SJ WorldNews - шаблон joomla Авто

အဘိဓမ္မာခုနစ်ကျမ်း မြတ်ပဋ္ဌာန်း

Wednesday, 15 January 2020 09:58 font size decrease font size decrease font size increase font size increase font size

ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁၅ ရက်

နှလုံးလှမေတ္တာရှင်များ ဖောင်ဒေးရှင်းနှင့်  ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့ ပူးပေါင်းဖွင့်လှစ်သော ငွေလှရတနာ အဘိဓမ္မာရက်တို သင်တန်းကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရွှေကြာပင်လမ်းနှင့်  မြတ်မင်္ဂလာလမ်းထောင့်  ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ အတွင်းရှိ  သုခါဝါသအောင်စစ်သည်ဓမ္မာရုံ၌  ဇန်နဝါရီ ၆ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်ခဲ့သည်။  အဆိုပါ သင်တန်းသို့ နှလုံးလှမေတ္တာရှင်များ ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ အပါအဝင် သင်တန်းသား၊ သင်တန်းသူ ၁၅၃ ဦးတက်ရောက်ကြကြောင်း သိရသည်။

အဘိဓမ္မာဟူသည် သုတ္တန်ဓမ္မတို့ထက် လွန်ကဲထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မာဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားသည် သုတ္တန်ဓမ္မတို့၌ ခန္ဓာငါးပါးကို နည်းအပြည့်အစုံဖြင့် ဟောတော်မမူဘဲ တစ်စိတ်တစ်ဒေသ အားဖြင့်သာ ဝေဖန်ဟောတော်မူသည်။ အဘိဓမ္မာတို့၌မူ သုတ္တန္တဘာဇနိယနည်း၊ အဘိဓမ္မာ ဘာဇနိယနည်း၊ ပဥှာပုစ္ဆက(အမေး၊ အဖြေ)နည်းတို့ဖြင့် အကြွင်းမရှိ ဟောတော်မူသည်။ ထို့အတူ အာယတန ၁၂ ပါး၊ ဓာတ် ၁ဝ ပါး၊ သစ္စာ ၄ ပါး၊ ဣနြေ္ဒ ၂၂ ပါး ပဋိစ္စသမုပ္ပာဒ် တို့ကိုလည်း နည်းသုံးနည်းတို့ဖြင့်  အကြွင်းမရှိ အပြည့်အစုံဝေဖန်၍ ဟောတော်မူသည်။

ဤကဲ့သို့ လွန်ကဲထူးမြတ်သော အဘိဓမ္မာသည် ကျမ်းဂန်အားဖြင့် ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ္တိကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမကကျမ်း၊ ပဋ္ဌာနကျမ်းတို့ ဖြစ်သည်။

အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော်မူခြင်းမှာ ဂေါတမမြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ထိုင်နေတော်မူလျက်  ဤအဘိဓမ္မာတို့ကို ရှာဖွေနေစဉ်  လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်ခဲ့လေပြီ။  ယခုဤဗောဓိပင်ရင်း၌ ထိုင်နေလျက် တစ်ထောင့်ငါးရာ ကိလေသာတို့ကို ကုန်စေပြီး အဘိဓမ္မာတို့ကို သိအပ်ပြီဟူ၍ သိအပ်သောတရားကိုဆင်ခြင်ကာ ခုနစ်ရက်ပတ်လုံး ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူရာမှ တစ်ဖန်ရပ်တော်မူပြီး ခုနစ်ရက်ပတ်လုံးပလ္လင်ကိုကြည့်၍ သဗ္ဗညုတÓဏ်တော်အလို့ငှာ အားထုတ်တော်မူ၏။

