SJ WorldNews - шаблон joomla Авто

ယာဉ်အန္တရာယ် စုပေါင်းကာကွယ်

Wednesday, 06 November 2019 08:42 font size decrease font size decrease font size increase font size increase font size

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတို့၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုကြောင့် လူပေါင်း ၃၉ဝဝ ကျော်သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်းယာဉ်တိုက်မှု အကြိမ်ရေ တစ်ထောင်ကျော်သော ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့ အစဉ်အတိုင်းဖြစ်သည်။ တစ်ထောင်ထက်နည်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရှမ်းပြည်နယ်၌ ၈၆၈ ကြိမ်၊ မွန်ပြည်နယ်၌အကြိမ် ၆၃ဝ၊ တနင်္သာရီတိုင်းဒေသကြီး၌ ၄၂၈ ကြိမ်၊ ကချင်ပြည်နယ်၌ ၃၂၁ ကြိမ်၊ ရခိုင်ပြည်နယ်၌ ၂၇၅ ကြိမ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၃၈၆ ကြိမ်၊ ကရင်ပြည်နယ်၌ ၂၈၆ ကြိမ်၊ ချင်းပြည်နယ်၌ ၈၇ ကြိမ်၊ ကယားပြည်နယ်၌အကြိမ် ၇ဝ အသီးသီးဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေမှာ ရန်ကုန်တိုင်းဒေသကြီး၌ ၅၁၉ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၄၇၄ ဦး၊ ရှမ်းပြည်နယ်၌ ၄၅၇ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၄၅၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၆၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၃၂၂ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၃ဝ၄ ဦး၊ မွန်ပြည်နယ်၌ ၂၁၉ ဦးတို့ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ တစ်ရာကျော်သောဒေသများမှာ နေပြည်တော်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ဖြစ်ပြီး  တစ်ရာထက်လျော့နည်းသောဒေသများမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ယာဉ်တိုက်မှုဖြစ်သည့်အကြိမ် စုစုပေါင်းကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှုနှင့်ဒဏ်ရာရသူဦးရေ လျော့နည်းသော်လည်း သေဆုံးသူဦးရေ ၉၆ ဦးပိုသည်ဟု သိရသဖြင့် ပျမ်းမျှတစ်လလျှင် ၁ဝ ဦးပိုကြောင်းတွေ့ရသည်။ ယာဉ်တိုက်မှုဖြစ်ရသည့် အကြောင်းရင်းများကို လေ့လာကြည့်လျှင် ယာဉ်ချွတ်ယွင်းချက်၊ ရာသီဥတုအခြေအနေ၊ လမ်းအခြေအနေ၊ ယာဉ်မောင်းသူတို့၏ ပေါ့လျော့မှုနှင့် လမ်းအသုံးပြုသူများက စည်းကမ်းလိုက်နာရန် ပျက်ကွက်မှုတို့ကြောင့် ဖြစ်ကြောင်း တွေ့ရသည်။

မော်တော်ယာဉ် ချွတ်ယွင်းချက်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်၊ ဘရိတ်နှင့်ဘီးအပါအဝင် အခြားအစိတ် အပိုင်းများ၏ ချွတ်ယွင်းချက်တို့ကြောင့် ဖြစ်သည်။ ယခင်က ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များတွင် ''ဆီ၊ ရေ၊ လေ၊ ဝိုင်''(ချောဆီ)ဟူသော စာတန်းရေးထိုးထားသည်မှာ ယာဉ်မောင်းနှင့်ယာဉ်အကူတို့ သတိပြုကြရန် ဖြစ်ကြောင်း သိရသည်။ ထိုခေတ်ကာလတွင် မနိုင်ဝန်ကိုရုန်းရသော စစ်ကျန်ကားကြီးများနှင့် သက်တမ်းရင့်ကားကြီးများမှာ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ယုယမှုနှင့် ယာဉ်စီးသည့် ခရီးသည်တို့၏ မေတ္တာကို  အပြည့်အဝ ခံယူကြရသည်။ ခရီးဝေးပြေးဆွဲသည့် ကုန်တင်ယာဉ်ဖြစ်စေ၊ ခရီးသည်တင်ယာဉ်ဖြစ်စေ ရပ်နားနေသည့် နေရာရောက်လျှင် မော်တော်ယာဉ်ဘီးများ၏ အပူအအေးကို သိနိုင်ရန် ယာဉ်နောက်လိုက်က လက်ဖြင့်ကိုင်ကြည့်ပြီး တုတ်ဖြင့်ရိုက်၍ လေပေါင်ချိန်ကို စစ်ဆေးစမ်းသပ်ကြည့်နေစဉ် ယာဉ်မောင်းသူက ယာဉ်ကိုတစ်ပတ် လှည့်ကြည့်ပြီး လိုအပ်ချက်ရှိက ပြုပြင်ပြီးမှ နားကြသည်။

