SJ WorldNews - шаблон joomla Авто

အမရပူရ တောင်သမန်အင်းနှင့် ဦးပိန်တံတား ပတ်ဝန်းကျင်သို့ ခရီးတစ်ထောက် ရောက်ခဲ့စဉ်က

Thursday, 03 August 2017 15:11 font size decrease font size decrease font size increase font size increase font size

နိုင် ငံခြားခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားသော  မြန်မာနိုင်ငံမှ     ရှေးဟောင်းအမွေ အဆောက်အအုံများ တည်ရှိရာ နယ်မြေများတွင် အမရပူရ တောင်သမန်အင်းနှင့် ဦးပိန်တံတားလည်း ပါဝင်သည်။

ဦးပိန်တံတားကို သက္ကရာဇ် ၁၂၁၃ (ခရစ်နှစ် ၁၈၆၁ ခုနှစ်)က  တည်ဆောက်ခဲ့သောကြောင့်  သက်တမ်း ၁၆၆ နှစ် ရှိပါပြီ။ ပုဂံမင်းလက်ထက် မြို့စာရေးဦးပိန်က အင်းဝနန်းတော်ဟောင်း သစ်သားတိုင်ဟောင်းများဖြင့် ထိုစဉ်က ၉၈၄ တိုင် (နောက်ပိုင်း ၁ဝ၈၆ တိုင်)အထိ အရှည် ၃၉၆၇ ပေ တံတားကို တည်ဆောက်ခဲ့သည်။ မိုင်အားဖြင့် တစ်မိုင်နီးပါးရှိသည်ဟုဆိုကြသည်။  ထိုတံတားကြီးမှာ နှစ်ပေါင်းရှည်ကြာ ရှိခဲ့ပြီဖြစ်သော်လည်း မူလပုံဟန်မပျက် တည်ရှိနေသည်မှာ အထိန်းအသိမ်းကောင်း၍ဟုလည်း ဆိုနိုင်သလို မူလသစ်သားကြီးများ၏ ကြံ့ခိုင်မှုဟုလည်း ဆိုနိုင်ပါ၏။ ခရီးသွားများအဖို့ တံတားကြီးပေါ်မှာ  ဖြတ်သန်းသွားရုံ သက်သက်သာမက ကိုယ့်အိမ်ကိုယ့်ရာ  ကိုယ်ပိုင်ပစ္စည်းသဖွယ်  သဘောထား အသုံးပြုကြလျှင် အပျက်အစီးဘေးမှ သက်သက်သာသာရှိမည်ဖြစ်သည်။  တံတားကြီးကို အနီးကပ်စောင့်ကြပ် ကြည့်ရှုနေသည့် ပုဂ္ဂိုလ်များမှာ  မဟာဂန္ဓာရုံ ဆရာတော်များနှင့် တောင်လေးလုံး ဆရာတော်များဖြစ်ပြီး သာသနာ့ တာဝန်များကြားမှ  ယနေ့မျက်မှောက်ခေတ်  ၁၉၉ဝ ပြည့်နှစ်ဝန်းကျင်အထိ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

တောင်သမန်အလှက   ရှုကြည့်မဝဖြစ်သော်လည်း ဦးပိန်တံတားကြောင့်လည်း လူသူအများ သွားလာရင်း စည်ကားနေသည်ဟုလည်း ဆိုနိုင်ပါသည်။

ရှေးယခင်က သဘာဝဘေးအန္တရာယ်လည်း နည်းပါး၍ နွေ၊မိုး၊  ဆောင်း ရာသီအကူးအပြောင်း မှန်သောကြောင့်  နွေရာသီနှင့် ဆောင်းရာသီတွင် ဦးပိန်တံတား အောက်၌ ရေခန်းပြီး မြက်ပင်လေးတွေ  စိမ်းစိုနေရာ၌ တချို့သီးပင်စားပင်များပင် စိုက်ကြသည့် မြေနုကိုင်းတောလေးနှင့် မျက်စိအေးလှပါသည်။  မိုးအခါမှ  တံတားကြမ်းခင်း ထိလုနီးနီး ရေရှိတတ်ပြီး တံတားပေါ်က ခုံလေးများပေါ်တွင် ထိုင်၍ လှိုင်းကြက်ခွပ်သံချိုချိုကို  နားဆင်ကြသည်။  မယ်ဇယ်ပင်တန်းအောက်  အကြော်ဆိုင်မှ  ဝယ်လာသည့်  ငါးကြော်လေး၊  ပုစွန်သေးကြော်တွေ စားကြနှင့် အလွန်ကိုပျော်ခဲ့ရဖူးသည်။