သိဒ္ဓတ္ထမင်းသားသည် ပလ္လင်ကိုကြည့်နေခြင်းဖြင့် ပြုဖွယ်ကိစ္စပြီးမည်မဟုတ်ကြောင်း ကြံဆနေကြသော နတ်တို့၏ အကြံကိုသိ၍ ကောင်းကင်သို့ကြွသွားပြီး တန်ခိုးပြာဋိဟာပြတော်မူ၏။ ထို့နောက် ဗောဓိပင်နှင့် ရပ်၍ကြည့်ရာ ဌာနနှစ်ခု အကြား၌  ကောင်းကင်မှသက်ဆင်း၍ စင်္ကြံလျှောက်လျက် ခုနစ်ရက်ပတ်လုံးနေတော်မူ၏။ စတုတ္ထခုနစ်ရက်မှာ ရတနာဃရ အိမ်တော်၌ နေတော်မူစဉ် အဘိဓမ္မာခုနစ်ကျမ်းကို အစဉ်အတိုင်း  သုံးသပ်ဆင်ခြင်တော်မူစဉ်တွင်  ဘုရားရှင်၏ကိုယ်တော်မှ  ရောင်ခြည်တော်မထွက်သေးဘဲ ပဋ္ဌာန်းကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသည့် အခါမှသာ ရောင်ခြည်တော်တို့ ကွန့်မြူးကြကုန်၏။

ဤသို့  နူးညံ့သိမ်မွေ့သော အဘိဓမ္မာကို သုံးသပ်ဆင်ခြင်သောအခါ  ဘုရားရှင်၏ သွေးသည်ကြည်လင်၏။  သွေးကြည်လင်သဖြင့်  စိတ်၏မှီရာဝတ္ထုရုပ်ကြည်လင်၏။  ဝတ္ထုရုပ်ကြည်လင်သဖြင့် စိတ်ကြည်လင်၏။ စိတ်ကြည်လင် သဖြင့် အရေအဆင်း ကြည်လင်တောက်ပ၏။ ထိုစိတ်ကြောင့်ဖြစ်သော  ဥတုဇအဆင်းဓာတ်သည် ပတ်ဝန်းကျင် အတောင်ရှစ်ဆယ်မှ  မတုန်မလှုပ် တည်လေသည်။

ထိုရတနာဃရ၌ ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်သော အဘိဓမ္မာတို့သည် အပိုင်းအခြားမရှိ ကျယ်ဝန်း နက်နဲလှ၏ ဟူ၍ စိတ်တော်ဖြင့် ဟောတော်မူသည်။

ဂေါတမမြတ်စွာဘုရား နှုတ်မြွက်၍ ကိုယ်တိုင်ဟောတော်မူသည်မှာ တာဝတိံသာနတ်ပြည်သို့ကြွပြီး မယ်တော်ဟောင်း သန္တုဿိတနတ်သားနှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး ဟောတော်မူခြင်းဖြစ်သည်။ အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူရာတွင် ဓမ္မသင်္ဂဏီကျမ်းနှင့် ဝိဘင်းကျမ်းတို့ကို  ၁၂ ရက်စီ၊ ဓာတုကထာကျမ်းကို ခြောက်ရက်၊ ပုဂ္ဂလပညတ္တိကျမ်းကို ခုနစ်ရက်၊ ကထာဝတ္ထုကျမ်းကို  ရှစ်ရက်၊ ယမကကျမ်းကို ရက်ပေါင်း ၂ဝ၊  ပဋ္ဌာန(ပဋ္ဌာန်း) ကျမ်းကို ၂၅ ရက် ဟောတော်မူရာ စုစုပေါင်း ရက် ၉ဝ ကြာသည်။

ပဋ္ဌာန်းဥဒ္ဒေသနှင့် နိဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီး ငြိမ်းအောင်မြင်နိုင်ခြင်း၊ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရားတို့ကို ရနိုင်ခြင်းကြောင့် အဘိဓမ္မာခုနစ်ကျမ်း မြတ်ပဋ္ဌာန်းဟု ဆရာတော်ကြီးများ မိန့်ကြားထားကြသည်။ အနည်းဆုံးအားဖြင့် လောဘ၊ ဒေါသ၊ မောဟနှင့် အလောဘ၊ အဒေါသ၊ အမောဟတည်းဟူသော ဟိတ်ခြောက်ပါးတို့ကို ကွဲကွဲပြားပြား သိမြင်၍ လက်တွေ့အားထုတ်နိုင်ကြသော် လူတော်လူကောင်းဖြစ်ရန် အကြောင်းရှိသည်ဟူ၍ မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  ။

 

 

Read 58 times Last modified on Wednesday, 15 January 2020 12:39