SJ WorldNews - шаблон joomla Авто

အမျိုးသားရေးအသိနှင့် နိုးကြားသော သတိရှိ

Tuesday, 28 January 2020 09:14 font size decrease font size decrease font size increase font size increase font size

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် အသင်းချုပ်သို့ ရောက်ရှိလာရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အသင်းချုပ် အစည်းအဝေးခန်းမ၌ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့များက  အသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန်းသိမ်းစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည့် အခြေအနေများအား တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဆွေးနွေး အကြံပြု ပြောကြားသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆွေးနွေးပြောကြားရာတွင် (YMBA)အသင်းကြီးသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံရေး လုပ်ငန်းများနှင့် ဆက်စပ် ဆောင်ရွက်ခြင်း မရှိဘဲ အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း၊ အသင်းချုပ်၏ ရည်ရွယ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အမျိုးကို ချစ်ပါဆိုရာတွင် အမျိုးသားရေးစရိုက်လက္ခဏာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံး မြန်မာစိတ်မွေး၍ အမျိုးနှင့်တိုင်းပြည်ကို ချစ်ရမည်ဖြစ်ကြောင်း၊ ယခုချိန်ခါ၌  မိမိတို့အား ပြည်ပမှဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ပိုမို၍တိုင်းပြည်ချစ်စိတ်ဖြင့် ဆောင်ရွက်ရန် လိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

မြန်မာဟူသည် မြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ အတူတကွနေထိုင်ခဲ့ကြသော တိုင်းရင်းသားပြည်သူ အားလုံးကို ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် ရေးထိုးထားသော ကျောက်စာများတွင် တွေ့နိုင်ကြသည်။ အမျိုးသားရေးဝါဒ၏ ဂုဏ်အင်္ဂါရပ်များကို ဖော်ညွှန်းရာတွင် အခြေခံရမည့် အချက်များစွာ ရှိသည့်အနက် ပညာရှင်များက အဓိကအချက် (၅)ချက်ရှိကြောင်း ဖော်ပြထားကြသည်။ ယင်းအချက်များမှာ မိမိတို့ နိုင်ငံသားများ၏ ဓလေ့ထုံးတမ်းနှင့်ကိုက်ညီပြီး အများပြည်သူတို့ ပို၍နှစ်သက်လိုလားသော နိုင်ငံရေး ပေါင်းစည်းမှုရှိခြင်း၊ မတူညီသော နိုင်ငံရေး ဆန္ဒများကို မိမိတို့နိုင်ငံသားများ၏ ဆန္ဒနှင့် ကိုက်ညီစေရန် တပေါင်းတစည်းတည်း ဖြစ်အောင် ကြိုးပမ်းခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးမျှော်လင့်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း၊ နိုင်ငံရေးအာဏာ၏ ပင်မရေသောက်မြစ်ဖြစ်သော နိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများ ပေါင်းစည်းမှုရှိခြင်း၊ နိုင်ငံသားပီသသော စိတ်ဓာတ်ဖြင့် မိမိနိုင်ငံကိုအသိအမှတ်ပြုပြီး  အမြင့်မားဆုံး အောင်မြင်မှုရအောင် အားထုတ်ခြင်း၊  နိုင်ငံအဓွန့်ရှည် တည်တံ့ရေးကို ရှေးရှုသည့် အမြင့်မားဆုံးနိုင်ငံရေး သစ္စာစောင့်သိမှုရှိခြင်းတို့ ဖြစ်ကြောင်း ထုတ်ဖော်ထားကြသည်။

အမျိုးသားရေးဝါဒ၏ ဂုဏ်အင်္ဂါရပ်များကို ဖော်ညွှန်းရန် အခြေခံရမည့် အချက်များအနက်မှ ပဓာနကျသော အချက်မှာ နိုင်ငံသားများ တစ်ဦးအပေါ်တစ်ဦး နားလည်မှုနှင့် စာနာထောက်ထားမှုဖြင့် နိုင်ငံရေးဆန္ဒများ ပေါင်းစည်းရေး ဖြစ်သည်။ လူမျိုး၊ ယုံကြည်ကိုးကွယ်မှုနှင့် အတိတ်သမိုင်းကြောင်းတို့သည် အမျိုးသားရေးဝါဒအတွက် အရေးပါသော အချက်များ ဖြစ်သည်ဟု ပြောကြသော်ငြား နိုင်ငံရေး ကိစ္စများတွင် ပြည်သူများ ကိုယ်တိုင်အဆုံးအဖြတ်ပေးခြင်းနှင့် စည်းကမ်းသေဝပ်ရေး တို့ကလည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမျိုးသားရေးဝါဒ၏ ပုံသဏ္ဌာန်များကို လေ့လာကြည့်လျှင် နိုင်ငံရေးအခြေခံသော အမျိုးသားရေးဝါဒ၊ စစ်အေးလွန်ကာလ တွေ့မြင်နေရသည့် လူမျိုးရေး အခြေခံသော အမျိုးသားရေးဝါဒ၊ ဘာသာရေး အခြေခံသော အမျိုးသားရေးဝါဒ၊ လူမှုရေးအခြေခံသော အမျိုးသားရေး ဝါဒနှင့် ကိုလိုနီစနစ်ဆန့်ကျင်ရေး အခြေခံသော အမျိုးသားရေးဝါဒတို့ ဖြစ်ကြောင်း တွေ့ရသည်။

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်(YMBA)ကို ၁၉ဝ၆ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမျိုးသားရေး အင်အားစုများကို စုစည်း၍ အမျိုးသားရေးစိတ်ဓာတ်ထက်သန်စေရန် မျိုးစေ့ချပေးခဲ့သည့် သမိုင်းအစဉ်အလာ ရှိကြောင်း သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် စွမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ၏ ကျေးဇူးကြီးမား သကဲ့သို့ ထိုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းလာကြသော ပုဂ္ဂိုလ်ကြီးများကိုလည်း ဂုဏ်ပြုကြရမည် ဖြစ်သည်။ ထို့အတူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို ဆက်လက်ဖော်ဆောင်နေကြသော ပုဂ္ဂိုလ်များနှင့် လက်တွဲ၍ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေးအသိနှင့် နိုးကြားသော သတိရှိရေးတွင် အားလုံးပါဝင်ကြရန် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း၍ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    

Read 52 times Last modified on Tuesday, 28 January 2020 09:15