SJ WorldNews - шаблон joomla Авто

နှမ်းကလေးတွေ ပွင့်အောင် စိုရုံရွာလိုက်ပါဦး

Sunday, 10 November 2019 10:15 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၇ ရက် ည ၆ နာရီအချိန် တိုင်းထွာချက်များအရ    ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ်(BULBUL)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် နိုဝင်ဘာ ၇ ရက် ညနေမှ နောက် ၄၈ နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး  လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးမည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၄ ပေခန့်နှင့်  မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းနိုင်သည့် ဒေသများတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ ပါဝင်သည်။ မိုးနည်းရေရှား အပူပိုင်းဇုန်(Arid Zone) အဖြစ် သတ်မှတ်ထားသော  အဆိုပါ တိုင်းဒေသကြီးများ အတွင်း၌ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးစပါးစိုက်ပျိုးထားသည့်တောင်သူအတွက် စိုက်ပျိုးရေပေးဝေနေသော ဆည်တမံများမှ အောင်ရေလွှတ်ပေးရန် လိုအပ်နေချိန်တွင် မိုးရွာသွန်းခြင်းသည် တိုင်း၍ရက်သည့် ပက္ကလာ (လယ်သူမများ ဆောင်းလေ့ရှိသော ဦးခေါင်းမှတင်ပါးအထိ လုံသောခေါင်းဆောင်းစရာ) မိုးရွာသည်နှင့် အခန့်သင့်ဖြစ်သည်။ ဆည်တမံများမှ ရေမရနိုင်ဘဲ မိုးရေကိုသာ အားထားရသော မိုးစပါးစိုက်ခင်းများနှင့် ဆီထွက်သီးနှံနှမ်း စိုက်ခင်းများမှာ မိုးမရွာသဖြင့် စိုက်သီးနှံများ ပျက်စီးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တကန်သာကျေးရွာမှ တောင်သူ ၁၇ဝ ဦးခန့်၏ မြေဧက ၁၂ဝဝ ခန့်၌ မိုးစပါးစိုက်ပျိုးပြီးချိန်တွင် မိုးခေါင်ရေရှားဖြစ်စဉ်များကြောင့် ရေမရရှိသဖြင့် စပါးများ ပျက်စီးသွားသည်။

ပျက်စီးသွားသောစပါးခင်းများတွင် နှမ်းအစားထိုးစိုက်ပျိုးခဲ့သော်လည်း မိုးမရွာသဖြင့် နှမ်းခင်းများ ပျက်စီးသွားပြန်သည်။ အဆိုပါ စိုက်ခင်းများတွင် နေကြာ၊ ကြက်သွန်၊ ကုလားပဲ စိုက်ပျိုးရန်စီစဉ်ထားသော်လည်း မိုးမရွာသဖြင့် နိုဝင်ဘာ ၇ ရက်အထိ မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။ တောင်သူလယ်သမားများ၏ ကုန်ကျစရိတ်မှာ စပါးသီးနှံတစ်ဧက စိုက်ပျိုးလျှင် ငွေကျပ်သုံးသိန်းခန့် ကုန်ကျပြီး နှမ်းသီးနှံစိုက်ပျိုးလျှင် ငွေကျပ် ၁၅ဝဝဝဝ ခန့် ကုန်ကျသည်။ တောင်သူလယ်သမား များအနေဖြင့် လိုအပ်သည့်စိုက်ပျိုးစရိတ်ကို နိုင်ငံတော်အစိုးရက ထုတ်ပေးသော ဘဏ်ချေးငွေဖြင့် စိုက်ပျိုးရခြင်းဖြစ်ပြီး ယခုကဲ့သို့ စိုက်ပျိုးသီးနှံနှစ်မျိုးစလုံး ဆုံးရှုံးသွားသည်မှာ နစ်နာကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရွှေဘိုမြို့နယ် အနောက်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းမှ လယ်ယာစိုက်ပျိုးသူများသည် သဖန်းဆိပ်ရေလှောင်တမံ၏ အောက်ဘက်တွင်ရှိသော ကာဘိုးဆည်မှတူးမြောင်းရေဖြင့် စိုက်ပျိုးကြရသည့် အနေအထားရှိပြီး အရှေ့ဘက်ပိုင်းမှ လယ်ယာစိုက်ပျိုးသူများမှာ မဟာနန္ဒာကန်တော်ကြီးဝန်းကျင်မှာသာ စိုက်ပျိုးရေရရှိသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ခရစ်နှစ် ၁၇၅၃ ခုနှစ်တွင် မဟာနန္ဒာကန်တော်ကြီးကို တူးဖော်ခဲ့ရာ နှစ်ကာလကြာရှည်သဖြင့် ကန်တော်အတွင်း သဲနုန်းပို့ချမှုကြောင့် တဖြည်းဖြည်းကောလာသည်။

ဆည်မြောင်းဦးစီးဌာနသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ကန်တော်ကြီးကို ပြန်လည်တူးဖော်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကင်းတပ်ရေလွှဲဆည်မှ ရေသွယ်ယူရန် မူးတူးမြောင်းကို ပြုပြင်တည်ဆောက်၍ ရေပိုမိုဖြည့်တင်းပေးခဲ့သည်။

ယနေ့အချိန်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မဟာနန္ဒာကန်တော်ကြီးအတွင်း ရေဝင်ရောက်မှု နည်းပါးသကဲ့သို့  စိုက်ပျိုးသီးနှံများလည်း ပျက်စီးဆုံးရှုံး နေခြင်းကြောင့် မိုးရေကို မျှော်နေကြသော တောင်သူများအတွက် သောက အေးစေခြင်းငှာ နှမ်းကလေးတွေ ပွင့်အောင် စိုရုံရွာစေလိုကြမည်မှာ သေချာလောက်ပါပေသည်။      

Read 121 times Last modified on Sunday, 10 November 2019 10:21