SJ WorldNews - шаблон joomla Авто

အိမ်နီးချင်း နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရေး

Monday, 27 January 2020 10:03 font size decrease font size decrease font size increase font size increase font size

လာအိုပြည်သူ့တပ်မတော်လေတပ်ဦးစီးချုပ် Colonel  Khamlek  SENGPHACHANH နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့်ဇနီးတို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်လေတပ်ဦးစီးချုပ် Colonel  Khamlek  SENGPHACHANH အား ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်ကြပြီး ဆက်ဆံရေး ကောင်းမွန်လျက် ရှိကြသည့် အခြေအနေများ၊ နှစ်နိုင်ငံလေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်   နေပြည်တော်ရှိ အထင်ကရနေရာများ ဖြစ်သော သူရဲကောင်းဗိမာန်နှင့် တပ်မတော် စစ်သမိုင်းပြတိုက်တို့သို့  သွားရောက် လေ့လာကြသည်။  ထို့ပြင်  လေတပ်ဆွယ်(တံတားဦး) နှင့် မိတ္ထီလာရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်သို့ သွားရောက် လေ့လာကြပြီး ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လာအိုနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြောက်ဘက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ တောင်ဘက်တွင် ကမ္ဘောဒီးယား နိုင်ငံနှင့် အနောက်ဘက်တွင် ထိုင်းနိုင်ငံတို့ တည်ရှိကြသည်။ နိုင်ငံအကျယ်အဝန်း ဧရိယာစတုရန်းမိုင်ပေါင်း ၉၁၄ဝဝ ကျော်အတွင်း၌ နေထိုင်သော လူဦးရေစုစုပေါင်း ၆ ဒသမ ၈ သန်းခန့်ရှိကြောင်း ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်းက ကောက်ယူထားသော စာရင်းအရ သိရသည်။   အတူတကွ နေထိုင်ကြသော လူမျိုးစုများမှာ လာအိုလွန်း ၆၈ ရာခိုင်နှုန်း၊ လာအိုသောင်း ၂၂ ရာခိုင်နှုန်း၊ လာအိုဆောင်း ၉ ရာခိုင်နှုန်းနှင့် အခြားလူမျိုးစု၁ ရာခိုင်နှုန်း နေထိုင်လျက် ရှိသည်။

သဘာဝပထဝီ အနေအထားအရ အရှေ့တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ကုန်းတွင်းပိတ်နိုင်ငံ အဖြစ် တည်ရှိနေသော လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ သမိုင်းကြောင်းမှာ အေဒီ ၁၄ ရာစုမှ ၁၉ ရာစုနှောင်းပိုင်းအထိ ဘုရင်အုပ်ချုပ်သည့် နိုင်ငံများဖြစ်သည့် လွန်ပရာဘန်၊ ဗီယန်တိန်း၊ ချမ်ပါဆပ်ဟူသော သုံးနိုင်ငံ အဖြစ် တည်ရှိခဲ့သည်။  ၁၈၉၃ ခုနှစ်တွင် ပြင်သစ်တို့ကသိမ်းပိုက်လိုက်သည့်အချိန်မှစ၍ လာအိုနိုင်ငံအဖြစ် ပေါ်ပေါက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန်တွင် ဂျပန်တို့ လက်အောက်ကျရောက်ခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် ပြင်သစ်တို့လက်အောက်သို့ တစ်ကျော့ပြန် ကျရောက်သွားရာမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိသည်။ လွတ်လပ်ရေးရပြီးချိန်တွင် ပြင်သစ်တို့၏ အစီအစဉ်အရ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်စေခဲ့သော်လည်း ပြည်တွင်း ပဋိပက္ခများကြောင့် ဘုရင်စနစ်ချုပ်ငြိမ်းသွားသည်။

၂၁ ရာစု အစောပိုင်းကာလတွင် လာအိုနိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာရသည်မှာ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ကြေးနီ၊ ရွှေလုပ်ငန်းနှင့် ရေအားလျှပ်စစ်လုပ်ငန်းတို့၏ အထောက်အပံ့ကြောင့် ဖြစ်သည်။ လာအိုနိုင်ငံ၏ မဲခေါင်မြစ်ဖျားရေအား လျှပ်စစ်လုပ်ငန်းသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အားရောင်းချ ပေးလျက်ရှိသည်။ ကျွန်းသစ်၊ ရော်ဘာနှင့် ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာခြင်းတို့ကြောင့် လာအိုနိုင်ငံသည် အရှေ့တောင်အာရှ ကုန်သွယ်ရေး လမ်းဆုံအဖြစ် အရေးပါလျက်ရှိသည်။ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရ၏ နိုင်ငံရေးဝါဒသည် ကွန်မြူနစ်ဝါဒဟု ဆိုသော်လည်း စီးပွားရေးမူဝါဒမှာ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ဖြစ်စေသော ဝါဒကို ကျင့်သုံးကြောင်း သိရသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းသည် ပဒေသရာဇ်ခေတ်မှ ကိုလိုနီခေတ်၊ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ စစ်ကြိုကာလ၊ စစ်အတွင်းနှင့် စစ်ပြီးခေတ်တို့ကို ဖြတ်ကျော်ခဲ့ရသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းနှင့်တူညီသည်။ နှစ်နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူများမှာလည်း မွန်ခမာအုပ်စုမှ ဆင်းသက်လာကြသည့် တူညီမှုများရှိကြသည်။ မျက်မှောက်ကာလတွင် ၁၉၉၇ ခုနှစ်ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ကို အရှေ့တောင်အာရှနိုင်ငံများ အသင်း၏ တင်းပြည့်အဖွဲ့ဝင် နိုင်ငံများအဖြစ် အသိအမှတ်ပြုခံရသည်။ ထိုကာလနောက်ပိုင်းတွင် ၂၁ ရာစုအစောပိုင်း၌ မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း လာအိုနိုင်ငံတို့ အတူတကွ လက်တွဲ ဆောင်ရွက်နေကြသည်။

အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လုံခြုံရေးကိုလည်း ပူးပေါင်းဆောင်ရွက်ကြ ရသည်ဖြစ်ရာ နှစ်နိုင်ငံတပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးပါသော ကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ ခေတ်သစ် စစ်ပွဲများတွင် လေကြောင်းအကဲသာမှုနှင့် နည်းပညာ အဆင့်မြင့်မှုတို့က စစ်မှုရေးရာ များကို အဆုံးအဖြတ် ပေးနိုင်ကြောင်း ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များတွင် တွေ့မြင်ကြားသိနေကြရသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်တို့ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံလေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြခြင်းသည် နှစ်နိုင်ငံပြည်သူများနှင့် ဒေသတွင်းနိုင်ငံ ပြည်သူများ၏ လူမှု-စီးပွားဘဝဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကို အထောက်အကူပေးရန် ဖြစ်ပါသည်။   

Read 146 times