SJ WorldNews - шаблон joomla Авто

နုပျိုလန်းဆန်းသော လူမှုဘဝ တည်ဆောက်ရေး

Thursday, 31 October 2019 09:49 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ဆည်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါးသဖြင့် နွေစပါးစိုက်ပျိုးရေ ပေးဝေရန် အခက်အခဲရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အတွင်းရှိ သဖန်းဆိပ်ဆည်မှာ ၁၉ နှစ်ခန့်ကာလအတွင်း ရေဝင်ရောက်မှုနည်းပါးသဖြင့် နွေစပါးစိုက်ပျိုးရေ ပေးဝေရန် အခက်အခဲရှိခြင်းကြောင့် စိုက်ပျိုးရေ လိုအပ်ချက်နည်းပါးသော အခြားသီးနှံများကို အစားထိုးစိုက်ပျိုးရန် စီမံချက်ရေးဆွဲ လုပ်ဆောင်လျက်ရှိရာ ပြောင်းလဲစိုက်ပျိုးမည့် သီးနှံများမှာ မြေပဲ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲတီစိမ်း စသည့် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ နွေနှမ်း၊ ကြက်သွန်နှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည် ဖြစ်သည်။

မိုးနည်းရေရှားရပ်ဝန်း၌ ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ စိုက်ပျိုးရေပေးဝေရေးအတွက် သဖန်းဆိပ်ဆည်ကို ၂ဝဝ၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မူးမြစ်ပေါ်တွင် တည်ဆောက်ထားသော သဖန်းဆိပ်ဆည်သည် အလျား ၄ မိုင်ကျော်ရှည်လျားပြီး အမြင့် ၁ဝ၈ ပေရှိသဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် အရှေ့တောင် အာရှတွင် အရှည်လျားဆုံး ဆည်တမံဖြစ်သည်။ ဆည်အတွင်း ရေသိုလှောင်နိုင်သည့်ပမာဏ ဧကပေ ၂၈၈ဝဝဝဝ မှ စိုက်ပျိုးမြေဧက ငါးသိန်းကို ရေပေးဝေနိုင်မည့်အပြင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃ဝ ထုတ်လုပ်နိုင်မည့် ဘက်စုံရေလှောင်တမံ ဖြစ်သည်။ သဖန်းဆိပ်ရေလှောင်တမံမှ ရေများကို ကင်းတပ်နှင့် ကာဘိုးရေလွှဲဆည် တို့မှတစ်ဆင့် တူးမြောင်းဖြင့် ပေးဝေနိုင်သည့်အပြင် အလောင်းဘုရားတည် ထားခဲ့သော ငါးမည်ရပြည်ရွှေဘိုရှိ မဟာနန္ဒာကန်တော်ကြီးဆီသို့ မူးတူးမြောင်းဖြင့် ပေးပို့လွှတ်ပေးလျက်ရှိသည်။ စိုက်ပျိုးရေ ရရှိရေးအတွက်  သဖန်းဆိပ်ဘက်စုံရေလှောင်တမံကို  မှီခိုအားထားနေရသော မြို့နယ်များမှာ အရာတော်၊ ဘုတလင်၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘိုမြို့နယ်တို့ဖြစ်သည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသော  စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသည် ဟိုယခင်ကာလများဆီက တစ်သီးစားသီးနှံများကိုသာ  စိုက်ပျိုးထုတ်လုပ်နိုင်ကြရာမှ  သဖန်းဆိပ် ဘက်စုံရေလှောင်တမံ တည်ဆောက်ပြီးချိန်တွင် နှစ်သီးစား၊ သုံးသီးစားအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်သည့် အခြေအနေသို့ တိုးတက်လာခြင်းကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာကြသည်။ မျက်မှောက်ကာလတွင်  ကမ္ဘာကြီးပူနွေးလာမှုနှင့် အစွန်းရောက်ရာသီဥတု တို့ကြောင့် မိုးရွာသွန်းမှု နည်းပါးနေချိန်တွင် လူတို့ပယောဂကြောင့်  တောစိုကတောခြောက်ဖြစ်ပြီး   တောင်ယာကဖုန်းဆိုးအသွင်သို့ ပြောင်းလဲသွားသဖြင့် တောတောင်ခြောက်ခန်း လယ်ယာနွမ်းမည်ကို စိုးရိမ်နေကြရသည်။

ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်သူများအတွက်  ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် မတည်ငြိမ်သည့် အခြေအနေကြောင့် အကျိုးအမြတ်ရဖို့ စိုးရိမ်စိတ်ဖြစ်နေချိန်တွင် မြွေပူရာကင်းမှောင့်သည့် ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးမှုများလည်းရှိကြသည်။ မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းမှ တောင်သူများစိုက်ပျိုး ထားသော ပဲတီစိမ်းသည် သြဂုတ်လ၌ စတင်ဆွတ်ခူးကြစဉ်က ပဲတစ်တင်းလျှင် ငွေကျပ် ၃၅ဝဝဝ အထိ ရရှိ ကြသည်။ သို့သော် ယခင်ရက်များအတွင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲများတွင် အစိုဓာတ်ဝင်သွားသဖြင့် ယနေ့ပေါက်ဈေးမှာ ၂၈ဝဝဝ ကျပ်သာရကြောင်းသိရသည်။ ပဲတီစိမ်းတစ်ဧကစိုက်ပျိုးလျှင် မျိုးဖိုး၊ ထွန်ယက်ခ၊ လုပ်သားခနှင့်သွင်းအားစုဖိုး စုစုပေါင်းကုန်ကျစရိတ် သုံးသိန်းခန့်ရှိပြီး တစ်ဧကပဲ အထွက်နှုန်းမှာ ၁၅ တင်းမှ တင်း ၂ဝ ကြားဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်းကို  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနေ ကြကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသောပဲတီစိမ်းကို အိန္ဒိယနိုင်ငံသို့ ၁၅ ရာခိုင်နှုန်း တင်ပို့ပြီး ၈၅ ရာခိုင်နှုန်းကို ဂျပန်၊ တရုတ်နှင့်အာဆီယံနိုင်ငံများအပြင် ဥရောပနိုင်ငံများသို့လည်း တင်ပို့ လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိသည့်ပမာဏမှာ တစ်နှစ်လျှင် တန်ချိန်သုံးသိန်းကျော်ရှိပြီး ဈေးကွက်အတွင်း လတ်တလောပေါက်ဈေးမှာ တစ်တန်လျှင် ငွေကျပ် ၁၁ သိန်းမှ ၁၃ သိန်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်၌နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု နေကြသဖြင့် တောတောင်ခြောက်ခန်း လယ်ယာနွမ်းလျှင် လူမှုစီးပွားဘဝ နိမ့်ကျ နေကြမည်သာ ဖြစ်သည်။ လူတို့ပယောဂကြောင့် တောစိုကတောခြောက်ဖြစ်၍ တောင်ယာက ဖုန်းဆိုးအသွင်ပြောင်းလဲသွားရာမှ တဖြည်းဖြည်းကန္တာရလွင်ပြင် ဖြစ်သွားမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်၍ စိမ်းစိုလန်းဆန်းသော ပတ်ဝန်းကျင်၌ နုပျိုလန်းဆန်းသော လူမှုဘဝဖြစ်အောင် တည်ဆောက်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     

Read 47 times Last modified on Thursday, 31 October 2019 09:49