SJ WorldNews - шаблон joomla Авто

စာပေသည် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်

Wednesday, 29 January 2020 08:21 font size decrease font size decrease font size increase font size increase font size

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)၏    ရာသက်ပန်ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ အသင်းချုပ်သို့ ရောက်ရှိပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာကို အားပေးပါဟူ၍ ဆွေးနွေးပြောကြားသည်။

ထိုသို့ ဆွေးနွေးပြောကြားရာ၌ ဘာသာကို လေးစားပါဆိုရာတွင် ပြည်ထောင်စုရုံးသုံး ဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက်ရမည်ဖြစ်ပြီး ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားဘာသာစကားများကို အထင်ကြီးပြီး မိမိဘာသာစကားကို ပြောဆိုရာတွင် ရှက်ကြောက်နေရန် မလိုကြောင်းနှင့် မြန်မာစာပေဖြင့် ရေးသားထုတ်ဝေသည့် စာအုပ်စာပေများကိုလည်း အားပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း မြဝတီ၊ ငွေတာရီနှင့် အခြားသုတရသစာပေများကို လွန်ခဲ့သော နှစ်များစွာကတည်းက အစဉ်အဆက်ထုတ်ဝေခဲ့ပြီး ဘာသာစာပေကို အားပေးလျက်ရှိကြောင်း၊ ထုတ်ဝေမှုကို အားပေးရန်လိုသည့်အပြင် စာဖတ်အောင်လည်း တိုက်တွန်းရမည် ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ တိုးပွားစေပြီး အတတ်ပညာ ဗဟုသုတများကို ရရှိစေမည်ဖြစ်ကြောင်း၊ ဗဟုသုတ အားနည်းခြင်းဖြင့် တုံးအစေနိုင်သည့်အတွက် ဦးနှောက်အားကို စိုက်ထုတ်ရသည့် အလုပ်ကိုလုပ်၍ အသိပညာ အတတ်ပညာ တိုးပွားစေရမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပျူတာနည်းပညာကို မှီခိုမှုအလွန်အမင်း များပြားလာသည်ကို တွေ့ရှိရပြီး   နေရာတိုင်းတွင် နည်းပညာကို အားကိုးနိုင်မည် မဟုတ်သဖြင့် လူ၏ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာအောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားသည်။

