင်ငံတော်နှင့် ပြည်သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းနှင့်ခါးသီးသောအတွေ့အကြုံများအရ အစွဲကင်းသော အမျိုးသား နိုင်ငံရေးတာဝန်ကို ကျေပွန်အောင် တပ်မတော်က ထမ်းဆောင်နေခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူကြားမှပေါက်ဖွားလာသော ပြည်သူ့တပ်မတော်သည် ယနေ့ကာလတွင် ပြည်သူများ ကရွေးချယ်ထားသော မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ် တည်ငြိမ်ခိုင်မာရေးနှင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့်အတူ တပ်မတော်က အမျိုးသား နိုင်ငံရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေခြင်းသည် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်ဟူသော သန္နိဋ္ဌာန်ကို လက်တွေ့အကောင်အထည်ဖော် နေခြင်းဖြစ်ကြောင်း မြဝတီက ထပ်လောင်း ပြောကြား အပ်ပါသည်။ 

Read 46 times Last modified on Tuesday, 29 October 2019 08:12