ယခုနှစ် ကျွန်မတို့ စာရေးဆရာမသုံးဦး မေတ္တာတံခွန် ပရဟိတလူငယ်များအဖွဲ့နှင့်  မဟာဂန္ဓာရုံဆရာတော်အား ဖူးမြော်ရင်း ရာသက်ပန် ဆွမ်းပဒေသာပင်နှင့်    ဆွမ်းကြီးလောင်းပွဲသို့ ရောက်ခဲ့ပြန်ရာ   အနီးအနားက တောင်သမန်အင်းနှင့်   ဦးပိန်တံတား ကြီးဆီသို့ တစ်နေ့တစ်ခေါက် ရောက်ခဲ့ရပြန်ပါသည်။

ဦးပိန်တံတားနှင့် ပတ်သက်၍   လေ့လာစရာ များစွာ ရှိနေမည်ဖြစ်သော်လည်း  လက်လှမ်းမီသမျှ  ကျွန်မလေ့လာခဲ့ရာတွင် စာပေပညာရှင်များ၏ ဦးပိန်တံတား မှတ်တမ်းများအရ တံတားတည်ဆောက်ချိန်ကို နှစ်နှစ်သာကြာသည်ဟု ဆိုထားပြီး တံတားဆောက်လုပ်ရာတွင် မြန်မာ့ပန်းပဲဖိုထွက် သံမှို၊သံပွင့်များ သုံး၍  သံမရိုက်ရဆိုသော စကားအရ   မြန်မာဆန်ဆန် မြန်မာ့ဗိသုကာ စနစ်အရ တည်ဆောက်ခဲ့သော ကမ္ဘာပေါ်ရှိ သစ်သားတံတားများတွင် အကြီးဆုံးတံတားဟု ဆိုရပါမည်။

တံတား၏အရှည်ကို  အမရပူရမြို့  လေးစုံရပ်နေ ဆရာကြီး ဦးသောင်းဆိုသူက ၁၉၁၂ ခုနှစ်တွင်  တေးထပ်တစ်ပုဒ်ဖြင့် ရေးစပ်ခဲ့သည်မှာ-

တစ်သုညရှစ်ခြောက်၊ စာရင်းပေါက်တိုင်ခေါ်

လေးရှစ်နှစ်ဂဏန်းပေါ်၊ အခန်းနော်မှတ်ဦး

ဖောင်ကြောင်းက နဝင်းကေ၊ ခင်းပလေကိုးခု အဆုံး

သာလာယံစာရင်းပြန်မယ်၊ မငြင်းရန်မှတ်သုံး

ဆင်မင်းနံယူကျုံးလို့၊ အားလုံးပမှန်စွာ

တောင်သမန်ရေလျှံခ၊  ထိုဒေသခင်းခဲ့လေတာ

သိမှတ်ဖို့အခြေပါအောင်၊ ရွှေဓာတ်ကို မှတ်စမ်းပါလေ

ဟု ရေးစပ်ထားကာ ဆိုလိုရင်းအဓိပ္ပာယ်မှာ တံတားတိုင် ၁ဝ၈၆ ၊ အခန်းပေါင်း ၄၈၂၊ ဖောင်ကြောင်း ၉ ၊ အခင်းပျဉ်ကြား ၉ ၊  သာလာယံဇရပ် ၃ ဟူသော  မူလအမှတ်အသားဖြစ်၏။ ထို့ပြင် တံတားမှာ အကြိမ်ကြိမ်ပြုပြင်ခြင်း ခံခဲ့ရသောကြောင့် မူလအရေအတွက်များ ရှိလာနိုင်မှာ မဟုတ်သည်မှာလည်း သေချာနေပါသည်။

