Print this page

ကျန်းမာရေးသတိ ကိုယ်စီရှိရမည်

Saturday, 11 January 2020 10:05 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးသြ၀ါဒကထာ၌ တိုင်းသူ၊ ပြည်သားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ကျန်းမာချမ်းသာ ကြင်ကြင်နာနာ ရှိပြီးတော့ ဘုန်းကျက်သရေနဲ့ ပြည့်စုံကြပါစေကြောင်း မိန့်ကြားပြီး မေတ္တာပွားနည်း(၁၁)နည်းကို ရှင်းလင်း ဟောကြားတော်မူသည်။
မေတ္တာပွားနည်း (၁၁)နည်း၏ ပထမဆုံးအပိုဒ်မှာ  လုံးစုံများစွာသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေဖြစ် သည်။ လူတို့တွင် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေခြင်းကြောင့် စိတ်သွားတိုင်း ကိုယ်မပါ လိုရာမရောက်ဖြစ်တတ် သည့်နည်းတူ စိတ်ထောင်းလို့ကိုယ်ကြေ ဖြစ်ရသည်လည်း ရှိသည်။ ကျန်းမာခြင်းဟူသည် အနာရောဂါကင်းခြင်း ဖြစ်သည်ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ထားသည်။  အနာရောဂါဟုဆိုရာတွင် ရုပ်အနာ၊ စိတ်အနာ နှစ်မျိုးစလုံး ပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကျန်းမာခြင်းဆိုသည်မှာ လူတစ်ယောက်အတွက် ကာယသုခ၊ စိတ္တသုခ၊ လူမှုရေးသုခ အ၀၀ပြည့်စုံသည့်အပြင် ကျိုးခြင်း၊ ကန်းခြင်း၊ ဆွံ့အခြင်းနှင့်လည်း ကင်းဝေးမှသာ ကျန်းမာခြင်းနှင့် ပြည့်စုံသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ယခင်က ကမ္ဘာ့ပြည်သူများသည် ကပ်ရောဂါ ဘေးဆိုးကြီးများနှင့် ကြုံတွေ့ခဲ့ကြရစဉ် ရောဂါကုသဆေး၊ ကြိုတင်ကာကွယ်ဆေးတို့ကို ပညာရှင်များက စမ်းသပ်အောင်မြင်သဖြင့် ထိရောက်မှုရှိခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ယခင်က ငုပ်နေ သောရောဂါများ ပြန်လည် ခေါင်းထောင်လာခြင်းနှင့်အတူ ရောဂါအသစ်အဆန်းများ ထပ်မံပေါ်ပေါက်လာ လျက်ရှိသဖြင့် ပြည်သူများအား ကျန်းမာရေး အသိပညာပေး အစီအစဉ်များကို နိုင်ငံတော်အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြရသည်။
တိုင်းရင်းသားပြည်သူ အပေါင်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်ကုသရာတွင် နိုင်ငံတော်၏ အစိတ် အပိုင်းဖြစ်သော တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် သာရိုးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်န၀ါရီ ၈ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ မာရ်အောင်ရတနာကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူ ၂၃၆ ဦးတို့အား ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound  ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၃၁ ဦးကို မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးပြီး ကျေးရွာအခြေခံပညာ မူလတန်းကျောင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဟု ဆိုထားသည်နှင့်အညီ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်သောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ရောဂါကူးစက်တတ်သော အကြောင်းတရားများတွင် ဗက်တီးရီးယားပိုးနှင့် ဗိုင်းရပ်ပိုးတို့မှ တစ်ဆင့် ကူးစက်ခြင်း၊ ရောဂါဝေဒနာခံစားရသူ ကိုယ်မှထွက်သော သွေး၊ ချွေး စသည်တို့မှတစ်ဆင့် ကူးစက်ခြင်း၊ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခြင်း စသည်ဖြင့် ရှိသော်လည်း ရောဂါတိုင်း မကူးစက်တတ်ကြောင်း သိရသည်။
တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး  စောင့်ရှောက် ကုသပေးခြင်းနှင့် စမ်းသပ်ပေးခြင်းများတွင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ ပါဝင်ကြောင်း တွေ့ရသည်။ အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုထားသည့်အတိုင်း လူတို့နေ့စဉ်စားသုံးနေကြသော ဟင်းလျာများတွင် အသုံးပြုသော နနွင်းမှုန့်သည် အသည်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သတိမေ့ရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သော အာနိသင်ရှိသဖြင့် မီးဖိုချောင်သုံးအိမ်တွင်း ဆေးဝါးအဖြစ် သတ်မှတ်ထားကြသည်။ အချိုမှုန့်နှင့် အရောင်တင်မှုန့်တို့သည် စားသုံးသူ၏ ကျန်းမာရေးကို အလွန်အမင်း ထိခိုက်စေကြောင်း ဆရာဝန်များနှင့် အာဟာရပညာရှင်တို့က သတိပေးထားကြသည်။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်သစ်တွင် ချမ်းသာကိုယ်စိတ် မြဲလိုကြသော် ကိုယ်တိုင်ကျန်းမာရေး သတိ ရှိရမည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို မမေ့လျော့ မပေါ့ဆရန်ဖြစ်ကြောင်း မြ၀တီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   
Read 168 times Last modified on Saturday, 11 January 2020 10:05