Print this page

စိတ်ကျန်းမာရေးအတွက် လက်ဖက်ရည်တစ်ခွက်နှင့်ဂေါ်ဖီတစ်ရွက်

Wednesday, 05 February 2020 09:03 font size decrease font size decrease font size increase font size increase font size

အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုထားသည့် အားလျော်စွာ လူတို့နေ့စဉ် ပုံမှန်စားသောက်နေကြသော အစာအာဟာရ တို့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ စိတ်လန်းရွှင်ရေးတို့ကို အားပေးသော အာနိသင်များ ပါဝင်ကြသည်။

အမေရိကန်ပြည်ထောင်စု ချီကာဂိုတက္ကသိုလ်မှ သုတေသီများသည် သက်ကြီးရွယ်အို ၉ဝဝ ကျော်တို့ နေ့စဉ်ပုံမှန်စားသောက်ကြသည့် အစာအာဟာရများကို ၁၂ နှစ်ကြာမေးမြန်းစူးစမ်း လေ့လာကြသည်။ သက်ကြီးရွယ်အိုများသည် နို့ဆီ၊ သကြားမပါသော လက်ဖက်ရည်တစ်ခွက်နှင့် အဝါရောင်သန်းသော အသီးအရွက်များမှာ ဓာတုပစ္စည်းများ ပါဝင်သော်ငြား အခြားအာဟာရ ဓာတ်ပါဝင်သဖြင့် ပုံမှန်စားသုံးသူများအတွက် သတိမေ့ရောဂါဖြစ်ပွားမှုတစ်ဝက် လျော့နည်းစေပြီး သံလွင်ဆီ၊  သစ်တော်သီး၊ လိမ္မော်သီးနှင့် အစိမ်းရောင်ပန်းဂေါ်ဖီကို နေ့စဉ်ပုံမှန်စားသုံးသူတို့က မှတ်ဉာဏ်အားနည်းမှုကို လျော့နည်းသက်သာစေကြောင်း ထုတ်ဖော်ပြောကြား ကြသည်။ သုတေသနအဖွဲ့ ခေါင်းဆောင် ဒေါက်တာသောမတ်ဟော်လန်က ယခုလေ့လာ တွေ့ရှိချက်များကို အတည်ပြုနိုင်ရန် ဆက်လက်စူးစမ်းရဦးမည် ဆိုသော်ငြား အကြောင်းအကျိုးအားဖြင့် ခိုင်လုံပါသည်ဟုဆိုသည်။

အသီးအရွက် များများစားခြင်းနှင့်   လက်ဖက်ရည်များများ သောက်ခြင်းသည် လူတိုင်းအတွက် သတိမေ့ရောဂါနှင့် စိတ်မတည်ငြိမ်မှုတို့ မဖြစ်ပွားရန် တန်ဖိုးနည်းနည်းဖြင့် တားဆီးနိုင်သည့် အကျိုးကျေးဇူးရှိကြောင်း ကိုလည်း ထောက်ပြထားသည်။ ကမ္ဘာ့နိုင်ငံများ၌ တစ်နေ့တခြား တိုးပွားလျက်ရှိသော သက်ကြီးရွယ်အိုများအား စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးနိုင်ခြင်းသည် ပြည်သူ့ကျန်းမာရေးအတွက်များစွာ အကျိုးပြုနိုင်သည်။

အဝါရောင်သန်းသော အသီးအရွက်မျိုးဝင်များအား ပထမဦးဆုံးအကြိမ် စူးစမ်းလေ့လာစဉ်က အစိမ်းရင့်ရောင်ပန်းဂေါ်ဖီ၊ ရွက်လိပ်ဂေါ်ဖီနှင့် လက်ဖက်ရွက်တို့တွင် ပါဝင်သော ဓာတ်ပစ္စည်းများက သတိမေ့ရောဂါဖြစ်ပွားခြင်းကို  ၅၁ ရာခိုင်နှုန်းလျော့နည်း စေနိုင်ကြောင်း တွေ့ရသည်။ သံလွင်ဆီ၊ သစ်တော်သီးနှင့် ခရမ်းချဉ်သီးတို့တွင် ပါဝင်သော ဓာတ်ပစ္စည်းများက သတိမေ့ရောဂါဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်သကဲ့သို့ လက်ဖက်ရွက်၊ ရွက်လိပ်ဂေါ်ဖီ၊ လိမ္မော်သီးတို့တွင်ပါဝင်သော ဓာတ်ပစ္စည်းများကလည်း အလားတူလျှော့ချ ပေးနိုင်သည်ဟု ပျမ်းမျှအသက် ၈၁ နှစ်အရွယ်ရှိ သက်ကြီးရွယ်အို ၉၂၁ ဦးတို့အား မေးမြန်းလေ့လာခဲ့ကြောင်း  ဦးနှောက်နှင့်အာရုံကြော ပညာဂျာနယ်၌ ဖော်ပြထားသည်။ သုတေသီများသည် ရောဂါအခြေအနေကို စောင့်ကြည့်လေ့လာခဲ့သည့် ၁၂ နှစ်အတွင်း၌ နေ့စဉ် အသီးအရွက် ၁၃ ဒသမ ၃ မီလီဂရမ် ပုံမှန်စားသုံးပြီး သကြားမပါသော လက်ဖက်ရည် ပုံမှန်သောက်သူများက နေ့စဉ် ၅ ဒသမ ၃ မီလီဂရမ်သာ စားသုံးသူများထက် သတိမေ့ရောဂါ ဖြစ်ပွားနိုင်ခြေ ၄၈ ရာခိုင်နှုန်းနည်းပါးကြောင်း တွေ့ရသည်။

