SJ WorldNews - шаблон joomla Авто

သမဂ္ဂါနံ တပေါ သုခေါ

Thursday, 07 November 2019 07:58 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံ သမ္မတတာဝန် ထမ်းဆောင်သူ စဝ်ရွှေသိုက်ထံမှ သဝဏ်လွှာပေးပို့ခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီးထံမှ သဝဏ်လွှာတွင် ဖော်ပြထားသည်မှာ ကုန်လွန်ခဲ့တဲ့နှစ်ကာလတွေမှာ ကျွန်ုပ်တို့ရှေ့က လူတွေနဲ့ ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရတဲ့ စွန့်လွှတ် အနစ်နာခံမှုတွေရဲ့ အကျိုးဆက်ဖြစ်သော ယနေ့ရရှိလာခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေးမှာ ကျွန်ုပ်တို့ပျော်ရွှင် ဝမ်းမြောက်ကြပါစို့။ လက်နက်ကိုင် တိုက်ပွဲရဲ့ အကျိုးဆက်တစ်ခုကြောင့်သာ မဟုတ်ဘဲ အပြန်အလှန် နားလည်မှုတွေ၊ သဘောတူညီမှုတွေနဲ့ နိုင်ငံရေး သဘောတူညီမှု

ကတိဝန်ခံချက်တွေအရ ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းခဲ့မှု အကျိုးကျေးဇူးအနေနဲ့ ရရှိလာခဲ့တဲ့ လွတ်လပ်ရေးကြီးကို ပျော်ရွှင်ဝမ်းမြောက်ကြပါစို့။

ဒီနေ့ဟာ ကျွန်ုပ်တို့အတွက် လွတ်လပ်တဲ့ နေ့တစ်နေ့သာမကဘဲ ပြန်လည်စည်းလုံး ညီညွတ်ရမယ့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အဓိကလူမျိုးစုကြီးများဖြစ်ကြတဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့ဟာ  သီးခြားအမျိုးသား အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ရှုမြင်ခဲ့ကြတာကြာပြီဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ အတွေးအမြင်စိတ်ကူးတွေက တိုင်းရင်းသားတွေရဲ့ နှလုံးသားတွေကို ပြောင်းလဲသွားစေခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့အကျိုးစီးပွားတွေ တိုးတက်ဖြစ်ထွန်းမှုအတွက် ညီညွတ်သင့်မြတ်မှုနဲ့ လုပ်ကိုင်ကြဖို့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်ုပ်တို့တစ်တွေ ဒီနေ့စည်းလုံးညီညွတ် လက်တွဲ ရပ်တည်ကြပါပြီ။

