SJ WorldNews - шаблон joomla Авто

တန်ဆောင်မုန်းလလှူဒါန်းကြ မြတ်သည့် အလှူဒါန

Tuesday, 29 October 2019 10:39 font size decrease font size decrease font size increase font size increase font size

ခဝဲပန်းများအစီအရီပွင့်သော တန်ဆောင်မုန်းလတွင် မိုးလေဝသကင်းစင်သောမိုးကောင်းကင်၌ နက္ခတ်တာရာ စုံထွန်းလင်းလျက် ငွေနှင်းဖြူလွ မြည့်မြည့်ကျ၍ အေးမြသောလဖြစ်သည်။ ပင်းယခေတ်စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံရတု ကာလနံ အချိန်အခါတို့တွင် တန်ဆောင်မုန်းလသည် သာယာလှပဆုံးသော အချိန်ဖြစ်ပေသည်''ဟု မိန့်ဆိုထားသည့်အားလျော်စွာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ကထိန်သင်္ကန်း လှူဒါန်းကြသည့် ကာလဒါနပွဲတော်များကလည်း စည်ကားလှသည်။

တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်းကပ်လှူပူဇော်သည့်အစဉ်အလာသည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ် တို့သည် မြတ်စွာဘုရားအား ဖူးမြော်ရန် ဝါကျွတ်ချိန်ကာလတွင် ပါဝေယျတိုင်းမှကြွလာကြသည်။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသောကြောင့် ရဟန်းတော်များ မိုးရေစိုသော သင်္ကန်းများနှင့်ပင် ဘုရားရှင်အား လာရောက်ဖူးမြော်ကြသည်ကို မြတ်စွာဘုရားတွေ့မြင်သောအခါ ဘဒ္ဒဝဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်း နှင့် ပြည့်စုံသောရဟန်းတော်များအတွက် ဒါယကာ၊ ဒါယိကာမတို့က ကထိန်သင်္ကန်းကပ်လှူ ခွင့်ပြုပေးတော်မူသည်။

ကထိန်သင်္ကန်းကပ်လှူခံယူခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာ ပြုသော ရဟန်းမှသာ ခံယူခွင့်ရှိသည်။ ကထိန်သင်္ကန်းကပ်လှူပူဇော်ခံရသော ရဟန်းသည် ကထိန်သင်္ကန်း ၏ အကျိုးအာနိသင် ငါးပါးကို ရရှိသည်။ ကထိန်ခင်းရန်၊ ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုးဟု ဆိုထားသည့်အတိုင်း ကထိန်ခင်းရန် မြတ်စွာဘုရားခွင့်ပြုတော်မူသော သင်္ကန်းသုံးထည်မှာ သံဃာဋိဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး)၊ ဥတ္တရာသင်္ဂ (ကိုယ်ရုံဧကသီ)၊ အန္တရဝါသက (ကိုယ်ဝတ်သင်းပိုင်)တို့ဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူသော ဒါယကာ၊ ဒါယိကာမများသည် သင်္ကန်းလှူသော အကျိုးများဖြစ်သည့် အဆင်းလှခြင်း၊ မြူအညစ်အကြေးကင်းခြင်း၊ အရောင်အဝါရှိခြင်း၊ တန်ခိုးအာနုဘော်ရှိခြင်း၊ သိမ်မွေ့သောကိုယ်ရှိခြင်း၊ ဖြူသောအဝတ်ပုဆိုးရှိခြင်း၊ ရွှေသောအဝတ် ပုဆိုးရှိခြင်း၊ နီသောအဝတ် ပုဆိုးရှိခြင်းတို့နှင့် ပြည့်စုံစေမည်ဖြစ်သည်။

