SJ WorldNews - шаблон joomla Авто

မှန်ကန်သော ခံယူချက်ဖြင့် တိုးတက်အောင် စွမ်းဆောင်

Tuesday, 26 November 2019 08:26 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နယ်စပ်ရေးရာ ၀န်ကြီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။ သင်တန်းဖွင့်လှစ် သင်ကြားပေးသည့် ရည်ရွယ်ချက်များမှာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများနှင့် စပ်လျဉ်းပြီး စစ်တမ်းကောက်ယူခြင်းမှ အစ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် အဆင့်အထိ လုပ်ငန်းအဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှ ချဉ်းကပ် ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေး နည်းပညာများကိုလည်း နားလည်တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်၊ အခြားဌာန အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်တို့ ဖြစ်သည်။

နေပြည်တော်ရှိ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးသော နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အမှီသဟဲဖြစ်နေကြောင်း၊ ဒေသဖွံ့ဖြိုးရေး အားကောင်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းမှု အားကောင်းလာမည် ဖြစ်ကြောင်း၊ သင်တန်းဆင်း ၀န်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် အပြည့်နှင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သောခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာကဏ္ဍကနေ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့်အတူ ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနှင့်အတူ ပေးအပ်သည့်တာဝန်အပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များမှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အစားထိုး ဖွံ့ဖြိုးရေးနည်းပညာများကိုလည်း နားလည်တတ်ကျွမ်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်သည် အရေးကြီး လိုအပ်ချက်အဖြစ် ရှုမြင်ရသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နေသည့် တိုင်အောင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ရှိနေကြသည်။ ဆောင်းနှင်းဖျန်းစ ယခုအချိန်သည် ဘိန်းပင်များမှ ငရဲပန်းများ ပွင့်လန်းရန် အားယူကြချိန်ဖြစ်သည်။ ယခုလအတွင်း ဘိန်းခင်းများ ရှာဖွေဖျက်ဆီးသည့် သတင်းများ ကြားသိရသည်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းတုံမြို့နယ် နားကောင်းမူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်က လွယ်ချီလိတ်ကျေးရွာ၏အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၁၂ ဧကခန့် ဖျက်ဆီးခဲ့သည်။

အလားတူ လဲချားမြို့နယ် လဲချားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် က ပန်ဆနန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းပင်ပေါက် ဘိန်းခင်းစုစုပေါင်း ၁၀ ဧကခန့်ကို ဖျက်ဆီးခဲ့သည်။ လွိုင်လင်မြို့နယ် နောင်ဟင်းကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့်၊ ပန်လင်းကျေးရွာ၏ မြောက်ဘက် မီတာ၅၀ ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကခန့်နှင့် မိုင်းကိုင်မြို့နယ် နမ့်မော်ပျဉ်ကျေးရွာ၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းပင်ပေါက် ၁ ဧကခန့်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြသည်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို နယ်စပ်ဒေသများတွင် အများဆုံး တွေ့ရှိရခြင်းကြောင့် ဘိန်းအခြေခံထုတ်လုပ်သော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အစားထိုး နည်းပညာကလည်း ကြီးမားသော အထောက်အကူဖြစ်သည်။ ထို့ကြောင့် သင်တန်းဆင်း ၀န်ထမ်းများအနေဖြင့် ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်တိုးတက်အောင် ဆောင်ရွက်မည်ဟူသော မှန်ကန်သည့် ခံယူချက်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန် မြ၀တီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 246 times Last modified on Tuesday, 26 November 2019 08:27