SJ WorldNews - шаблон joomla Авто

ယာဉ်အန္တရာယ် ကင်းရှင်းရေး အားလုံးပါဝင်

Thursday, 09 January 2020 09:13 font size decrease font size decrease font size increase font size increase font size

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၉ ရက်

တောင်ကြီးမောက်မယ်...ရှားလာလာလာလာ ကြော်ငြာသီချင်းကို ကြားရလေတိုင်း လွန်ခဲ့သော ဆယ်စုနှစ်များဆီက တောင်ကြီး-ကျိုင်းတုံ အစုန်အဆန် သွားခဲ့ဖူးသော ခရီးလမ်းကို ပြန်လည်တွေးမိသည်။

ကုန်းလမ်းပို့ဆောင်ရေးမှ တီအီးကားကြီးများကို အမိုးဖွင့်စီးရသောကြောင့် မိုးရွာလျှင်အစို၊ နေပူလျှင်အခြောက်သွားရင်း လွိုင်လင်မှာ တစ်ထောက်နားကြရသည်။ တောင်ကြီးမှ ဟိုပုံး-မိုင်းပွန်-လွိုင်လင်သို့ သွားရသောခရီးမှာ မိုင်းပွန်ကို လွန်သည်နှင့် မဲနယ်တောင်ကိုကျော်ရစဉ် ယခုလိုအချိန်တွင် တောင်ခိုးဝေဝေ မြူခြေဆိုင်းဆိုင်းနှင့် မြင်ကွင်းက သိပ်မရှင်းဘဲ ပင့်သက်ရှူရင်း လိုက်ပါခဲ့ရသည်။ ကျောက်တောင်ကမ်းပါးများကိုမြှောင်၍ ဖောက်ထားသော လမ်းကျဉ်းကျဉ်းတွင် နှင်းကျချိန်၌ မြင်ကွင်းမရှင်းသဖြင့် ယာဉ်မောင်းသူများ သတိထားမောင်းကြရသည်။

လွိုင်လင်မြို့ထဲရောက်ပြီဆိုလျှင် လမ်းဘေးဝဲ/ယာမှ ချယ်ရီပင်တွေကိုမြင်ရချိန်တွင်  စိတ်အမောပြေသွားကြသည်။

တောင်ပေါ်လမ်းခရီးဖြစ်စေ၊ မြေပြန့်လမ်းခရီးဖြစ်စေ ယာဉ်မောင်းကျွမ်းကျင် ပါသည်ဆိုရုံဖြင့် မလုံလောက်ဘဲ ရာသီဥတုနှင့် လမ်းကြောင်းအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ ယာဉ်အခြေအနေတို့ကို သိထားရန်လိုသည်။

အခြေအနေ အရပ်ရပ်တို့ကို သိထားသည့်တိုင်အောင် သတိလစ်သွားချိန်တွင် အန္တရာယ်နှင့် တွေ့ကြုံရတတ်သည့် သာဓကများစွာ ရှိသည်။ ယခုရက်ပိုင်းအတွင်း တွေ့ရသော သတင်းမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာနှင့် ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် (၁၆၆/၂) နှင့် (၁၆၆/၃)ကြား၌ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ တွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှ အနက်ပေ ၃ဝဝ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားသဖြင့် လူသုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာ ရရှိသွားသည်။ မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား လွိုင်လင်မြို့မရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မြေပြန့်ကားလမ်းမှ ကြားသိရသော သတင်းမှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁ဝ၇/ဝ) နှင့် (၁ဝ၇/၁)ကြား၌ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ၁ဝ ဘီးယာဉ်သည် ဘရိတ်ပေါက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားစဉ် မျက်နှာချင်းဆိုင်မှ လာသော ခြောက်ဘီးယာဉ်ကို ဝင်တိုက်ပြီး ၁ဝ ဘီးယာဉ်မှာ နောက်ပြန်လိမ့်သွားသည်။ နောက်ပြန်လိမ့်လာသော ၁ဝ ဘီးယာဉ်သည် မော်တော်ဆိုင်ကယ်နှစ်စီးအား တိုက်မိသဖြင့် အဆိုပါဖြစ်စဉ်မှာ ယာဉ်လေးစီးဆင့်တိုက်သည့် အနေအထား ရောက်သွားသော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မော်တော်ယာဉ်နှစ်စီးနှင့် ဆိုင်ကယ်နှစ်စီးတို့ ပျက်စီးသွားကြောင်း သိရသည်။ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၈၆/၃) နှင့် (၂၈၆/၄)ကြား၌ ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲတွင် ခရီးသည် ၃၂ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်၍ ရေနုတ်မြောင်းအောက် လျှိုထိန်းနံရံအား ဝင်တိုက်မိကာ မော်တော်ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်၌ ရပ်တန့်သွားသည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား သီးကုန်းရဲစခန်းက ယာဉ်(ပ)၁/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၃၇/၃၃၈ ဖြင့်လည်းကောင်း၊ အမြန်လမ်းမကြီးများဥပဒေပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ ယာဉ်မောင်းလိုင်စင် မရှိသဖြင့် မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က) ဖြင့်လည်းကောင်း အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ကော့ကရိတ်-မြဝတီသွားကားလမ်းမကြီး မိုင်တိုင်အမှတ်(၁၅၈/၃) ကွမ်းသီးတော ကွေ့နေရာ၌ ဇန်နဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ခရီးသည်တင်မှန်လုံယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်သို့ ထိုးဆင်းသွားစဉ် ပရိုဘောက်ယာဉ်နှင့်တိုက်မိသဖြင့် ပရိုဘောက်ယာဉ်မှာ မီတာ ၂ဝဝ ခန့်လွင့်သွားပြီး မှန်လုံယာဉ်မှာ ချောက်အတွင်းသို့ မီတာ ၁ဝဝ ခန့် ထိုးကျသွားသည်။ ဤဖြစ်စဉ်တွင် ပရိုဘောက်ယာဉ်မှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး၊ မှန်လုံယာဉ်မှ အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့မှာ အခင်းဖြစ်နေရာတွင်သေဆုံးပြီး အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ဝ ဦးတို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်မှာ ၂ဝ၂ဝ ပြည့်နှစ်၏နှစ်ဦးပိုင်း၌ ထူးခြားသောယာဉ်အန္တရာယ် ဖြစ်သည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်အန္တရာယ်ကြောင့် သေဆုံးသူပျမ်းမျှ တစ်ရက်လျှင် ၁၃ ဦးနှုန်းသေဆုံးကြောင်း ဌာနဆိုင်ရာ သတင်းအချက်အလက်ကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြထားကြရာ ယခု ၂ဝ၂ဝ ပြည့်နှစ်တွင် လျော့နည်းရေးအတွက် ဒေသအလိုက် အစီအမံများ ချမှတ်ဆောင်ရွက်ကြရန်နှင့် ပြည်သူများကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မမေ့လျော့မပေါ့ဆကြရန် လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    

Read 93 times