ကထိန်ခင်းသူတို့သည် သံဃာတော်များအား ကထိန်ခင်း၍ သင်္ကန်းသုံးထည်ကိုကပ်လှူ ပူဇော်ကြသည့်အပြင် ပရိက္ခရာရှစ်ပါးတွင် ပါဝင်သည့် သပိတ်၊ သင်တုန်းဓား၊ အပ်၊ ခါးပန်းကြိုးနှင့် ရေစစ်တို့ကို လှူဒါန်းကြရုံမျှမက သံဃာတော်များအတွက် အသုံးအဆောင်ပစ္စည်းများကိုလည်း လှူဒါန်းကြသည်။ သပိတ်လှူခြင်းကြောင့် ရရှိသော အကျိုးများမှာ ရတနာမျိုးတို့နှင့် ပြီးသောခွက်ကိုရခြင်း၊ ဘေးဥပဒ်မရှိခြင်း၊ စိုးရိမ်ကြောင့်ကြမရှိခြင်း၊ သူတစ်ပါးတို့ရိုသေခြင်း၊ ထမင်းအဖျော် အိပ်ရာနေရာတို့ကိုရရှိခြင်း၊ စည်းစိမ်ချမ်းသာ မပျောက်မပျက်ခြင်း၊ တည်ကြည်သော စိတ်ရှိခြင်း၊ တရားကို အလိုရှိခြင်း၊ ကိလေသာအားနည်း ခေါင်းပါးခြင်း၊ အာသဝေါ တရားကင်းခြင်းတို့ဖြစ်သည်။ ထီးလှူဒါန်းသော အကျိုးမှာ အချမ်းမရှိခြင်း၊ အပူမရှိခြင်း၊ အညစ်အကြေးကင်းခြင်း၊ ဘေးရန်မရှိခြင်း၊ စိုးရိမ်ကြောင့်ကြ မရှိခြင်း၊ သူခပ်သိမ်းတို့ရိုသေခြင်း၊  နူးညံ့သောကိုယ်ရှိခြင်း၊ နူးညံ့သောစိတ်ရှိခြင်းတို့ ရရှိနိုင်သည်။

သံဃာတော်များအား ဖိနပ်လှူသော အကျိုးမှာ ဆင်ယာဉ်၊ မြင်းယာဉ် စသောယာဉ်အမျိုးမျိုးတို့ကိုရခြင်း၊ ရတနာခြေနင်းကိုရခြင်း၊ မကောင်းမှုကို သုတ်သင်ခြင်း၌ မြဲသောသတိရှိခြင်းတို့ကို ရနိုင်သည်။ အပ်လှူသော အကျိုးမှာ သူတစ်ပါးတို့ရှိခိုးကို ခံယူရခြင်း၊ သူတစ်ပါးတို့ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း၊  အဆင်းလှခြင်း၊ စည်းစိမ်ချမ်းသာရှိခြင်း၊ မြတ်သော ပညာရှိခြင်းတို့ကို ရနိုင်သည်။ ရေစစ်လှူသော အကျိုးမှာ သူတစ်ပါးထက်လွန်၍ အသက်ရှည်ခြင်း၊ ခိုးသူရန်သူတို့ မနှိပ်စက်နိုင်ခြင်း၊ အဆိပ်အမျိုးမျိုးတို့ဖြင့် မနှိပ်စက်နိုင်ခြင်း၊ အသက်အပိုင်းအခြား မရောက်သမျှ မသေရခြင်းတို့ကို ခံစားရရှိနိုင်သည်။

ကထိန်ခင်းသူတို့သည် မိမိပြုလုပ်သော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့်ထပ်တူအကျိုးရစေရန် အမျှအတန်းပေးဝေခြင်း (ပတ္တိဒါန)ပြုကြရသည်။  ဤကုသိုလ်အဖို့ကို  အမျှအတန်းပေးဝေလိုက်ခြင်းဖြင့် မိမိရရှိပြီးသော ကုသိုလ်လျော့နည်းမသွားဘဲ အခြားသူများပါ ကုသိုလ်၏အကျိုးကိုရရှိနိုင်သဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတိုင်း အမျှအတန်း ပေးဝေအပ်သည့် အားလျော်စွာ ခဝဲရွှေညှာရင်းမှာ သင်းရနံ့ကြွယ်သော တန်ဆောင်လဝယ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ကြသော သဒ္ဓါကြည်လင်ပါရမီရှင် အပေါင်းတို့၏ ကောင်းမှုကုသိုလ်ကို မြဝတီက သာဓုအနုမောဒနာ သုံးကြိမ်ခေါ်ဆို အပ်ပါသည်။     

Read 54 times Last modified on Tuesday, 29 October 2019 11:35