သုတေသီများသည် သတိမေ့ရောဂါ မဖြစ်ပွားမီ အစောပိုင်းတွင် ဖြစ်တတ်သော ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် သွေးတိုးရောဂါ ကဲ့သို့သော ရောဂါအခြေအနေများကို စမ်းသပ်ကြည့်ပြီး ပုံမှန်ဖြစ်အောင် ကုသပေးပြီးမှ ၄င်းတို့အား ဆက်လက်စောင့်ကြည့်လေ့လာကြရာမှ အဝါရောင်သန်းသော အသီးအရွက် မျိုးဝင်များအား နေ့စဉ်ပုံမှန်စားသုံးခြင်းသည် သတိမေ့ရောဂါကို အစပျိုးသော စိတ်ယိုယွင်းမှုကို လျှော့ချပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်ပြီး ခန္ဓာကိုယ်ဖောရောင်ခြင်းတို့ကို ဖြစ်စေတတ်သော အခြေအနေမှ ကာကွယ်နိုင်သည့် သတ္တိရှိသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်မှုကြောင့် ဦးနှောက်ဆဲလ်များကို မပျက်စီးအောင် ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိသည်။ ယူနိုက်တက်ကင်းဒမ်းနှင့် ဥရောပနိုင်ငံများရှိ လူလတ်ပိုင်းများ နေ့စဉ်စားသုံးသည့် အစာအာဟာရများ၌ အဝါရောင်သန်းသည့် မျိုးဝင်သီးနှံမှာ ၁၆ မီလီဂရမ်မှ ၂ဝ မီလီဂရမ်အထိ ပါဝင်ကြသည်။ မည်သို့ဆိုစေ အာဟာရဖြစ်ရုံသာ စားသုံးသင့်ပြီး တန်ဆေးလွန်ဘေးကိုကား သိရှိကြရန် လိုကြောင်းနှင့် အသီးအနှံများမှာ  အာဟာရဖြစ်စေသော ဓာတ်ပါဝင်သကဲ့သို့  အပင်က ထုတ်လုပ်သော ဓာတုပစ္စည်း ပါဝင်ကြောင်း သတိပေးထားကြသည်။

သက်ကြီးရွယ်အိုတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်စေရန် အစာအာဟာရဖြင့် ကုစားပေးနိုင်သကဲ့သို့ ငယ်စဉ်ကစ၍ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံရှိသူအများစုမှာ သက်ကြီးရွယ်အိုဘဝရောက်ချိန်တွင် စိတ်လန်းရွှင်သူ အများအပြား ရှိကြသည်။ ယူနိုက်တက်ကင်းဒမ်း တစ်နိုင်ငံတည်းမှာပင် သတိမေ့ရောဂါ ဖြစ်ပွားသူ ၅၂ဝဝဝဝ ကျော်ရှိကြသည့်အပြင် အလုပ်တွင်အချိန်ပိုဆင်းခြင်း၊ မှတ်ဉာဏ်စွမ်းရည် လျော့နည်းပြီး စိတ်ရှုပ်ထွေးဖွယ် များပြားခြင်းတို့ကြောင့် ရောဂါဖြစ်နိုင်ခြေပိုများလာကြခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်ရောက်လျှင်   ဗြိတိန်နိုင်ငံသား နှစ်သန်းခန့်  သတိမေ့ရောဂါ ဝေဒနာနှင့် အခြားဝေဒနာကြောင့် စိတ်ယိုယွင်းသော ဝေဒနာခံစားရဖွယ်ရှိကြောင်း သုတေသီများက ခန့်မှန်းထားကြသည်။

သတိမေ့ရောဂါသည် ၂၁ ရာစုအတွင်းအဖြစ် များလာပြီး လူအများအပြားကို ဒုက္ခပေးနေသည့်ရောဂါဖြစ်ပြီး ကုရာနတ္ထိ ဆေးမရှိသည့် အခြေအနေ ကြုံတွေ့နေရသဖြင့် ကြိုတင်ကာကွယ်ခြင်းသည်သာ အဓိကဆောင်ရွက်ဖွယ်ဖြစ်သည်ဟု ပညာရှင်များက တိုက်တွန်းထားကြလေရာ တန်ဖိုးနည်းနည်းဖြင့် တားဆီးနိုင်သောနို့ဆီ၊ သကြားမပါသည့် လက်ဖက်ရည် တစ်ခွက်၊  အစိမ်းရောင်ပန်းဂေါ်ဖီနှင့် ရွက်လိပ်ဂေါ်ဖီတို့ကို စားသုံးသင့်ကြောင်း မြဝတီက ထပ်ဆင့် ဖော်ပြလိုက်ရပါသည်။  

Read 78 times Last modified on Wednesday, 05 February 2020 09:20