စာပေမြင့်မှ လူမျိုးတင့်မည် ဆိုထားသည်နှင့်အညီ ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်မှ ယနေ့မျက်မှောက် ကာလအထိ စာပေပညာရှင်ကြီးများက လောကီရေးရာ၊ လောကုတ္တရာရေးရာတို့ကို ခေတ်အဆက်ဆက် ရေးသားဖြန့်ဝေ ထားကြသည်မှာ လေ့လာမှတ်သား လိုက်နာဖွယ်ရာများ ဖြစ်သည်။ ခေတ်သစ်စာပေပညာရှင်ကြီးများ၏ အဆိုအမိန့်များတွင် စိတ်ကိုအသိဉာဏ်ကစိုးမိုး၏။ အသိဉာဏ်ကို ဗဟုသုတကစိုးမိုး၏။ ဗဟုသုတကို စာပေကစိုးမိုး၏ ဟူ၍ လမ်းညွှန်ထားသည်။ စာပေဖတ်ရှုလေ့လာရာမှ ရရှိသော အသိကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို   ဆင်ခြင်နိုင်စွမ်းပို၍ မြင့်မားပြီး  ဘဝအတွက်ကောင်းကျိုးသုခ ရစေနိုင်သော ကျင့်ဝတ်နီတိတန်ဖိုးကို  ပို၍ အသုံးချနိုင်သည်။ လောကကောင်းကျိုးပြု နိုင်ကြသူများသည် စာအုပ်စာပေကို လေ့လာမှတ်သား၍ လက်တွေ့အသုံးချနိုင်ကြသူများသာ ဖြစ်သည်။ စာအုပ်စာပေများတွင် သုတ၊ ရသစာပေနှင့် အသုံးချသိပ္ပံစာပေ စသည်ဖြင့် အမျိုးမျိုးရှိကြရာ လေ့လာ၊ လေ့ကျင့်၊ လိုက်နာသူအတွက် တစ်သက်တာ အသုံးဝင်သဖြင့် စာပေသည် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓွန့်ရှည် တည်တံ့ရေးအတွက် ပင်မရေသောက်မြစ်ဖြစ်သည်။ လူတို့လောကတွင် သိစရာ၊ တတ်စရာတွေများ လှသဖြင့် လေ့လာမှတ်သား၍ ကုန်နိုင်ဖွယ်မရှိသည် ကားမှန်သော်လည်း လက်လှမ်းမီသမျှ လေ့လာမှတ်သားကြမှသာ ဗဟုသုတကြွယ်ဝပြီး အသိအမြင်ကျယ်မည် ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စာအုပ်စာပေဖတ်ရှုခြင်းနှင့် ပတ်သက်၍  မိန့်ကြားခဲ့ဖူးသည်မှာ  စာအုပ်စာပေထဲ၌ ရှိသော ဗဟုသုတများကို တကယ့်လက်တွေ့ လူ့လောကတွင် အသုံးချတတ်မှသာ တကယ့်ပညာ ဖြစ်သည်ဟူ၍ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ မြန်မာတွေ အသိကြွယ် အမြင်ကျယ်စေရန် လမ်းညွှန်ထားသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်မှာ ၁၉၄၈ ခုနှစ်ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှအပ မြန်မာစာကို ရုံးသုံးစာအဖြစ် ၁၉၅၂ ခုနှစ်တွင် သတ်မှတ်ထားသည်။ မြန်မာစာရေးရာတွင် သဒ္ဒါစည်းကမ်းနှင့် ညီညွတ်ရန်လိုသည်။ သဒ္ဒါစည်းကမ်း လွတ်သွားလျှင် အဓိပ္ပာယ်ဆန့်ကျင်ဘက် ဖြစ်သွားသကဲ့သို့ စာလုံးပေါင်းသတ်ပုံ မမှန်လျှင် သော်လည်းကောင်း၊ တစ်ချောင်းပုဒ်၊ နှစ်ချောင်းပုဒ်မတို့  အဖြတ်အရပ်မမှန်လျှင် သော်လည်းကောင်း ငါးပိခတ်သော ကျွဲနို့ဟင်းပမာ အလွဲလွဲအမှားမှား ဖြစ်နေမည်။ သိပ္ပံနှင့်နည်းပညာ ထွန်းကားသော ယနေ့ခေတ်တွင် ကွန်ပျူတာအသုံးတွင် ကျယ်လျက်ရှိချိန်တွင် မြန်မာစာရေးထုံး အလေးထားကြရန် ၂ဝ၁၁ ခုနှစ်က ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ဖူးသည်ကို မှတ်မိသူတွေရှိသည်။

စာပေယဉ်ကျေးမှုရှိသော လူမျိုးတိုင်း မိမိတို့မိခင်ဘာသာစကားနှင့် စာပေကို အမြတ်တနိုး တန်ဖိုးထားထိန်းသိမ်း ကြရုံမျှမက အခြားနိုင်ငံများသို့ ပျံ့နှံ့ရေးကိုပါ ကြိုးစားနေကြောင်း မျက်မှောက်ကာလတွင် ထင်သာမြင်သာ တွေ့မြင် နေကြရသည်။

ထို့ကြောင့် ကိုယ်ပိုင်စာပေယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသော  မြန်မာနိုင်ငံသားများ အနေဖြင့် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဟု ဆိုအပ်သော  ကိုယ်ပိုင်မြန်မာစာကို အမြတ်တနိုး တန်ဖိုးထားကြရန် ဖြစ်ကြောင်း မြဝတီက ထပ်လောင်းတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။     

Read 73 times Last modified on Wednesday, 29 January 2020 08:22