မူလတည်ခါစအခါက တိုင်များသည် မြေထဲသို့အဝင် လူတစ်ရပ်အထက် လက်ခုပ်တစ်ဖောင် (ခုနစ်ပေခန့်)ဟုလည်း ဆိုထားပါသည်။ တံတား အလျားနှစ်ဖက် အုတ်တံတား အပါအဝင် ၃၉၆၇ ပေဟုလည်း မှတ်တမ်းများတွင် တွေ့ရပြီး   တံတားတည်ဆောက်မှုနှင့် ပတ်သက်၍ မရိုးသားသော လုပ်ရပ်များစွာကိုလည်း တွေ့ရသည်ဟု ဆိုပြန်ရာ   မင်းကြီး၏ လူယုံတော်  မြို့ဝန်ဘိုင်ဆပ်၏   မြို့စာရေး မောင်ပိန်က   ဘိုင်ဆပ်၏ စေခိုင်းချက်အရ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဘိုင်ဆပ်သည် ပြည်သူများကိုလည်း နှိပ်စက်ညှဉ်းပန်းခဲ့သဖြင့် ကြီးလေးသောဒဏ်ကို ပေးခြင်းခံခဲ့ရကာ   ခရစ်နှစ်  ၁၈၅၁  ခုနှစ်ဇူလိုင် ၃ဝ ရက် ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဝန် ဘိုင်ဆပ်၊ မြို့စာရေးဦးပိန်နှင့်  အပေါင်းပါ တံခါးမှူး ရွှေဘော်၊ ဈေးခေါင်း ငမှုံ၊ တန်းခေါင်း ငရှင်ကလေး၊  ကျားကြီး၊ ငကြံတို့အား ကွပ်မျက်စီရင် ခဲ့ပါသည်။

 တောင်သမန်ဝန်းကျင်နှင့် ဦးပိန်တံတားဆီသို့ နွေ၊မိုး၊ ဆောင်း သုံးရာသီစလုံး ရောက်ခဲ့ဖူးကာ ရာသီတစ်မျိုးလျှင် အလှတစ်မျိုးစီနှင့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရဖူးပါသည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် မိုးကြီးရေလျှံချိန် ရောက်ခဲ့စဉ်က တံတားကြီးမြုပ်သည်အထိ သာမက  တိုင်လုံးတွေမှာ ထိပ်ပိုင်းတွေသာ ပေါ်နေသောအချိန်တွင် ဘယ်မှာလဲ တောင်သမန်၊ ဘယ်မှာလဲ ဦးပိန်တံတားဟု မေးယူရမလောက် ရေပြင်ကြီး က လွှမ်းနေသည်ကိုလည်း ကြုံခဲ့ဖူးပါသည်။

 ရာဇဝင်စာပေများကို   လေ့လာဖတ်မှတ်နေသော ကျွန်မမိတ်ဆွေစာရေးဆရာ တစ်ဦးက   တောင်သမန် ဝန်းကျင်နှင့် ဦးပိန်တံတားကို ကဝိလက္ခဏာဒီပနီကျမ်းတွင် ကျမ်းပြုပုဂ္ဂိုလ်   မင်းကြီး  သီရိမဟာဇေယျသူက ''ရေစစ်ကိုင်း၊ လှိုင်းပခန်းငယ်၊ လယ်တောင်ကွင်း၊ စပါးမည်းသင်း၊ အင်းတောင်သမန်၊ ကန်မိတ္ထီလာ..''ဟု ဖွဲ့ဆိုထားသည်ဟုဆိုပါသည်။     တောင်သမန်အင်းသည် အမရပူရမြို့၏ တောင်ဘက်တွင်တည်ရှိပြီး  အရှေ့မှ အနောက်သို့ နှစ်မိုင်နှင့် တောင်နှင့်မြောက် အကျယ်ဆုံးနေရာတွင် တစ်မိုင်ခန့် ကျယ်ဝန်း၏။ အင်းဧရိယာမှာ၂၃၁ ဒသမ ၇၃ ဧက ရှိသည်ဟု   ရေးသားထားသည်ကို တွေ့ရသည်။  ဒေသခံမိတ်ဆွေများ၏ ဆိုစကားအရ တောင်သမန်အင်း၏ အရှေ့ဘက်တွင်  အောင်ပင်လယ်ကန်၊  နန္ဒာကန်၊   မြကန်တို့ရှိနေပြီး   ဧရာဝတီမြစ်မှ ရေများ တိုက်ရိုက်စီးဝင်သည့် တောင်သမန်အင်းသည် တစ်နှစ်ပတ်လုံးရေများ ရှိနေသည်ကို   တွေ့ရမည်ဖြစ်ကြောင်း ဆိုကြပါသည်။

ဟိုတစ်စဒီတစ်စ မှတ်တမ်း အသေးအမွှားလေးများကို စာရေးသူမှတ်သားထားပြီး တစ်ချိန်ချိန်မှာ တောင်သမန်အင်း အလှနှင့် ဦးပိန်တံတား ကြံ့ခိုင်မှုမှာ  မည်သို့များ ဖြစ်လာမည်ကို စောင့်ကြည့်ချင်ပါသေးသည်။ ရောက်တုန်းရောက်ခိုက် အချိန်လေးမှာ    အမရပူရဘက်ခြမ်း ဦးပိန်တံတားခြေရင်းမှ   ကုန်းပေါ်နှင့် ရေစပ်တစ်ရိုးရှိ စားသောက်ဆိုင်များတွင်  ဒေသအစားအစာများကို စားရင်း ကြည်ကြည်နူးနူး အပန်းဖြေနေကြသောသူများကို တီးတိုးစကားဆိုလိုက်ချင်သည်က-

