SJ WorldNews - шаблон joomla Авто

ရွာလယ်က အလှူပွဲ ခြိမ့်ခြိမ့်သဲသဲ စည်ကားလှသည်

Friday, 08 November 2019 09:27 font size decrease font size decrease font size increase font size increase font size

နက္ခတ်တာရာစုံထွန်းပသော တန်ဆောင်မုန်းလ ငွေနှင်းဖြူလွတို့ မြည့်မြည့်ကျ၍ အေးမြသောကာလသို့ ကူးပြောင်းစ ကာလဖြစ်သည်။ ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလ အမတ်ကြီးက ''သရဒံရတုကာလာနံ အချိန်အခါတို့တွင် တန်ဆောင်မုန်းလသည် သာယာလှပဆုံး အချိန်ဖြစ်ပေသည်''ဟု မိန့်ဆိုထားသည်။

ခဝဲပန်းဝါဝါတို့ပွင့်ကြသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာ မြန်မာတို့ပြုကြသည့် အလှူပွဲများ၌ သားရတနာကို သာသနာ့ အမွေဆက်ခံရန် ရဟန်းခံရှင်ပြုပွဲနှင့် သမီးရတနာကို နားထွင်းနားသ မင်္ဂလာပွဲများကို စည်စည်ကားကား ကျင်းပကြသည်။ ယနေ့ခေတ်  အညာဒေသ၌ ကျင်းပကြသော သားရှင်ပြုပွဲများမှ ရှင်လောင်းလှည့်ပွဲ များသည် ထူးထူးခြားခြား ကျင်းပကြရာ ဘုံခုနစ်ဆင့်လှည်း၊ ရွှေလှည်း၊ ငွေလှည်း၊ စိန်လှည်းများ အသုံးပြုလာကြသည်။ ရှင်ပြုနားသ မင်္ဂလာပွဲများတွင် ယခင်က ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်းများ အသုံးပြုကြရာမှ ယခုအခါ ဆန်းသစ်သော ဘုံခုနစ်ဆင့်လှည်းများ အသုံးပြုကြသည်။

သားရှင်ပြု အလှူရှင်လောင်းလှည့်ပွဲများတွင် ဘုရားကား၊ စည်တော်ကြီး၊ အလှူရံကိုင်၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်၊ တံခွန်လုံးကိုင်အပျိုများကို ရှေ့ဆုံးမှာထားပြီး အလှူ့ဒါယကာ၊ ဒါယိကာမများက နောက်မှ လိုက်ကြသည်။ ၎င်းတို့နောက်တွင် ရှေ့ဝင်းနှင့် နောက်ဝင်းများ ကာထားသည်။ ရှင်လောင်း လှည့်တန်းများထဲတွင် ဆိုင်းအဖွဲ့သုံးဖွဲ့ကို ထည့်သွင်းထားပြီး ဆိုင်းအဖွဲ့နောက်တွင် ရှင်လောင်းများ စီးကြသည့်မြင်းများ၊ မြင်းများ၏ နောက်တွင် လှည်းယဉ်တို့ လိုက်ကြရသည်။

ဟိုယခင်ကာလများဆီက အညာဒေသ၌ ကျင်းပသော ရှင်ပြုနားသမင်္ဂလာပွဲများမှ ရှင်လောင်းလှည့်ပွဲများတွင် လူလေးယောက် ထမ်းရသည့် ထမ်းစင်များပေါ်တွင် ရှင်လောင်းကို တင်၍လှည့်ကြစဉ် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တို့က အလှချင်းပြိုင်ကြသည်။ အချို့အိမ်တွင်းပုန်း လုံမများဆိုလျှင် နှစ်ပွဲ၊သုံးပွဲပြီးလျှင် မေတ္တာစာတွေ တဖွဲဖွဲရောက်လာတတ်သကဲ့သို့ တစ်ဖက်မိဘ ဆွေမျိုးများက မျက်နှာချိုသွေး၍ ရွှေလမ်းငွေလမ်း ဖောက်ကြသည်မှာ အညာဒေသမှ ချစ်စရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည်။

ဟိုယခင်အညာဒေသမှ ရှင်လောင်းလှည့်ကြရာတွင် ဘုန်းတော်ကြီး ကျောင်းသားတစ်ဖွဲ့ သျှိုးလိုက်ရတု ဆိုရင်း ပါဝင်ကြရသည်။ မြန်မာသက္ကရာဇ် ၁၅၂ ခုနှစ်တွင် ရခိုင်ပညာရှိတစ်ဦးရေးသော ရတုပိုဒ်စုံ (၃)ပိုဒ်သည် သျှိုးလိုက် ရှင်လောင်းလှည့် ရတုအသွားမျိုးဖြစ်သည်။ ပထမပိုဒ်၌  ''သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လေမြူးက။ ပြိုက်သွယ်နူး စီးသွယ်ဖြာ၊ မတတ်သာချေ၊ ဤထွေထွေကို၊ ကြည့်လေသမျှသာတည့်။ ပင်တိုင်းမှာ၊ ညှာရွက်ကြွေ၊ လေပြင်းခတ်လစ်၊ ပုရစ်ဝေဝေနှင့်။