သို့သော် ချိုင့်ဝှမ်းပေါသော လမ်းပေါ်တွင် စမ်းတဝါးဝါးဖြင့်သွားရင်း လမ်းရှင်းလျှင် အရှိန်ပြင်းပြင်းသွားတတ်သော သက်တမ်းရင့်ကားကြီးများ၏ နေရာတွင် သစ်လွင်သွက်လက်သော ကားသစ်ကြီးများကို အစားထိုးရန် ၂ဝ၁၂ ခုနှစ်မှ စတင်စီစဉ် လိုက်ခြင်းကြောင့် ယနေ့အချိန်တွင် လမ်းတွေက ကောင်းကောင်း၊ ကားတွေက မောင်းမောင်းကို တွေ့နေရသည်။

ယာဉ်ကြီးဖြစ်စေ၊ ယာဉ်ငယ်ဖြစ်စေ ယာဉ်မောင်းသူသည် မောင်းတတ်ရုံမျှဖြင့် မလုံလောက်နိုင်သည်ကို အားလုံးသိကြပြီး ဖြစ်သည်။ မိမိသွားရာလမ်း အခြေအနေ၊ ရာသီဥတု အခြေအနေတို့ကို သိထားရန် လိုသည်။

ယခုအချိန်တွင် လမ်းများချဲ့ထွင်ခြင်းနှင့် နွေ၊ မိုး၊ ဆောင်းရာသီမရွေး သွားလာနိုင်ရန် အဆင့်မြှင့်တင်ပေးခြင်းကို သက်ဆိုင်ရာက ဆောင်ရွက်ပေးနေစဉ်မှာပင် ယာဉ်မောင်းသူများ သတိပြုရန်လိုသည့် အမှတ်အသားများကို လမ်းဘေး၌စိုက်ထူ ပေးထားသဖြင့် အန္တရာယ်မဖြစ်စေရေးအတွက် ယာဉ်မောင်းသူက သတိရှိရန် ဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်သည့် အများစုမှာ အရှိန်မထိန်းနိုင်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး ယာဉ်နှစ်စီး  ခေါင်းချင်းဆိုင်တိုက်မိခြင်း၊  လမ်းဘေးသစ်ပင်ကိုဝင်တိုက်ခြင်း၊    လမ်းဘေးသို့ထိုးကျခြင်း၊ ရှေ့မှသွားနေသော ယာဉ်ကိုကျော်တက်စဉ်    မျက်နှာချင်းဆိုင်မှလာနေသော ယာဉ်ကိုဝင်တိုက်မိခြင်း၊ လမ်းဘေးရပ်ထားသော ယာဉ်ကို ဝင်တိုက်မိခြင်း၊   လမ်းဖြတ်ကူးသူကို ဝင်တိုက်မိခြင်း စသည့်ဖြစ်စဉ်မျိုးစုံ တွေ့ရသည်။

ထို့ကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး အစီအစဉ်များ အရှိန်တိုးမြှင့်ဆောင်ရွက်ကြရန်နှင့် ပြည်သူအပေါင်း တို့ကလည်း အလေးအနက်ထား လိုက်နာကြရန် လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 43 times Last modified on Wednesday, 06 November 2019 08:51