SJ WorldNews - шаблон joomla Авто

ဆောင်းခိုငှက်တို့ ကောင်းကင်ခရီး

Tuesday, 21 January 2020 10:47 font size decrease font size decrease font size increase font size increase font size

အာရှရေပျော်ငှက်စာရင်း ကောက်ယူခြင်းကို နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ နှစ်စဉ် ဇန်န၀ါရီလအတွင်း ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ ရမ်ဆာဒေသများ ဖြစ်သည့် အင်းလေးကန်၊ အင်းတော်ကြီးရေအိုင်၊ မိုးယွန်းကြီးအင်း  တို့တွင် ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုလိပ်အင်းနှင့် ပျူကန်တို့တွင်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အာရှရေပျော်ငှက်စာရင်း ကောက်ယူသည့် ရည်ရွယ်ချက်များမှာ ရေပျော်ငှက်များ၏ အရေအတွက်ကို ခန့်မှန်းနိုင်ရန်၊ ရေပျော်ငှက် အကောင်ရေ ပြောင်းလဲမှုနှင့် ပျံ့နှံ့နေထိုင်မှုကို စောင့်ကြည့်လေ့လာရန်၊ လူသိနည်းသော ရေပျော်ငှက်များ၊ မျိုးစိတ်များနှင့် ရေ၀ပ်ဒေသများ အကြောင်း ပိုမိုသိရှိလာစေရန်၊ ရေပျော်ငှက်များနှင့် ရေ၀ပ်ဒေသများ၏ အရေးပါမှုကို ဒေသအဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အဆင့်အထိ ပိုမိုသိရှိလာကြစေရန်ဖြစ်သည်။ ယခုစာရင်းကောက်ခြင်းသည် အင်းလေးကန်တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ အဓိကရေ၀ပ်ဒေသကြီးများ ဖြစ်သည့် အင်းလေးကန်၊ ဘီလူးချောင်း၊ စကားအင်း၊ ဖယ်ခုံအင်း တို့တွင် ဇန်န၀ါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အင်းလေးကန်တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ ငှက်စာရင်း ကောက်ယူရာတွင် ဒေသခံ ရေပျော်ငှက် မျိုးစိတ်များ၊ ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်၊ ဒေသခံ သစ်တောငှက်မျိုးစိတ်၊ ဒေသပြောင်းရွှေ့ သစ်တောငှက်မျိုးစိတ် တို့ကို မှတ်တမ်း တင်နိုင်ခဲ့သည်။ ထို့ပြင် အင်းလေးကန်ငှက်ကြည့်စင် ဧရိယာအတွင်း၌ ရှားပါးရေပျော် ငှက်မျိုးစိတ်ဖြစ်သော ဘဲနှစ်ကောင်နှင့် မျက်ခုံးဖြူရေငုံး သုံးကောင်တို့ကိုလည်း မှတ်တမ်းအသစ် တင်နိုင်ခဲ့သည်။

ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်များသည် ကမ္ဘာ့အအေးပိုင်းဇုန် အနီးတစ်ဝိုက်၌ နွေရာသီကာလများတွင် အစာရှာဖွေ စားသောက်ရာ အသိုက်များ ဆောက်လုပ်ပေါက်ပွား နေထိုင်ကြရာမှ ဆောင်းဥတု၏ အရိပ်အယောင် ထင်ဟပ်လာသောအခါ မူရင်းနေရပ်ကို စွန့်ခွာ၍ ရာသီဥတုနွေးထွေးသော ဒေသများဆီသို့ မိုင်ပေါင်း ထောင်နှင့်ချီ အကွာအဝေးထိ ပျံသန်းသွားကြသည်။ ဤသို့ပြောင်းရွှေ့ကြသည်ကို ဆောင်းခိုသည်ဟု ခေါ်သည်။

နေရာသစ်တွင် နှစ်တစ်ဝက်ခန့် နေထိုင်စားသောက်ကြပြီး မူရင်းနေရပ်၌ နွေဦးပေါက်ချိန် ရောက်သောအခါ တစ်ဖန်ပြန်လာကြသည့်ဖြစ်စဉ်ကို မိုက်ဂရေးရှင်း (Migration) ဟု ပညာရှင်များက ခေါ်ကြသည်။