ငှက်ရွှေမောင်နှံစုံ၊ နွှဲလည်ချင်းယှက်၊ ပန်းနှစ်ခက်ကို၊ ယူလျက်နှုတ်ဝယ်ငုံ၍...။

ရှင်လောင်းလှည့်ရာတွင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားကြီး တစ်ယောက်က ရတုဆိုရပြီး စာတစ်ကြောင်း ရပ်သွားချိန်တွင် ကျန်သော ကျောင်းသားများက သျှိုးဟူ၍ သံပြိုင်ဆိုကြရသည်။ အထက်တွင် တင်ပြခဲ့သော သိန်ကန်မိန်တွင် အစချီသော ရတုသီဆိုရာတွင် ရွက်ကျင်တောင်လေမြူးက ကြည့်လေသမျှသာတည့်။ ပုရစ်ဝေဝေနှင့်၊ ယူလျက်နှုတ်ဝယ်ငုံ၍ ဟူသော အဖြတ်အရပ်တို့တွင် ''သျှိုး''ဟုသံပြိုင်လိုက်ဆိုကြရသည်။

သံဃာတော်များ ရေးကြသည့် သျှိုးလိုက်ရတုသံများကို ယခင်က ကြားရဖူးသော်လည်း ယနေ့ခေတ်ရှင်လောင်းလှည့်ပွဲများတွင် အစဉ်အလာ မရှိတော့ကြောင်း တွေ့ရသည်။

ဆရာကြီးမင်းသုဝဏ် ရေးဖွဲ့သော ''ပလုတ်ဗြုန်းရယ်နဲ့'' အစချီဗြောသံကဗျာ၌ မောင်ရှင်လောင်းနှင့် ကွမ်းတောင်ကိုင် လုံမလေးတို့ မျက်လုံးဖြင့် စကားပြောကြပုံကို တွေ့ရသည်မှာ ''တစ်လတာ သည်အရေးကိုလ၊ မဟဝါ ကြည်ကြည်ပေးပါတဲ့၊ ရတုချိုစိတ်ကို သွေးလေတော့၊ မလေးမောင် ရွှေသျှောင်ငိုက်တဲ့ပြင်၊ မြင်းကဏ်ပင်ငြင်းဆန်မိုက်လေပေါ့၊ လွမ်းခိုက်မတည်။ မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ၊ မြင်းပေါ်က မောင်ရင်လောင်း၊ ငဲ့စောင်းလို့

ကြည့်သောအခါ၊ ကညာလုံ၊ ကြာမုံညွတ်ဟာဖြင့်၊ ယမ်းလောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်၊ မတွယ်တာ ဆယ်ခါလွှတ်မယ်တဲ့၊ ဒေါချိုချိုပြောဆို ရွတ်လေပေါ့၊ စိုစွတ်တဲ့မြမျက်ရည်၊ လည်တယ်လို့မဆုံး။ ဗြုန်းနိုင်ပေ့ ကိုရွှေစည်၊ တီနိုင်ပေ့ ကိုရွှေနှဲ၊ ရွှဲနိုင်ပေ့ ကိုယ်ရွှေမောင်၊ လုံမငယ် အရှက်အိုးမို့၊ အငြိုးနဲ့ပြောရော့ထင့်''ဟု ရေးဖွဲ့၍မြန်မာတို့ဓလေ့ ရှင်လောင်းလှည့်ပွဲ မြင်ကွင်းကို ရသမြောက် သရုပ်ဖော်ရေးဖွဲ့ထားသည်။

ဗုဒ္ဓဘာသာမြန်မာတို့၏ ရှင်ပြုအလှူပွဲသည် သားရတနာတို့အား ဂေါတမမြတ်စွာဘုရား ထားခဲ့သော သာသနာ့အမွေကို ဆက်ခံကြရန် ရည်ရွယ်သော ကုသိုလ်ပြုမှုဖြစ်သဖြင့် အလှူ့ဒါယကာ၊ ဒါယိကာမတို့အတွက် မွန်မြတ်သည့်အလှူဒါနဖြစ်သည်။ သားရတနာတို့မှာလည်း ဘုရားသားတော်အဖြစ် ခံယူကြရခြင်းကြောင့် မွန်မြတ်သည့် အစဉ်အလာဖြစ်သည်။ အချို့က သာသနာ့ အမွေခံယူကြပြီး ပရိယတ္တိ သာသနာနှင့် ပဋိပတ္တိသာသနာ ထွန်းကားအောင် ဆောင်ကြဉ်းနိုင်သည်အထိ ကြိုးစားအားထုတ်ကြသည်။

ထို့ကြောင့် ထူးထူးကဲကဲ ကျင်းပကြသော အလှူပွဲများကို ခြိမ့်ခြိမ့်သဲသဲ ရှိအောင် ဝိုင်းဝန်းအကျိုးဆောင်ကြသူတို့မှာလည်း ပစ္စုပ္ပန် သံသရာနှစ်ဖြာ၌ ကောင်းသော အကျိုးရရှိနိုင်ကြမည် ဖြစ်ပါသည်။  

Read 163 times Last modified on Friday, 08 November 2019 09:29