Print this page

အငိုလွယ်အရှိုက်ခက်သည့် ဘေးအန္တရာယ်

Friday, 10 January 2020 09:29 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ဝ ရက်

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၇ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်းထုတ်ပြန်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသော ''မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန''သို့ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်အထိပေးပို့ တိုင်ကြားလာသည်များကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်မှု အခြေအနေများအား ဖော်ပြထားသည်။

ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိမှု အပါအဝင် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၉၂၉ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံကျား ၁၁၉၇ ဦး၊ မ ၂၃၅ ဦး ပေါင်း ၁၄၃၂ ဦးရှိသည်။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၇၁၇၂ ဒသမ ၄၅၉၄ ဂရမ်၊ ICE ၁၃၄၇ ဒသမ ၃၂ ဂရမ်၊ ဘိန်း ၄ဝ၃၃၉ ဒသမ ဝ၂၁၆၆ ဂရမ်နှင့် အဆင့်နိမ့်ဘိန်း၊ ဘိန်းစာမှုန့်၊ ဘိန်းစာရွက်၊ ဘိန်းစာရည်၊ ဘိန်းရည်၊ ဘိန်းဆီခဲ၊ ဘိန်းစေ့များနှင့် ဆေးခြောက် ၁ဝ၃၁ဝ ဒသမ ၄၂ ဂရမ်ဖမ်းဆီးရမိသည်။ ထို့ပြင်စိတ်ကြွဆေးပြား ၄၅၄၂၈၉ ပြား၊ စိတ်ကြွဆေးပြား အကြေမှုန့် ၅၅ ဒသမ ၄၅  ဂရမ်၊ Ecstasy အကြေ သုညဒသမ ဝဝ၁၊ လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက် နေကြချိန်မှာပင် ဇန်နဝါရီ ၄ ရက်နောက်ပိုင်း သတင်းစာများ၌ တွေ့ရသော  ဖမ်းဆီးရမိသတင်းများမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇန်နဝါရီ ၆ ရက်နံနက် ၁၁ နာရီခွဲခန့်တွင် နမ္မတီးမြို့ဘက်မှ မောင်းနှင်လာသည့်  AD Van အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ ထည့်ထားသော ဆပ်ပြာခွက် ၂၂ ခွက်၊ ၂ဝ၉ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိသည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မြစ်ကြီးနားမြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းကွက်သစ်(၉)လမ်းရှိ လူနေအိမ်တစ်အိမ် အား ဇန်နဝါရီ ၆ ရက်ညနေ ၄ နာရီခွဲခန့်တွင် သတင်းအရပူးပေါင်းအဖွဲ့က သွားရောက် ရှာဖွေစစ်ဆေးရာ လူကိုမတွေ့ရဘဲ နေအိမ်အိပ်ခန်းအတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၈၆၄ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၂ဝဝ ကျော်)နှင့် CROWN အမျိုးအစား(လိုင်စင်မဲ့) မော်တော်ယာဉ်တစ်စီးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်အား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက်ညနေ ၃ နာရီ ခန့်တွင် ဟိုစီတုံးဟော်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၈ဝဝ ခန့်အကွာရှိ လူနေထိုင်ခြင်း မရှိသည့် အဆောက်အအုံပျက် တစ်လုံးအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇ သိန်း)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား တာရွှေထန်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား သတင်းအရ ဇန်နဝါရီ ၄ ရက်က ဝင်ရောက်ရှာဖွေရာ မီးဖိုချောင်အတွင်း သံသေတ္တာထဲရှိ ရောင်စုံဆပ်ပြာခွက် ၁၃ ခွက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်မှုန့် အလေးချိန် ၁၄၃ ဂရမ်ခန့်နှင့် ပန်းရောင်(စာတန်းမပါ) စိတ်ကြွဆေးပြားဟု ယူဆရသော အထုပ်ခြောက်ထုပ်အတွင်းမှ ဆေးပြား စုစုပေါင်း ၁၂ဝဝ ပြားခန့် ရှာဖွေတွေ့ရှိသည်။ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ အိပ်ရာခြေရင်းရှိ သံသေတ္တာထဲ၌ အစိမ်းရောင်ပီနံအိတ်အတွင်း ထည့်လျက် ရောင်စုံဆပ်ပြာခွက် ၄၄ ခွက်အတွင်းမှ  ဘိန်းဖြူဟု ယူဆရသောဖြူ/ဝါရောင်မှုန့် အလေးချိန်၄၈၄ ဂရမ်ခန့်နှင့် ပန်းရောင်(စာတန်းမပါ) စိတ်ကြွဆေးပြားဟု ယူဆရသောအထုပ် ၂၉ ထုပ်အတွင်းမှ ဆေးပြားစုစုပေါင်း ၅၈ဝဝ ပြားခန့်ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်အား ရှင်ဗွေယန်ရဲစခန်းက ဥပဒေအရအမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအနီး၌ ဖဒိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လှည့်ကင်းဆောင်ရွက်စဉ် မြို့ချောင်းကျေးရွာအနီး၌ Honda Fit အခဲရောင် မော်တော်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်ကာရပ်တန့်ထားပြီး ယာဉ်ပိုင်ရှင်အား မတွေ့ရသဖြင့် ယာဉ်ကို ဆက်လက်စစ်ဆေးရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်တွင် အပြာရောင်ကပ်ခွာ အိတ်များအတွင်း ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၃၆ဝ ပြားနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင်  အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ပိုင်ရှင်(စုံစမ်းဆဲ)ကို ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လူသားတို့အတွက် အငိုလွယ်သလောက် အရှိုက်ခက်သော ဘေးအန္တရာယ်ဖန်တီးနေသော မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 112 times Last modified on Friday, 10 January 2020 09:31