ဆေးလိပ်သောက်လျှင်

တံတားပေါ် ဆေးလိပ်တိုမချပါနှင့်

ရှေးဟောင်းတံတားကို မီးဘေးမှ ကာကွယ်ပါ

အစားအသောက်ထုပ်ပိုးပစ္စည်းခွံများ

အမှိုက်ပုံးတွေမှာသာချပါ

ကွမ်းတံတွေးများစည်းကမ်းမဲ့စွာ မထွေးပါနှင့်

အသက်ကြီးလွန်းသော တံတားကြီးပေါ်မှာ

ချစ်တင်းနှော၍ စိန်ပြေးတမ်း မကစားပါနှင့်

ဟု ပြောလိုက်ချင်ပါသည်။ အမှန်တကယ်လည်း မြင်ကွင်းထဲမှ  ဤလေးမျိုးသော မလွတ်မကင်းအမှုကိစ္စများကို တွေ့နေရ၍ ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ကျွန်းသား တံတားကြီးက မြန်မာနိုင်ငံမှာ ဤတစ်ခုတည်းရှိကြောင်း သိစေချင်ပါသည်။   ဤအင်းကြီးနှင့်  ဤတံတားကို အကြောင်းပြုပြီး ဒေသခံမိသားစုတွေ   စားဝတ်နေရေး အတွက် အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်နေသူများကို  ကျွန်မတို့က မကူညီနိုင်သော်လည်း ထိခိုက်အောင်တော့ မလုပ်သင့်ဟု ပြောချင်ပါသည်။

အမရပူရတောင်သမန် ဝန်းကျင်ကိုလည်း ဒီတစ်ခေါက် အချိန်ရသည်နှင့်  ငှက်သမ္ဗန်လှေလေးများ  ဟိုဟိုဒီဒီ သွားလာနေသည်ကိုကြည့်မိပြီး   ဒီဒေသ၏  မိရိုးဖလာ မိသားစုဝင်ငွေရှာသော လုပ်ငန်းငယ်လေးများပင် ဖြစ်ကာ     အမှီပြု စားဝတ်နေရေး ဖြေရှင်းနေသူများအဖို့  ခရီးသွားဧည့်သည် များများလာပါစေဟု ဆုတောင်းနေမည် ဖြစ်သော်လည်း ဆိုးကျိုးများကိုလည်း ခံစားကြရမည်ဟု ထင်မိပါသည်။  ထိုဆိုးကျိုးက စွန့်ပစ်အမှိုက်များ ကိစ္စဖြစ်ပါသည်။ ဒေသခံများက စွန့်ပစ်ပစ္စည်းထည့်ရန် ပုံးများထားပေးသော်လည်း    ကြုံရာပစ်မြဲအလေ့တွေ အရိုးစွဲနေကြပြီဖြစ်သော ခရီးသွား ဧည့်သည်များ သတိမမူကြသည်ကိုတွေ့ရပါသည်။

သဘာဝရေမြေကလည်း အလှရှိနေပြီး ရှေးဟောင်းအမွေအနှစ်   ကမ္ဘာကျော်တံတားကြီး၏ ခံ့ညားမှုကို နိုင်ငံရပ်ခြားခရီးသွားများ ကြည့်ရှုအပန်းဖြေနေမှုတွေနှင့် ဂုဏ်ရှိလှသော   တောင်သမန်အင်းနှင့်  ဦးပိန်တံတား ပတ်ဝန်းကျင်ကို အကျည်းတန် အရုပ်ဆိုးမြင်ကွင်းများ

မရှိပါစေနှင့်ဟု ဆုတောင်းရင်း  မလှပသောမြင်ကွင်းများ ရှိနေသည်ကိုတွေ့ခဲ့ရသော်လည်း လှပမှုများနှင့်သာ နေရစ်စေချင်သော စေတနာဖြင့် တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်မှာ ထာဝစဉ် လှပနေပါစေဟုသာ ရေးသား တင်ပြလိုက်ရပါသည်။ 

Read 706 times Last modified on Friday, 18 August 2017 11:46