SJ WorldNews - шаблон joomla Авто

စက်ဘီးအားကစားနှင့် သံခင်းတမန်ခင်း

Sunday, 12 January 2020 10:41 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁၂ ရက်

(၄၉)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်စက်ဘီးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက်က ကျင်းပသည်။ ပြိုင်ပွဲအမျိုးအစားများမှာ ခရီးကြမ်းဖြတ်ကျော်ပြိုင်ပွဲ၊ Mountain Bike အမျိုးသားပြိုင်ပွဲ၊ အသက် ၂၃ နှစ်အောက် Mountain Bike အမျိုးသားပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် Mountain Bike အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး Mountain Bike ပြိုင်ပွဲတို့ ပါဝင်ပြီး  ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ထို့ပြင် အမျိုးသားအကောင်းဆုံး ကစားသမားဆု၊ အမျိုးသမီးအကောင်းဆုံး ကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆု ရရှိသူများကိုလည်း ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူသားတို့အတွက် ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် အသုံးဝင်သော စက်ဘီးထုတ်လုပ်ရေး လုပ်ငန်းများ ကမ္ဘာ၌တွင် ကျယ်လျက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းစက်ဘီး အသုံးပြုသူစုစုပေါင်း သန်းတစ်ထောင်ကျော်ရှိသဖြင့် မိုဘိုင်းလ် အသုံးပြုသူ အရေအတွက်ထက်များသည်ဟု ဆိုကြသည်။   ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော စက်ဘီးကို  ၁၉ ရာစုနှစ်တွင် အားကစားနည်း၌ ထည့်သွင်း အသုံးပြုလာကြသည်။ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၌ ၁၈၉၆ ခုနှစ်တွင် စက်ဘီးအားကစား ထည့်သွင်းကျင်းပခဲ့ပြီး   အာရှအားကစားပြိုင်ပွဲ၌ ၁၉၅၁ ခုနှစ်၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ ၁၉၅၉ ခုနှစ်တို့မှစ၍ ထည့်သွင်းကျင်းပခဲ့သည်။

စက်ဘီးပြိုင်ပွဲများတွင် အသုံးပြုသော စက်ဘီးအမျိုးအစားနှင့် ယှဉ်ပြိုင်ရသည့် လမ်းအနေအထားပေါ် မူတည်၍ အမျိုးအစားခွဲခြားထားရာ BMX ပြိုင်ပွဲ၊ တောင်ပေါ်လမ်းပြိုင်ပွဲ(Mountain Event)၊ အားကစားကွင်း အတွင်းပြိုင်ပွဲ(Track Event)တို့ ဖြစ်သည်။ ယင်းအမျိုးအစားသုံးမျိုး၌ ကွဲပြားခြားနားသော ပွဲစဉ်များ ထပ်မံပါဝင်သည်။  BMX ပြိုင်ပွဲဟုခေါ်ဝေါ်ခြင်းမှာ BMX အမျိုးအစားစက်ဘီးကို အသုံးပြု ယှဉ်ပြိုင်ရသောကြောင့် ဖြစ်သည်။ ၄င်းပြိုင်ပွဲ၌  အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများ ပါဝင်ပြီး အကွာအဝေး ၃၂၈ မီတာအတွင်း ခုံး ၁၅ ခုကို ဖြတ်ကျော် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ယင်းခုံးများမှာ မြင့်မားမှု မရှိသော်လည်း တစ်ခုနှင့်တစ်ခုအလွန် နီးကပ်သဖြင့် ခုံးတစ်ခု၏ အဆင်းသည် အခြားခုံးတစ်ခု၏ အတက်ဖြစ်သဖြင့် ကျွမ်းကျင်မှုနှင့် ဟန်ချက်ကောင်းမွန်ရန် အလွန်အရေးကြီးသည်။

မောင်တိန် (Mountain)စက်ဘီးကို အသုံးပြုယှဉ်ပြိုင်ရသော ပြိုင်ပွဲတွင် တောင်ဆင်း (Down Hill) ပြိုင်ပွဲနှင့် Cross Country ပြိုင်ပွဲဟူ၍  နှစ်မျိုးရှိသည်။ တောင်ဆင်းပွဲစဉ်များသည် တစ်ဦးချင်းယှဉ်ပြိုင်ရသော ပွဲစဉ်များတွင် စံချိန်သတ်မှတ်ပြီး အနိုင်အရှုံးသတ်မှတ်သည်။ ယင်းပွဲစဉ်မှာ တောင်ဆင်းလမ်းအတိုင်းအရှိန်ဖြင့်ယှဉ်ပြိုင်ရပြီး ခရီးအကွာအဝေး မီတာ ၁၅ဝဝ သတ်မှတ်ထားသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၇)ကြိမ်မြောက် ဆီးဂိမ်း၌  အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ် ထည့်သွင်းကျင်းပခဲ့သည်။ မောင်တိန်စက်ဘီးကိုပင် အသုံးပြုယှဉ်ပြိုင်ရသော အခြားပြိုင်ပွဲအမျိုးအစားမှာ Cross Country ပြိုင်ပွဲများဖြစ်ပြီး ၄ ဒသမ  ၆ ကီလိုအကွာအဝေးကို ယှဉ်ပြိုင်ရသည်။ ယှဉ်ပြိုင်စဉ်တွင် မြေသားလမ်း၊ တောလမ်း၊ မတ်စောက်သော အဆင်း၊ အတက်များကို ဖြတ်သန်းယှဉ်ပြိုင်ရသောကြောင့် Cross Country ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

Cross Country  ပြိုင်ပွဲတွင် တစ်ဦးချင်း ပွဲစဉ်များအပြင် လက်ဆင့်ကမ်းပွဲစဉ်များလည်း ပါဝင်သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် ပြိုင်ဘီးအသုံးပြုယှဉ်ပြိုင်ကြသည့် ပွဲစဉ်များမှာ အမျိုးသားတစ်ဦးချင်း၌ အမျိုးသား ၄ဝ ကီလိုမီတာတစ်ဦးချင်း၊ အမျိုးသား ၁ဝဝ ကီလိုမီတာအသင်းလိုက်၊ အမျိုးသား ၁၅ဝ ကီလိုမီတာတစ်ဦးချင်း၊ အမျိုးသား ၁၅ဝ ကီလိုမီတာ အသင်းလိုက် ပြိုင်ပွဲများ ဖြစ်သည်။ ထို့အတူ အမျိုးသမီး ၂ဝ  ကီလိုမီတာတစ်ဦးချင်း၊ အမျိုးသမီး ၁၂ဝ ကီလိုမီတာ အသင်းလိုက်ပွဲစဉ်များ ပါဝင်ကြောင်း သိရသည်။

စက်ဘီးကို  မူလအသုံးဝင်မှုမှာ  လူတို့ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး အတွက်သာဖြစ်ပြီး နောက်ပိုင်းတွင် အားကစားနည်း တစ်မျိုးအဖြစ် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့၌ ထည့်သွင်းကျင်းပခဲ့သည်။ မျက်မှောက်ကာလ ကမ္ဘာရွာကြီးတွင် စက်ဘီးဖြင့် နိုင်ငံတကာသို့ လှည့်လည် သွားလာကြသည့်   ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလျက်ရှိသည်မှာ အားကစားဖြင့် သံခင်းတမန်ခင်းကို မြှင့်တင် ပေးသည်ဟု ရှုမြင်ရပါသည်။  

Read 81 times Last modified on Sunday, 12 January 2020 10:43