ငှက်များဒေသ ပြောင်းရွှေ့ကြသော အလေ့အထကို ၂၀ ရာစုအတွင်း၌ ပထမဆုံး တွေ့ရှိခဲ့ကြသည်။ ဂျာမနီနိုင်ငံမှ ငှက်မုဆိုးတစ်ဦးသည် ၁၈၂၂ ခုနှစ်တွင် ငှက်ကျားဖြူ(White Slarkု) တစ်ကောင်ကို ပစ်ချလိုက်ရာ ငှက်၏လည်ပင်း၌ မြားတစ်စင်း စူးဝင်နေသည်ကို တွေ့ရသည်။ ထိုမြားသည် အာဖရိကတိုက် အလယ်ပိုင်းဒေသမှ လူမျိုးများ အသုံးပြုသော မြားဖြစ်နေသဖြင့် သဘာဝ လောကပညာရှင်များက ငှက်ကျားဖြူသည် မိုင်ပေါင်း ထောင်နှင့်ချီသော ခရီးကို ပျံသန်းလာကြောင်း မှတ်ချက်ပြုကြသည်။

နယူးဇီလန်နိုင်ငံ၌ ပင်လယ်ငှက်ညို(Godwit)များသည် ပေါက်ပွားချိန်ကာလ ရောက်တိုင်း ပျောက်ကွယ်သွားကြသည်။ ၁၉၇၀ ပြည့်နှစ်သို့ ရောက်သောအခါ ငှက်စောင့်ကြည့် သမားများနှင့် ဇီဝဗေဒပညာရှင်များသည် မြောက်အမေရိကတိုက်ထိပ် အစွန်၌ရှိသော အလက်စကာဒေသတွင် အသိုက်ဆောက်လုပ် နေထိုင်သော ပင်လယ်ငှက်ညိုများသည် နယူးဇီလန်မှ ပင်လယ်ငှက်ညိုများဖြစ်ကြောင်း တွေ့ရတော့သည်။ သိပ္ပံပညာရှင်များသည် ငှက်များ ပြောင်းရွှေ့ပျံသန်းသည့် လမ်းကြောင်းများကို ၂၀၀၇ ခုနှစ်ရောက်မှသာ ခိုင်ခိုင်မာမာ သတ်မှတ်နိုင်ကြသည်မှာ မြားတန်းလန်းနှင့် ငှက်ကျားဖြူတစ်ကောင်ကို တွေ့ရှိပြီး နောင်နှစ်ပေါင်းနှစ်ရာခန့် ကြာမှဖြစ်ကြောင်း တွေ့ရသည်။

ရာသီအလိုက် နေရပ်ပြောင်းရွှေ့ ကျက်စားကြသော ငှက်များသည် ပင်လယ်သမုဒ္ဒရာကြီးများနှင့် ကမ္ဘာ့တိုက်ကြီးများကို ဖြတ်သန်း ကျော်လွှားကြသည်။ ကနေဒါနိုင်ငံမှ တေးဆိုငှက်(Warbler)ငှက်သည် တောင်အမေရိက တိုက်အထိ ပျံသန်းပြီး ဆောင်းခိုလေ့ရှိသည်။ ဂျာမနီနိုင်ငံမှ ငှက်ကျားဖြူသည် အာဖရိကတိုက် တောင်ပိုင်း၌ ဆောင်းခိုသည်။ အလက်စကာဒေသမှ ပင်လယ်ငှက်ညိုများသည် နယူးဇီလန်နိုင်ငံအထိ ပျံသန်းပြီး ဆောင်းခိုကြသည်။ လေ့လာမှတ်တမ်းပြုစုဆဲ အခြားငှက်မျိုးစိတ်များမှာလည်း ရာသီအလိုက် နေရပ်ပြောင်းရွှေ့ ကျက်စားကြသည်။ အချိန်တန်လျှင် နေရင်းဒေသသို့ ပြန်ရောက်လာကြသည်မှာ ဆောင်းခိုငှက်တို့ သဘာဝဖြစ်သည်။

လူတို့လောကလူတို့ဘ၀၌ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာ နေထိုင်ကြသည့် သဘာဝရှိသည်။

ကျေးငှက်သားရဲတို့မှာလည်း ရာသီဥတုကို လိုက်၍ လည်းကောင်း၊ အစားအစာ လိုအပ်ချက်ကြောင့် လည်းကောင်း ဒေသတစ်ခုမှ အခြားဒေသသို့ လှည့်လည်သွားလာ နေထိုင်ကြသော သဘာဝရှိကြသည့်အနက် ငှက်များမှာ အဝေးဆုံးဒေသသို့ ပြောင်းရွှေ့ကြသဖြင့် ခြေအရှည်ဆုံး သတ္တ၀ါဟု သတ်မှတ်ကြသည်။ ဆောင်းခိုငှက်တို့ပျံသန်းသော ကောင်းကင်ခရီးမှာ ငှက်ပစ်သမားနှင့် ကောင်းကင်ပိုက်မရှိသဖြင့် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ကြသော်ငြား လူသားတို့အဖို့မှာကား အစစအရာရာ ဆင်ခြင်တုံ တရားရှိရန် လိုအပ်လှပေသည်။  

Read 56 times Last modified on Tuesday, 21 January 2020 10:48