ကမ္ဘာမှာ ကြီးမြတ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရရှိထိုက်တဲ့ ရပ်တည်မှုနေရာကို မဆိုင်းမတွ အောင်မြင်စွာရယူမှုအတွက် စည်းလုံးညီညွတ်မှုနဲ့ ရပ်တည်လိုက်ကြပါပြီ။ စောစီးစွာ အကောင်အထည်ပေါ်လာဖို့ လွတ်လပ်ရေးအတွက် ကျွန်ုပ်တို့ကြိုးပမ်း ရယူခဲ့တာ စည်းလုံးညီညွတ်မှုဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ယနေ့မှစ၍ နောက်နောင်မှာသိရှိစေဖို့ လွတ်လပ်တဲ့ အချုပ်အခြာ သမ္မတနိုင်ငံအဖွဲ့ဝင်တိုင်းအတွက် ဆောင်ပုဒ်အဖြစ် စည်းလုံးညီညွတ်မှု ဆက်လက်တည်ရှိနိုင်မည့် သွေးစည်းညီညွတ်မှု ဖြစ်ပါစေသတည်း ဟူ၍ သန္နိဋ္ဌာန်ပြုထားသည်။ နယ်ချဲ့တို့က မြန်မာနိုင်ငံကို ပထမဆုံး ကျူးကျော်ချိန် ၁၈၂၄ ခုနှစ်မှစ၍ နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးစိတ်ဖြင့် တိုင်းရင်းသားပြည်သူများက တွန်းလှန်ခဲ့ကြသည်မှာ နှစ်ပေါင်း ၁ဝဝ ကျော်အထိ ကြာရှည်ခဲ့သည်။ ရောမမြို့ကြီးကို တစ်ရက်တည်း တည်ဆောက်ခဲ့ကြသည် မဟုတ်သလို မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသည်လည်း ရာစုနှစ်တစ်ခုကျော်အောင် ဖြတ်ကျော်ခဲ့ရသည်။ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော တိုင်းရင်းသားပြည်သူများက လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စား ကြိုးပမ်းအားထုတ်နေကြချိန်တွင် နယ်ချဲ့လက်ပါးစေတို့က ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်ဖြင့် သစ္စာဖောက်ကြသူတွေလည်း ရှိကြသည့်တိုင်အောင် တိုင်းရင်းသား ပြည်သူတို့၏ စည်းလုံးညီညွတ်မှု အင်အားဖြင့်  လွတ်လပ်ရေးပန်းတိုင်သို့   အရောက်လှမ်းနိုင်ခဲ့ကြသည်။  ဤသည်ကိုရည်ညွှန်း၍   ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတက သဝဏ်လွှာပေးပို့ရာတွင် ''ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ယနေ့မှစ၍ နောက်နောင်မှာ သိရှိစေဖို့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာ သမ္မတနိုင်ငံ အဖွဲ့ဝင်တိုင်းအတွက် ဆောင်ပုဒ်အဖြစ် စည်းလုံးညီညွတ်မှု ဆက်လက်တည်ရှိနိုင်မည့် သွေးစည်းညီညွတ်မှု ဖြစ်ပါစေသတည်း''ဟူ၍ သန္နိဋ္ဌာန်စကား ထည့်သွင်းထားခြင်းဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နိုင်ငံတော် တံဆိပ်တွင် ''သမဂ္ဂါနံ တပေါ သုခေါ'' ညီညွတ်ခြင်းသည် ချမ်းသာသုခကို ပေးစေသည်ဟူသော စာတန်းထည့်သွင်း ဖော်ပြထားပြီး တိုင်းရင်းသားပြည်သူ အပေါင်းတို့အား သတိပေး နှိုးဆော်ထားသော်ငြား ခေတ်အဆက်ဆက် တွေ့ကြုံရသော အနှောင့်အယှက်များကြောင့် ခရီးမတွင်ခဲ့သည်ကို သင်ခန်းစာ ယူဖွယ်ဖြစ်သည်။ ယနေ့အချိန်သည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကို တည်ဆောက်နေကြရာတွင် ညီညွတ်ခြင်းသည် ချမ်းသာသုခကို ပေးစေကြောင်း ငြိမ်းချမ်းသော ဒေသများ၌ တွေ့နေမြင်နေကြရသည်။

ထို့ကြောင့် ၁၉ ရာစုနှောင်းပိုင်းက ပေါ်ပေါက်ခဲ့သော အတွေးအခေါ် ပညာရှင်ကြီးတစ်ဦး၏ စကားအရ ကျွန်ုပ်တို့သည် အခြားသူများနှင့် ရင်ပေါင်တန်းနိုင်အောင် ရည်ရွယ် လုပ်ဆောင်နေကြသော်ငြား ကျွန်ုပ်တို့ ကိုယ်တိုင်က ရှိနေသောအချိန် လေးပုံသုံးပုံကို ဆုံးရှုံးသည့် အလုပ်ဖြင့်သာ အချိန်ကုန်နေကြသည်ဟု မှတ်သားရဖူးသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်က  ဆောင်ပုဒ်ဖြစ်သော ''သမဂ္ဂါနံ တပေါ သုခေါ''ကို နှလုံးသား ကိန်းအောင်းကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 157 times Last modified on Thursday, 07 November 2019 08:00