SJ WorldNews - шаблон joomla Авто

ပြည်သူအတွက် ယုံကြည်ချက်ဖြင့် ရှေ့ဆက်ကြပါစို့

Friday, 01 November 2019 09:52 font size decrease font size decrease font size increase font size increase font size

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၄)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များအား အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၄)နှစ်ပြည့်၊ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြပြီး ယခုလို လာရောက်တွေ့ဆုံကြသည့်အတွက် ဝမ်းသာပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆက်လက်ပြောကြားရာတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လျင်မြန်စွာတိုးတက်ရန်လိုအပ်ပြီး ခိုင်ခိုင်မာမာနှင့် တည်တည်ငြိမ်ငြိမ်ဖြစ်စေလိုကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားနိုင်သည့် နေရာဒေသများတွင် ပြည်သူများငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်ရသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် We are Myanmar ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆိုသည့် ပြည်ထောင်စုစိတ်အရင်းခံ၍ ငြိမ်းချမ်းရေးကို လျှောက်လှမ်းရမည်ဖြစ်ပြီး အစွဲများကို လျှော့ချရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အပေါ်တွင် တူညီသည့် စိတ်စေတနာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး အတိတ်ကို လက်ညှိုးထိုးမနေဘဲ သင်ခန်းစာယူ၍ တိုင်းရင်းသားများ၏ အနာဂတ်ကို ကောင်းအောင် လုပ်ဆောင်ကြရန်နှင့်    ရလဒ်အဖြေထွက်အောင် ရှေ့ဆက်ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့အဖွဲ့ ၈ ဖွဲ့ကို လက်ခံတွေ့ဆုံ ဆွေးနွေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးကြီး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း JICM အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရန် အရေးကြီးပါကြောင်းနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးအတွက် မိမိတို့နိုင်ငံက ကျင့်သုံးသင့်သည့် ဖက်ဒရယ်စနစ်ဖော်ထုတ်နိုင်ရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီး ဆွေးနွေးကြသည်။

မြန်မာဟူသည် မြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကပင် အတူတကွနေထိုင်ကြသော တိုင်းရင်းသားပြည်သူ များအား ကိုယ်စားပြုပြီး ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်မှ စတင်အသုံးပြုခဲ့ကြောင်း တောင်ဂူနီ ကျောင်းတော်ပရဝဏ်အတွင်း   ခရစ်နှစ် ၁၁၉ဝ ပြည့်နှစ်ခန့်က ရေးထိုးထားသော သိင်္ဃသူကျောက်စာတွင်တွေ့ရပြီး ယင်းကျောက်စာကို ယနေ့ပုဂံယဉ်ကျေးမှုပြတိုက်၌ ထိန်းသိမ်းထားသည်။ အင်းဝခေတ်တွင် ခရစ်နှစ် ၁၃၇၅ ခုနှစ်က ရေးထိုးထားသောကျောက်စာတွင် ဒါန သီလ နေ့ညမတွင် အလျဉ်ခေါင်၍ ရဟန်းပုံနားမိန်းမယောက်ျား သူများကိုယ် အစီးအပွား ချမ်းသာကိုရှာပေတတ်စွာသော မြန်မာပြည်သူ အားလုံးကုန်အောင် စုံလိုင်အခိုင်ရသည်ဖြစ်၍ဟု တွေ့ရသည်။  အလားတူ ခရစ်နှစ် ၁၅ဝ၉ ခုနှစ်က ရေးထိုးခဲ့သော ရတနာဗိမာန်ကျောက်စာ၌ မြောက်တလွှားက  သုနပရန္တ  တောင်ဘက်က တမ္ပဒီပမည်သော   တိုင်းနှစ်တိုင်းကို ကြပ်တိုင်းဖုံးအုပ်အာဏာချုပ်လျက် ပိုက်ထုပ်ရိုက်ရာ သာသနာလတည်မြံမာပြည်ဟူ၍ လည်းကောင်း အသီးသီး တွေ့ရသဖြင့် မြန်မာဟူသည် ကာလပေါ်မဟုတ်ကြောင်း ထင်ရှားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားရာ၌ JICM အစည်းအဝေးများ အမြန်ဆုံးကျင်းပနိုင်ရေးနှင့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးကြီး အမြန်ဆုံးဆက်လက်ကျင်းပနိုင်ရေး တပ်မတော်က လိုလားပါကြောင်း၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များတွင် အမြင်ကျယ်ကျယ်နှင့် ဆွေးနွေးပြောဆိုကြစေလိုကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက် မလွဲမှားစေလိုကြောင်း၊ မိမိတို့နိုင်ငံ၌ တိုင်းရင်းသား၊ နိုင်ငံသား၊ နိုင်ငံအတွင်းလာရောက် လုပ်ကိုင်စားသောက်သူများ များစွာရှိကြောင်း၊ အစွဲမထားဘဲ ခေတ်နှင့်လျော်ညီသည့် တွေးခေါ်မှုများ ဖြစ်စေလိုကြောင်း၊ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ဥရောပတိုက်အလယ်ပိုင်းမှ အဲလ်ပိုင်တောင်တန်းဒေသ၌တည်ရှိသော ဆွစ်ဇာလန်နိုင်ငံ၌  ဂျာမန်လူမျိုး ၆၅ ရာခိုင်နှုန်း၊ ပြင်သစ်လူမျိုး ၁၈ ရာခိုင်နှုန်း၊ အီတလီလူမျိုး ၁ဝ ရာခိုင်နှုန်းနှင့်  အခြားလူမျိုးများ ရောနှောနေထိုင်လျက်ရှိကြရာ အများအတွက် တစ်ယောက်၊ တစ်ယောက်အတွက်အများ(One for all, All for one) ဆောင်ပုဒ်ကို နိုင်ငံသားအားလုံးက အလေးအနက်ထားကြသည်။

ထို့ကြောင့် သမိုင်းအစဉ်အလာနှင့်အညီ We are Myanmar ကျွန်တော်တို့ အားလုံးသည်မြန်မာဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် တိုင်းရင်းသားပြည်သူများ ရည်မှန်းထားသော ပန်းတိုင်သို့  ဆက်လက်ချီတက်ကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။            

Read 54 times Last modified on Friday, 01 November 2019 09:53